မန္တလေးမြို့ တရုတ်နှစ်ကူးပွဲတော်ကို တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူး၍ မြို့ခံ တရုတ်အသင်း အဖွဲ့များနှင့် စုပေါင်းကာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေး၌ ၂၀၁၈ ခုနှစ်မှ စ၍ တရုတ်နှစ်ကူး ပွဲတော်များတွင် မြို့ခံ တရုတ် အသင်း အဖွဲ့များ စုပေါင်း ၍ အခြား လူမျိုးများအား ရိုးရာ အစားအသောက်များ စတုဒီသာများ ကျွေးမွေးခြင်း၊ ယဉ်ကျေးမှု အကများနှင့် ဖျော်ဖြေ ခြင်း အပါအဝင် ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်လာကြခြင်း ဖြစ်သည်။
ကွမ်းတုံ ဗုဒ္ဓ ဘာသာ ဘုရားကျောင်း ဂေါပက အဖွဲ့ ဒု ဥက္ကဌ ဦးမင်းမင်းဦးက “အရင်တုန်းကတော့ အခုလိုလည်း အသင်း အဖွဲ့တွေ မချိတ်ဆက်မိတာရယ်၊ ကျနော်တို့ ပြည်သူတွေ ပျော်ရဖို့ ရည်ရွယ်ပြီး လုပ်ဖြစ်သွားတာပါ။ တရုတ် ကောင်စစ် ဝန်ချုပ်ကလည်း ဒီလိုမျိုး လုပ်ကြဖို့ တိုက်တွန်းတာ ရည်ရွယ် ချက်လည်း ကောင်းတဲ့ အတွက် အသင်းအဖွဲ့ အားလုံး ပေါင်းပြီး လုပ်လိုက်ကြတာပါ” ဟု ဧရာဝတီကို ပြောသည်။
မန္တလေးမြို့တွင် ယခင်က တရုတ် နှစ်သစ်ကူး ပွဲတော် ကာလများတွင် မြို့ခံ တရုတ် လူမျိုးများက ဘုံကျောင်းများ၊ ၎င်းတို့ အစုအဖွဲ့ အတွင်းသာ ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများ ပြုလုပ်ကြသော်လည်း ၂၀၁၈ ခုနှစ်မှ စတင်၍ တရုတ် လူမျိုးများက မြို့ခံများကို အား စတုဒီသာ ကျွေးမွေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၉ ခုနှစ် တရုတ် နှစ်သစ်ကူး အကြို အထိမ်းအမှတ် အဖြစ် ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက မင်္ဂလာ မန္တလေး ဧရိ ယာတွင် လာရောက်သူ မည်သူ မဆို ရိုးရာ အစားအသောက်များ ကျွေးမွေး ဧည့်ခံခြင်း၊ နှစ်နိုင်ငံ ယဉ်ကျေးမှု အက အလှများ ဖျော်ဖြေခြင်း၊ အန်ပေါင်းများ ပေးခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါ နှစ်ကူး အကြို အထိမ်းအမှတ်ပွဲကို မန္တလေးမြို့ အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံးက ကြီးမှူး ကာ မြို့ခံ တ ရုတ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသင်း အဖွဲ့ပေါင်း ၁၀ ခုကျော်က စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်ပြီး လာမည့်နှစ်များတွင် လည်း ဆက်လက် ကျင်းပနိုင်ရန် အစီအစဉ် ရှိသည်ဟု သိရသည်။
ဦးမင်းမင်းဦး က “ကျနော်တို့ နိုင်ငံကို မငြိမ်းချမ်းတဲ့ နိုင်ငံ အဖြစ် ပုံဖော်နေကြတာတွေ ရှိတော့ အခုလို မြင်ကွင်းမျိုး မြင် ရသူတိုင်း က မြန်မာနိုင်ငံက အေးအေးချမ်းချမ်း ရှိတယ် ဆိုတာမျိုး လေးရယ်၊ တရုတ်- မြန်မာ နှစ်နိုင်ငံ ပြည်သူတွေ ချစ်ကြည်ရေး ကိုလည်း ပြသနိုင်တယ်” ဟု ပြောသည်။
မြန်မာ- တရုတ် ချစ်ကြည်ရေး အသင်း ဒု ဥက္ကဌ ဦးထွန်းနိုင်က ယနေ့ ဖေဖော်ဝါရီ ၅ ရက်သည် တရုတ် နှစ်ဆန်း တရက်နေ့ ဖြစ်ပြီး တရုတ် ရိုးရာ အရ ဝက်နှစ် ကျရောက်၍ တရုတ် လူမျိုးများ၏ ယုံကြည်မှု အရ ယခု နှစ်သည် စီးပွား လာဘ် လာဘ တိုးခြင်း၊ ဆန်ရေစပါး ပေါကြွယ်ခြင်းတို့ရ ရှိ နိုင်မည် ဟု ဧရာဝတီကို ပြောသည်။
ယခု နှစ်ကူး အချိန်အခါတွင် ရပ်ဝေးမှ တရုတ် လူမျိုးများက မိမိ မိသားစုထံ အလည် ပြန်ကြရပြီး နှစ်ကူး မိသားစု ထမင်း ဝိုင်းအား စုံစုံလင်လင် စားသောက်ခြင်း၊ လူကြီးမိဘများအား ကန်တော့ခြင်း၊ တရုတ် ဘုံကျောင်းများတွင် သွား ရောက် လည်ပတ်ခြင်း ကန်တော့ခြင်းတို့ဖြင့် နှစ်သစ်တွင် ကောင်းသော အတိတ် နိမိတ်ကို ရယူကြကြောင်း ၎င်း က ရှင်းပြသည်။
ထို့အတူ ရန်ကုန်မြို့ရှိ တရုတ်နှစ်ကူး အခမ်းအနားကို လမ်းမတော်၊ လသာရှိ တရုတ်တန်း တလျှောက်တွင် ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တိုင်းအစိုးရ တာဝန်ရှိသူများ၊ တရုတ်သံအမတ် တို့နှင့် အတူ ယနေ့တွင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန် တရုတ်တန်း၌လည်း လမ်းတလျှောက် မီးပုံးများနှင့် အလှဆင်ထားပြီး လာရောက် လည်ပတ်ကြသူများကို စတုဒီသာ ကျွေးမွေးဧည့်ခံခြင်း အစီအစဉ်များကိုလည်း ပြုလုပ်လျက် ရှိသည်။