မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို စစ်တပ်က ဖြုတ်ချပြီး ၅ လ ကြာသော် လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို လျှော့ချပေးမည့် အထူး သံတမန် ၁ ဦးကို ခန့်အပ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။
အဓိက အခက်အခဲမှာ ASEAN အဖွဲ့အတွင်း ညီညွတ်မှု မရှိခြင်း ဖြစ်နေပုံရသည်။
အထူးသံတမန် ရွေးချယ်ရေးနှင့် ပတ်သက်ပြီး ASEAN နိုင်ငံများကြား သဘောထား ကွဲလွဲမှုသည် ၎င်းတို့ အာဏာကို ခိုင် မာအောင် အချိန်ဆွဲနေသည့် မြန်မာစစ်တပ်ကို ကူညီနေသည့်သဘော သက်ရောက်ရုံသာမက မြန်မာ ပြဿနာကို တက် တက်ကြွကြွ ဖြေရှင်းလိုသည့် အဖွဲ့ဝင်နိုင်ငံများကြား စိတ်ပျက်မှုကိုလည်း ဖြစ်စေသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသော ASEAN ခေါင်းဆောင်များသည် အင်ဒိုနီးရှားမြို့တော်၊ ဂျကာတာတွင် ကျင်းပသည့် ထိပ် သီး ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ၁ ဦး ခန့်အပ်ခြင်း အပါအဝင် ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့သည်။
အဆိုပါ အထူးသံတမန်သည် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ကြား ဆွေးနွေးရေးလုပ်ငန်းစဉ်ကို ကြားဝင်စေ့စပ်ပေးရန် ရည်ရွယ် မျှော်မှန်းထားကြသည်။
အထူးသံတမန် နေရာအတွက် အမည်စာရင်း တင်သွင်းထားသူ ၃ ဦး ရှိပြီး ၎င်းတို့မှာ ထိုင်း ဒုတိယနိုင်ငံခြားရေး ဝန် ကြီးဟောင်း ဝါရင့်သံတမန် ဗီရာဆက်ဒီ ဖုထရာကူး၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟက်ဆန်ဝီရာဂျူဒါနှင့် မြန် မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ၂၀၀၀ ပြည့်နှစ်များက မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ဆောင်ရွက်ခဲ့သူ မလေးရှား နိုင်ငံသား ရာဇလီ အစ္စမေးလ်တို့ ဖြစ်ကြောင်း ASEAN သတင်းရင်းမြစ်များက ပြောသည်။
ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က ၎င်းတို့နိုင်ငံမှ လူကိုသာ အထူးသံတမန် ဖြစ်စေလိုကြပြီး အထူးသဖြင့် အင်ဒိုနီးရှား သည် ၎င်းတို့အမည်စာရင်း တင်သွင်းသူသာလျှင် အထူးသံတမန် ဖြစ်သင့်သည်ဟု အခိုင်အမာ တောင်းဆိုနေသောကြောင့် ASEAN အထူးသံတမန် ခန့်အပ်ရေးမှာ နှောင့်နှေးနေကြောင်းနှင့် အင်ဒိုနီးရှားကို အပြစ်တင်ကြသည်ဟု ASEAN သတင်း ရင်းမြစ်တခုက ဆိုသည်။
အမည်မဖော်လိုသော အဆိုပါ သတင်းရင်းမြစ်က “ဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ နောက်ထပ် ဆွေးနွေးရဦးမယ်” ဟု ပြောသည်။
အဖွဲ့ဝင် နိုင်ငံအချို့၏ ဆွေးနွေးညှိနှိုင်းမှုများနှင့် အလျှော့အပေး ရပ်တည်ချက်များအကြား မြန်မာစစ်ကောင်စီသည် ထို အထူးသံတမန် ပြဿနာနှင့် ပတ်သက်ပြီး တစုံတရာ ဆောင်ရွက်ရန် ဖိအားမခံစားရပေ။
ဘရူနိုင်း၏ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ပီဟင် ယူဆွတ်သည် ဇွန်လက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာ ဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အထူးသံတမန် အမည်စာရင်းကို တင်သွင်းပြီး ၁ လ အကြာမှ စတင်ပြီး မြန်မာစစ်ကောင်စီသည် ၎င်းတို့၏ ရွေးချယ်မှုနှင့် ပတ်သက်၍ တရားဝင်စာဖြင့် အကြောင်းပြန်ခြင်း မရှိပေ။
အင်ဒိုနီးရှားက ဟက်ဆန်သည် အထူးသံတမန် အနေဖြင့် အဖြေရှာရန် အကောင်းဆုံးလုပ်နိုင်မည်ဟု ယုံကြည်ပြီး လုပ်ငန်း စဉ် စတင်လိုသည်ဟုလည်း ASEAN သတင်းရင်းမြစ် နောက်ထပ်တဦးက ပြောသည်။
သို့သော် စစ်ကောင်စီ အနေဖြင့် ထိုင်းနိုင်ငံက တင်သွင်းသည့် အထူးသံတမန်ကို ပိုမို လိုလားနေပုံရသည်ဟု ဆိုသည်။
စစ်ကောင်စီသည် အင်ဒိုနီးရှားပုံစံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စိတ်ဝင်စားခြင်းမရှိဘဲ စစ်တပ်က နိုင်ငံရေးနှင့် မူဝါဒ သြဇာကို ချုပ်ကိုင်ထားသည့် ထိုင်းပုံစံကို ပိုမိုလိုလားသောကြောင့် ဖြစ်သည်ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြော သည်။
ASEAN အဖွဲ့ဝင်များကြား မြန်မာကိစ္စနှင့် ပတ်သက်ပြီး ညီညွတ်မှု မရှိခြင်းကို ဧပြီလက ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ် တက်ရောက်မှု မရှိခြင်းကပင် အထင်အရှား ပြသနေပြီး ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို ကာလကြာမြင့်စွာ ဆုပ်ကိုင်ထားသောကြောင့် ယင်း ထိပ်သီးဆွေးနွေးပွဲသည် ASEAN အတွက် ထူးခြားသော အစည်းအဝေး ဖြစ်သည်ဟု သတ်မှတ်နိုင်သော်လည်း မြန်မာ စစ်ကောင်စီနှင့် ပတ်သက်ပြီး ပြင်းထန်သော ရပ်တည်ချက် ချမှတ်ရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း အင်ဒိုနီးရှား နိုင်ငံ Gadjah Mada တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးပါရဂူ မူဟာဒီ ဆူဂျီယိုနိုက ပြောသည်။
၎င်းက “ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး ထိုင်းစစ်တပ် အာဏာရလာတာကို လူတိုင်း အသိပဲ။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ရပ်တည်ချက်ချဖို့ဆိုတာ ASEAN အတွက် ကြီးမားတဲ့ ပြဿနာ ပဲ” ဟု ဆိုသည်။
မလေးရှား နိုင်ငံသည်လည်း အထူးသံတမန် ရာထူးတွင် ၎င်းတို့လူကို ခန့်အပ်ရေးအတွက် စိတ်ဝင်စားသော်လည်း အင်ဒိုနီး ရှား နိုင်ငံလောက် အပြင်းအထန် တွန်းအားပေးခြင်း မရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိ အချိန်ထိ စင်္ကာပူက အမည်စာရင်း တင်သွင်းခြင်း မရှိသေးပေ။
တချိန်တည်းတွင် လက်ရှိ ASEAN ဥက္ကဋ္ဌ ဖြစ်သော ဘရူနိုင်း နိုင်ငံက အထူးသံတမန် ၁ ဦးတည်းအစား ၃ ဦးကို မြန်မာ စစ်ကောင်စီက ရွေးချယ်စေပြီး အပေးအယူလုပ်ရန် ကြိုးစားနေသည်။
သို့သော် ASEAN က မြန်မာစစ်ကောင်စီကို အထူးသံတမန် အရေအတွက် ပြောပြီးနောက် အထူးသံတမန် ကိစ္စနှင့်ပတ် သက်ပြီး ASEAN နှင့် မြန်မာအကြား နောက်ဆုံး သဘောတူညီချက် မရသေးကြောင်း ကိုယ့်လူကိုယ်သာ ခန့်လိုသည့် ၃ နိုင်ငံအနက် နိုင်ငံတခုမှ အရာရှိတဦးက ပြောသည်။
၎င်းက “ခုအချိန်ထိ ဘာတုန့်ပြန်မှုမှ မရှိသေးဘူး” ဟု ဆိုသည်။
အထူးသံတမန် ပြဿနာသည် အဆိုပြုသော နိုင်ငံများ၏ ပြည်တွင်းရေးနှင့် သေနင်္ဂဗျူဟာ အစီအစဉ်များနှင့်လည်း ပတ် သက်နေပုံရပြီး အဆိုပါ နိုင်ငံများ၏ ရည်မှန်းချက်မှာ မြန်မာအကျပ်အတည်း ဖြေရှင်းရေးမျှသာ မကကြောင်း ASEAN သတင်းရင်းမြစ် တဦးက ပြောဆိုသည်။
အင်ဒိုနီးရှားသည် သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် အခြားခေါင်းဆောင်များ၏ သြဇာအာဏာနှင့် အသုံးဝင်မှုကို ပြသရန် မြန်မာနိုင်ငံ တည်ငြိမ်ရေးတွင် အခန်းကဏ္ဍတခုမှ ပါဝင်လိုပြီး ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေး၊ မြန်မာနှင့် အပြန်အလှန် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်လိုကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
အခြားတဖက်တွင်လည်း မလေးရှားသည် မလေးရှားရှိ ရိုဟင်ဂျာ၊ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ပတ်သက် သည့် ပြဿနာများကဲ့သို့ ၎င်းတို့ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို အင်ဒိုနီးရှားနှင့် ထိုင်းတို့က မလေးစားဘဲ ၎င်းတို့ကို စိတ်တိုင်းကျ လုပ်ခွင့်မပေးသင့်ဟု ယူဆနေသည်။
အထူးသံတမန်၏ အခန်းကဏ္ဍမှာ မြန်မာပြည်သူများ၏ အသံကို နားထောင်ပြီး ASEAN က ကြီးကြပ်သည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြားဖြတ်အစိုးရ ထူထောင်ရေး အဆိုပြုရန်ဖြစ်ကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ နိုင်ငံတကာ ဥပဒေ ပါမောက္ခ ဟစ်မာဟန်တို ဂျူဝါနာက ပြောသည်။
၎င်းက “ASEAN အနေနဲ့ မြန်မာကို တွန်းအားပေးဖို့ အခြားနိုင်ငံတွေနဲ့လည်း ဆက်သွယ်ရမယ်။ အထူးသဖြင့် မြန်မာ က အရမ်းမှီခိုတဲ့ တရုတ်ပေါ့” ဟု ပြောသည်။
မြန်မာ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းထက် တရုတ်သည် ASEAN က မြန်မာနှင့်ပတ်သက်ပြီး လုပ်ဆောင်မှု များကို ထောက်ခံကြောင်း ပြရမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
(Christine T. Tjandraningsih ပူးပေါင်းရေးသားသည်။)
KYODO NEWS တွင် ဖော်ပြထားသော ASEAN deadlocked in selection of special envoy to Myanmar သတင်းကို ဘာသာပြန်ဖော်ပြခြင်းဖြစ်သည်။
You may also like these stories:
ကိုဗစ်ပိုးတွေ့သူနှုန်း မြင့်လာ၊ တရက်အတွင်း ၅၂ ဦး အထိ သေဆုံးမှုရှိ
ကိုဗစ်ပိုး ထိန်းချုပ်မှု ကလေးမြို့ခံများ ကိုယ်အားကိုယ်ကိုးကြရ
စစ်တပ်မိသားစုများပင် ကိုဗစ်-၁၉ ကုသရေး မရေရာ