ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ အလယ်အလတ်ဝါဒီတဦး ဖြစ်တဲ့ အီမန်နျူရယ် မက်ခရွန်းက လက်ယာယိမ်း အမျိုးသားရေးပါတီခေါင်းဆောင် မယ်ရီလီပန်းကို မဲအပြတ်နဲ့ အနိုင်ရရှိကာ ၂၅ ဦးမြောက် ပြင်သစ်သမ္မတ ဖြစ်လာခဲ့ပါပြီ။
မဲပေးမှုမှာတော့ မက်ခရွန်းက ၆၅ ရာခိုင်နှုန်း၊ မယ်ရီလီပန်းက ၃၅ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။
ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြင်သစ်နိုင်ငံရေးလောကမှာ လွှမ်းမိုးထားတဲ့ ဆိုရှယ်လစ်နဲ့ ကွန်ဆာဗေးတစ် မဟုတ်တဲ့ သမ္မတသစ်တဦးကို ပထမဆုံး ရွေးကောက်လိုက်နိုင်ခြင်းဖြစ်ပါတယ်။
အသက် ၃၉နှစ်အရွယ်ရှိ အီမန်နျူရယ် မက်ခရွန်းဟာ စီးပွားရေး ကျွမ်းကျင်တဲ့ ဘဏ်လုပ်ငန်းရှင် တဦးဖြစ်ပြီး၊ သူရဲ့ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်းမှာ ဥရောပသမဂ္ဂနဲ့ ပြင်သစ်တို့ အကြား ဆက်ဆံရေးကို ပိုမိုကောင်းမွန် အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုလိုက်သလို၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ရာသီဥတု ပြုပြင်ပြောင်း လဲရေးကိုလုပ်ဆောင်မယ်လို့လည်း ဆိုလိုက်ပါတယ်။
ဒါအပြင် သူ့ကို မဲပေးခဲ့သူတွေကိုုလည်း သူတို့ရဲ့ ယုံကြည်မှုကိုလည်း ကျေးဇူးတင်ကြောင်း၊ ပြင်သစ်စီးပွားရေး အားကောင်းအောင် ပိုမိုလုပ်ဆောင်မှာဖြစ်သလို၊ ဒီမိုကရေအရေးနဲ့ လုံခြုံရေးအပိုင်းမှာလည်း လုပ်ဆောင်သွား မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မက်ခရွန်း ရွေးကောက်ခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၊ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာ မေ၊ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau တို့ကလည်း ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။