မန္တလေးမြို့တွင် တရုတ်နိုင်ငံသား ကျောက်ကုန်သည်များ အပါအဝင် မြန်မာကျောက်ကုန်သည်၊ ပွဲစား ၃၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီးနောက် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သူများအား စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ် နေကြောင်း သိရသည်။
ထို့ကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့များမှ ကျောက်ဖြတ်၊ ကျောက်သွေးခုံများ၊ အရောင်းအဝယ်များ အားလုံး လုပ်ငန်းရပ်နား ထားကြရသည်ဟု ကျောက်သမားများက ပြောသည်။
စစ်ကိုင်းမြို့ခံ ကျောက်လက်ကောက်ရောင်းဝယ်သူ တဦးက “မန္တလေးမှာဖမ်းပြီး နောက်ရက် ဘော်ဂါဝိုင်းကိုပါ ဝင်ဖမ်းလို့ ဝိုင်းမဆင်းကြတော့ဘူး။ လူတွေတော့ အဖမ်းမခံလိုက်ရပေ မယ့် လန့်သွားကြတော့ မဆင်းရဲကြတော့ဘူး။ လက်ရှိအခြေအနေက တရားဝင်ဝိုင်းတွေဘာတွေ ပြောနေလို့ မရတော့ဘူး။ အခုဖမ်းနေတာက ကျောက်မျက်ဥပဒေနဲ့ ဖမ်းနေတာ။ ဘော်ဂါဝိုင်းမှာက တန်ဖိုးကြီးကျောက်ထက် တန်ဖိုးနည်း ပုတီးတွေ ရောင်းတာများတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် ကျောက်စိမ်း အရောင်းအဝယ် လုပ်ငန်းများအတွက် မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားတွင် မဟာအောင်မြေ ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ဖွင့် လှစ်ပေးထားသလို စစ်ကိုင်းမြို့တွင်လည်း ဘော်ဂါရပ်ကွက်၌ ဘော်ဂါကျောက်စိမ်းပုတီး၊ လက်ကောက်ဝိုင်းကို ဖွင့်လှစ်ပေး ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် စစ်ကောင်စီက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်များ အတွင်းရှိ ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်း (WeChat) မှတဆင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်သည့် နေရာနှစ်ခုကို ဝင်ရောက် စီးနင်းပြီး အရောင်းအဝယ် ပြုလုပ်သူ ၃၆၀ ကျော် ဖမ်းဆီးခဲ့သည်။
ထို့ပြင် ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကိုင်မြို့၊ ဘော်ဂါရပ်ရှိ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းကို စစ်ကောင်စီက ဝင်ရောက် စီနင်းခြင်း ပြုလုပ်ခဲ့ကြောင်း ကျောက်သမားများထံမှ သိရသည်။
အဆိုပါ ဘော်ဂါကျောက်စိမ်းပုတီးဝိုင်းသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက အခြေတည်လာခြင်း ဖြစ်ကာ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အသိအမှတ်ပြု တရားဝင် ရောင်းဝယ်ဖောက်ကားသည့် နေရာ ဖြစ်ခဲ့သည်။
စစ်ကိုင်းမြို့ခံ ကျောက်စိမ်းပုတီးသွေးလုပ်ငန်းလုပ်ကိုင် သူတဦးက “အဖမ်းခံရမှာ ကြောက်လို့ မသွားတော့တာ။ ကျနော်တို့ ဘော်ဂါမှာက ပုတီးက အဓိကဆိုတော့ ကျောက်သွေးသမားတွေ အများဆုံး လာကြတာ။ ဘယ်က လုပ်ငန်းလိုင်စင်ဆိုတာ ရှိမလဲဗျာ။ ပုတီးတလုံး အလွန်ဆုံးရမှ ၂၀၀ ဆိုတာ အများဆုံးပဲ။ ဒါကို ဖမ်းတယ်ဆိုတော့ ဘယ်လို နားလည်ရမလဲ မသိတော့ဘူး” ဟု ပြောသည်။
စစ်ကိုင်းမြို့တွင်လည်း ကျောက်လုပ်ငန်း လုပ်ကိုင်သူများအား ဖမ်းဆီးခြင်း၊ ဝင်ရောက်ရှာဖွေကာ ပစ္စည်းများ သိမ်းယူခြင်း ပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၈ ရက်က စစ်ကိုင်းမြို့နယ်၊ ဒေါင်းမအုပ်စု သပြူးရွာမှ ကျောက်စိမ်းပုတီး အရောင်းအဝယ် ပြု လုပ်သည့် အသက် ၆၀ ကျော်အရွယ် ညီအစ်ကို ၂ ဦးကို နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးပြီး ကျပ်သိန်း ၂၀၀ ကျော် တန် ဖိုးရှိ ကျောက်စိမ်းပုတီး အချောများကို သိမ်းဆည်းခဲ့သည်။
စစ်ကိုင်းမြို့မှ ပွဲစားတဦးက “မရှက်တမ်း ပြောရမယ်ဆိုရင် နေ့စဉ်စားဖို့အတွက် အခက်အခဲရှိနေလို့ ဘော်ဂါဝိုင်းမှာ ပွဲစားသွားလုပ်တာ။ ကျောက်လော ကမှာက ကုန်သည်ထက် ပွဲစားလုပ်တဲ့သူက ပိုများတယ်။ သူတို့ ပြောသလို လုပ်ငန်းလိုင်စင်ရှိမှ လုပ်စားရမယ်ဆိုရင် ပွဲ စားတွေ ငတ်သေကုန်မှာပေါ့။ လက်ရှိမှာ နိုင်ငံရေးက အခြေအနေ မကောင်းတော့ အဆင်ပြေသလို လုပ်စားနေကြရတာ လေ။ ဒါကို လက်နက်ကိုင်ပြီးတော့ ယုတ်မာပြီး ပြည်သူတွေဆီကနေ သက်သက်မဲ့ ငွေညှစ်နေသလို ဖြစ်နေတယ်” ဟု ပြောသည်။
စစ်ကိုင်းမြို့ ကြွယ်လူးကျေးရွာအုပ်စု၊ ခြံကုန်းကျေးရွာရှိ နေအိမ်တအိမ်မှ ပုတီးကျောက် ၈ သိန်းဖိုးခန့်၊ ငွေသားများနှင့် ဆိုင် ကယ် ၃ စီး အပါအဝင် ကျောက်လုပ်ငန်း ဆက်စပ်ပစ္စည်းများကို သိမ်းယူခဲ့သလို ဆင်မြေကျေးရွာ နေအိမ်တအိမ်မှ သွေး လက်စ ကျောက်စိမ်းလက်ကောက်၊ ပုတီးများနှင့် ဆက်စပ်ပစ္စည်းများကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သိမ်းယူသွား ကြသည်ဟု ဒေသခံများက ဆိုသည်။
ထို့အတူ မန္တလေးမြို့တွင်လည်း ဒီဇင်ဘာ ၂၀ ရက် နောက်ပိုင်းမှစတင်၍ မန္တလေးကျောက်ဝိုင်းအနီးတဝိုက်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကား၊ အချုပ်ကားများဖြင့် ပတ်ကင်း လှည့်လည်နေသလို လိုင်စင်ရ ကျောက်မျက် လုပ်ငန်းများကို လည်း ဝင်ရောက် စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်လျက် ရှိသည်။
“ကျောက်သမားတွေဘဝက လုပ်ရကိုင်ရတာ နောက်ကျောမလုံ ဖြစ်နေတာ အတော်ကြာပြီ။ အခုလို ဖြစ်တော့ ပိုဆိုးမယ့် အခြေအနေဘက်ကို ရောက်သွားပြီ။
ဝိုင်းထဲကို ဘယ်သူမှ မသွားရဲကြဘူး။ နှစ်ဖက်ကြောက် ကြောက်နေရတဲ့ အခြေအနေ ဆိုတော့ အဆင်ပြေသလို လုပ်နေကြရတာပဲ။ ဝိုင်းထဲဝင်ရင် မထင်ရင်မထင်သလို စစ်တာမေးတာတွေအပြင် နာမည်စာ ရင်းကအစ အကုန်လုံး ပေးကြရတော့ ဝိုင်းပြင်ပမှာပဲ အဆင်ပြေသလို လုပ်နေကြရတာပဲ” ဟု ချမ်းမြသာစည်မြို့နယ် အတွင်းမှ ကျောက်ကုန်သည်တဦးက ပြောသည်။
မန္တလေးမြို့ရှိ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းမှ စတင်၍ ပိတ်ထားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီ ခန့် လက်ရှိ မြို့တော်ဝန် ဦးကျော်ဆန်း ဦးဆောင်သည့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ဖွင့်လှစ်ပေးခဲ့သော်လည်း ကျောက်သမားအများစုသည် ကိုဗစ်ကာလ ကျောက်ဝိုင်းပိတ်ထားစဉ်ကအတိုင်း ကျောက် ဝိုင်းအပြင်ဘက်ရှိ လမ်းမများပေါ်နှင့် ကျောက်မျက်ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ လုပ်ကိုင်နေကြရာမှ ပြီးခဲ့သည့်ရက်ပိုင်းက လူ ၃၆၀ ကျော် ဖမ်းဆီးခံရသည့် ဖြစ်စဉ်ကြောင့် လက်ရှိတွင် လုပ်ငန်းများ ရပ်နားထားကြကြောင်း သိရသည်။
အဆိုပါ ကျောက်ဝိုင်းပြင်ပ၌ အွန်လိုင်း (WeChat) ဖြင့် ကျောက်စိမ်း အရောင်းအဝယ် ပြုလုပ်မှုကြောင့် ဖမ်းဆီးခံရသူ ၃၆၀ ဦးကျော်ကို မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ပုဒ်မ ၅၁(က)၊ ၅၄ နှင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေ ပုဒ်မ ၁၃ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။