နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား/သူ ၂၅၀၀၀ ခန့်အား ယနေ့လွတ်ပေးရာတွင် ညနေ ၆ နာရီအထိ နိုင်ငံရေးအကျဉ်းသား ၁၈ ဦးပါဝင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (AAPP) ထံကသိရသည်။
လွတ်မြောက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးသည် စစ်တွေထောင်၌ ပြစ်ဒဏ်ချမှတ်ခံ ထားရသည့် နေလင်း ဦး၊ မောင်ဖြူ(ခ)မောင်ဖြူချေ၊ မောင်ထွေးသန်း(ခ)အေးမောင်၊ စောရဲထွန်း(ခ)မောင်မောင်မြင့်၊ အောင်အောင်၊ နိုင်နိုင်၊ ကျောက်ဖြူထောင်မှ လှထွန်းကျော် ဆိုသူတို့နှင့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင် စီ-ကပ္ပလန်(NSCN-K)အဖွဲ့မှ ခေါင်းဆောင်ဟောင်း ၅ ဦးနှင့်တပ်ဖွဲ့ဝင် ၆ ဦးတို့ဖြစ်သည်။
AAPP မှ ဦးဘိုကြည် က “ကိုဗစ်ကို ကာကွယ်တဲ့အနေနဲ့ လူဦးရေလျော့ချတဲ့ပုံတော့ သက်ရောက်တယ်၊ လူဦးရေ လျော့ချတာကတော့ ကောင်းတယ်၊ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မလာဘူး၊ တခြားနိုင်ငံတွေမှာ ရာဇဝတ်မှုမဖြစ်တဲ့ကိစ္စတွေက မြန်မာနိုင်ငံမှာ ရာဇဝတ်မှု ဖြစ်နေပြီးတော့ လူငယ်တွေ ထောင်ထဲရောက်နေတာက တိုင်းပြည်အတွက် လုပ်အားအရမ်းဆုံးရှုံးပါတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံး ချွင်းချက်မရှိလွတ်ပေးသင့်ပါတယ်” ဟုပြောသည်။
လွတ်မြောက်ခဲ့သည့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) ခေါင်းဆောင်ဟောင်းများမှာ ဦးကျော်ဝမ်းစိန်၊ ဦးအန့်ကန်၊ ဦးအောင်မိုင်း၊ ဒုဗိုလ်မှူးကြီး အောင်စိုင်း၊ ဦးစောထိန်နှင့် တပ်ဖွဲ့ဝင်များဖြစ်သည့် ကျွားရန်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ်နှင့် တပ်သား လန်ကော်တို့ဖြစ်ကြောင်းလည်း နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု (ဗဟို) ထံက သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူများတွင် ယနေ့ညနေပိုင်းအထိ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်နှင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲဝင်များစသည့် လူသိများသည့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှုမရှိသေးကြောင်းလည်း AAPP ထံက သိရသည်။
AAPP ၏ စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၇၆ ဦးရှိရာတွင် ယနေ့ ၁၈ ဦးလွတ်မြောက်ခဲ့သည့်အတွက် အကျဉ်းထောင်များအတွင် ၅၈ ဦးကျန်ရှိမည်ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်နေရသူ ၁၂၆ ဦးနှင့် ပြင်ပမှ အမှုရင်ဆိုင်နေရသူ ၃၉၄ ဦးရှိကြောင်းလည်း သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင် ၅၀ နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်သင်စခန်းနဲ့ ကုန် ထုတ်စခန်း ၄၈ ခုတို့မှ စုစုပေါင်း အကျဉ်းသား/သူဦးရေ ၉၉၀၀၀ ကျော်ရှိသည့်အနက် လေးပုံတပုံဖြစ်သည့် ၂၅၀၀၀ ခန့်အား မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့) အထိမ်းအမှတ်အနေဖြင့် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခြင်းမရှိသည့် အကျဉ်းသား/ သူများကိုလည်း ပြစ်ဒဏ်များပြောင်းလဲ လျော့ပေါ့ ပေးခဲ့ပြီး သေဒဏ်ပြစ်ဒဏ်များအား ထောင်ဒဏ်တသက် (လွတ်ရက်မရှိ) သို့ လည်းကောင်း၊ နှစ်အကန့် အသတ် မရှိနှင့် ထောင်ဒဏ် တသက်ပြစ်ဒဏ်များအား ထောင်ဒဏ်နှစ် ၄၀ သို့လည်းကောင်း (ယခင်လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်အရ သေဒဏ်မှ ထောင်ဒဏ်တသက်သို့ ပြောင်လဲထားသူများမပါ)၊ ထောင်ဒဏ် နှစ် ၄၀ အထက်ကျခံရသူများအား နှစ် ၄၀ သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေရသူများအား ပြစ်ဒဏ်၏ လေးပုံတပုံအားလည်းကောင်း လျော့ပေါ့ပေးခဲ့သည်။