ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ နေရာတခုပါ။ လည်ပတ်စရာ နေရာစုံလင်ပြီး ဈေးသက်သာတာကြောင့် ခရီးသွားတွေ အမြဲလိုလို လာရောက်လည်ပတ်လေ့ ရှိပါတယ်။ သို့သော်လည်း အချို့သော စည်းမစောင့်တဲ့ ခရီးသွားတွေကို အပြစ်ဒဏ်ပေးဖို့ ထိုင်းနိုင်ငံက ဆုံးဖြတ်လိုက်ပုံပါပဲ။
ဖြစ်စဉ်က နိုင်ငံခြားသားခရီးသွား ၂ယောက်ဟာ ချင်းမိုင်မြို့က ရှေးဟောင်းနံရံပေါ်မှာ စပရေးတွေနဲ့ ပုံတွေရေးခြစ်ခဲ့တဲ့ လက်ဆော့မှုအတွက် အရေးယူခံထားရတာ ဖြစ်ပါတယ်။ တာဝန်ရှိရဲကတော့ ဒီလို ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးမှုအတွက် ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်ခြေရှိတယ်လို့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ Briton Furlong Lee နဲ့ ကနေဒါလူမျိုး Brittney Schneider တို့ကို သူတို့ တည်းခိုရာအဆောင်မှာ ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပြည်နယ် တရားရုံးမှာ အမှုစစ်ခဲ့တာလို့ တာဝန်ရှိရဲက ဆိုပါတယ်။
CCTV က ဗီဒီယိုဖိုင်အရ သူတို့နှစ်ဦးဟာ ရှေးဟောင်းမြို့ကိုသွားတဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့Tha Phe Gate အနီးက အနီရောင်နံရံပေါ်မှာ စပရေးနဲ့ ပုံတွေ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်ပြီး ခရီးသွားတွေအနေနဲ့ နေရာတခုကို သွားလည်တဲ့အခါ graffiti မျိုးတွေ ချန်မထားသင့်တာ သိရမှာဖြစ်တယ်လို့ ုထိုင်းရဲအရာရှိ Anon Cherdchutrakulthong က ဆိုပါတယ်။
သတင်းထောက်တွေကတော့ Schneider နဲ့ကော Lee နဲ့ပါ တွေ့ခွင့် မရခဲ့သလို သူတို့ဆီက အဖြစ်မှန်ကို မေးမြန်းခွင့် မရခဲ့ပါဘူး။ ပြစ်မှုကျူးလွန်သူနှစ်ယောက်အတွက် ရှေ့နေ မရသေးသလို ဒီငယ်ရွယ်တဲ့ အတွဲဟာ အရက်သေစာ သောက်စားထားတာ တွေ့ရှိရတယ်လို့ ရဲအရာရှိက ဆိုပါတယ်။
နံရံပေါ်မှာရေးသားထားတဲ့ Scouser Lee ဆိုတဲ့စာဟာ လီဗာပူူးမြို့က မြို့အမည်တစ်ခုကို ရည်ညွှန်းထားပုံရတယ်လို့ ထင်ရပါတယ်။ ထိုင်းရဲတွေကတော့ Lee ရဲ့ နေရပ်ဇာတိနဲ့ ပတ်သက်ပြီး ဘာမှတ်ချက် တစုံတရာမှ မပေးထားပါဘူး။ ဒီစုံတွဲဟာ ထောင် ၁၀ နှစ် (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၁သန်း ပေးဆောင်ရမှာဖြစ်သလို ထောင်ဒဏ်ကော ငွေဒဏ်ပါ ကျနိုင်ခြေရှိတယ်လို့ ရဲအရာရှိက ဆိုပါတယ်။
ဒါကြောင့် ခရီးသွားတွေအနေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့နေရာကို သွားရောက်လည်ပတ်တော့မယ်ဆိုရင် ဒီလိုလက်ဆော့တဲ့ အပြုအမူမျိုးကို ရှောင်ရှားသင့်ပါတယ်။ ကိုယ့်ကြောင့် အနှစ်နှစ် အလလက ထိန်းသိမ်းလာတဲ့အရာ ပျက်ဆီးသွားတာမျိုးကိုတော့ ဘယ်အိမ်ရှင်ကမှ ကြိုက်မယ်မထင်ပါဘူး။
Thai PBS World တွင် ရေးသားထားသော Two tourists held for spray-painting Chiang Mai city wall face stiff jail term သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။