သတင်းတို

အမေရိကန်၌ အသက် ၁၅နှစ်အရွယ် မြန်မာလူငယ်တဦး အသတ်ခံရ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ ကန်းဆက်မြို့မှာ နေထိုင်တဲ့ ၁၅နှစ်သားအရွယ် ဒီဇင်ဘာထူးဆိုသူ မြန်မာလူငယ် တဦး အသတ်ရခံရ တယ်လို့ The Kansas City Star သတင်းကဆိုပါတယ်။

သေဆုံးသူ ဒီဇင်ဘာထူးဟာ မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ ကန်းဆက်မြို့ကို ရောက်ရှိလာခြင်း ဖြစ်ပြီး မိသားစုကို ထောက်ပံ့ဖို့ မေပယ်ဟေး ပင်းမင်းဆိုင်မှာ အချိန်ပိုင်း အလုပ်ဆင်းနေစဉ် ပြီးခဲ့တဲ့ သောကြာနေ့ညက ပစ်သတ် ခံရခြင်း ဖြစ်ပြီး၊ သူ့ရဲ့ အလောင်းကိုတော့ စနေနေ့ နံနက်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သူဟာ ဂျေစီဟာမွန် အထက်တန်းကျောင်းမှာ ပညာသင်ကြားနေပြီး၊ ကိုယ်ခံပညာကစားတာကို ဝါသနာပါသလို သံစုံ တီးဝိုင်းအဖွဲ့မှာလည်း ပါဝင်လေ့ကျင်နေသူဖြစ်ကြောင်း၊ အမေရိက ရောက်ကာစမှာ အင်္ဂလိပ်စကားပြောကို အနိုင်နိုင် ပြောရကာ ရှက်ရွံတတ်သူ ကလေးတဦး ဖြစ်ပေမယ့် အင်မတန်မှ ဖော်ရွေသူ ဖြစ်တယ်လို့ အတန်းဖော်တွေနဲ့ ဆရာက ပြောပါတယ်။

ဆရာဖြစ်သူ ဇက်ဒေးဗီးက “ဒီလိုအလားအလာကောင်းတဲ့ ကလေးတယောက်ကို တစုံတဦးက ကျနော်တို့နဲ့ သူ့ မိသားစုရော သူငယ်ချင်းတွေဆီကပါ ဆွဲခေါ်သွားတာပါ” လို့ ကန်းဆက်စီးတီးစတား သတင်းစာကို ပြောပါတယ်။

သေဆုံးသူ ဒီဇင်ဘာထူးဟာ နပန်းသတ်တာကို နှစ်ခြိုက်ပြီး အတိုက်အခိုက်ကောင်းတဲ့ ကိုယ်ခံပညာရှင် တဦးဖြစ်ဖို့ မျှော်မှန်းထားတယ်လို့လည်း ညီဖြစ်သူ ၁၄နှစ်အရွယ်ရှိတဲ့ ကျော်ဝက သတင်းသမားတွေကိုပြောပါတယ်။

“ကျနော်အစ်ကိုက လူတော်တယောက်ပါ၊ ရန်သူမရှိပါဘူး၊ သူငယ်ချင်းကောင်းတွေပဲ ရှိတာ၊ လူချစ်လူခင်ပေါတဲ့သူပါ” လို့ ဆိုပါတယ်။

ဒီဇင်ဘာထူးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး လတ်တလော ရဲက လူသတ်မှု ကျူးလွန်သူ နောက်ကို ခြေရာမခံနိုင်သေးသလို ၊ အသတ်ခံရတဲ့ နေရာဖြစ်တဲ့ ပင်းမင်းဆိုင်မှာလည်း CCTV မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး အများပြည်သူထံမှ အကူအညီရမယ်လို့ ရဲက မျှော်လင့်ပါတယ်။

သူ့ရဲ့သူငယ်ချင်းတွေကတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် “ကောင်းရာသုဂတိလားပါစေ့ ဒီဇင်ဘာရေ” လို့ လက်မှတ်ထားတဲ့ ပူဖောင်းတွေ၊ ဖယောင်းတိုင်တွေကို သူသေဆုံးရာ ပင်မင်းဆိုင်တဝိုက်မှာ လာရောက်ချထားကြသလို ဈာပန ကုန်ကျစရိတ်အတွက် Go Fund Me ဆိုတဲ့ ရံပုံငွေတရပ် ထူထောင်ထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading