မန္တလေးတွင် မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် အဆိုတော် ရသ (ရဲမင်းသိန်း) အပါအဝင် ၃ဦးကို နိုဝင်ဘာလ ၁၉ ရက်နေ့က မန္တလေးခရိုင် တရားရုံးတွင် စွဲချက်တင်သည့် အမိန့် ချမှတ်ခဲ့သည်။
“တရားလိုနဲ့ လိုပြသက်သေတွေ အကုန်စစ်ပြီးသွားတဲ့ အချိန်မှာ စွဲချက်တင် အမိန့်ချခဲ့တာပါ၊ ၁၉(က)နဲ့ သုံးယောက်စလုံး ကို စွဲချက်တင်ပြီး စစ်ဆေးသွားမှာပါ၊ တရားခံဘက်က သက်သေ တင်ပြလာတဲ့ အပေါ်မှာ ဆက်စစ်သွားရမယ်”ဟု မန္တ္တလေး ခရိုင် တရားရုံး သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းဝင်းက ပြောသည်။
အဆိုတော်ရသ အပါ ၃ဦးကို ရဲအုပ် လင်းထွန်းက တရားလိုလုပ် စွဲဆိုခြင်းကို မန္တလေးခရိုင် တရားရုံးက လက်ခံစစ်ဆေး ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ (က)/၂၁ ဖြင့် တရားရုံး စွဲတင်ခဲ့သော်လည်း ပုဒ်မ ၁၉ (က) ဖြင့် စွဲချက်တင်၍ စစ်ဆေးသွား မည်ဟုလည်း ဆိုသည်။
ပုဒ်မ ၁၉ (က) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။
မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း ၄၉ လမ်းနှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်” ဧည့်ရိပ်မွန်တွင် အဆိုတော်ရသသည် မူးယစ်ဆေးဝါးများနှင့် အတူ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူးယစ် ရဲတပ်ဖွဲ့မှ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲမင်းသိန်း (ခ) ရသ (၃၅)နှစ်၊ မျိုးတင့် (၂၆နှစ်)နှင့် ခေမီ(ခ) ဗျာတာမီး (၂၀နှစ်) တို့ကို မူးယစ်ဆေးပြား ၁၆၅၅ ပြား၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ခရိုင်တရားရုံး၌ အမှုကို စွဲတင်ခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် အဆိုတော်ရသ အပါအဝင် ၃ဦးကို နိုဝင်ဘာ၂၆ ရက်နေ့တွင် ရုံးချိန်း ထပ်မံ ချိန်းဆို ခဲ့ကြောင်း သိရသည်။