ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့တွင် အသစ်တိုးချဲ့ ဖွဲ့စည်းမည့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးဝင်းကို ခန့်အပ်ရန် တိုင်း လွှတ်တော်က ယနေ့ ဆုံးဖြတ်လိုက်သည်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရန် ပြီးခဲ့သည့် ဇူလိုင်လတွင် ကျင်းပခဲ့သည့် လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၉ ၌ တိုင်း လွှတ်တော်က သဘောတူ ဆုံးဖြတ် ခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပုသိမ်အမတ် ဒေါက်တာ စိုးဝင်းကို ခန့် အပ်လိုကြောင်း ဧရာဝတီတိုင်း လွှတ်တော်သို့ အမည်စာရင်း အဆိုပြု ပေးပို့ခဲ့သည်ဟု သိရသည်။
ဝန်ကြီးချုပ် ပေးပို့သည့် အဆိုပါ အမည်စာရင်းကို စက်တင်ဘာလ ၁၉ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က လွှတ်တော်သို့ ကြေညာပြီး သဘောထား ခံယူခဲ့ရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
လွှတ်တော် ဥက္ကဋ္ဌ ဦအောင်ကျော်ခိုင်က“လွှတ်တော်က သဘောတူတဲ့အတွက် ဒေါက်တာ စိုးဝင်းကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၅၂ အရ လွှတ်တော်သို့ ကြေညာပါတယ်”ဟု လွှတ်တော် အစည်းအဝေး၌ ပြောဆိုသည်။
အသက် ၆၇ နှစ် အရွယ်ရှိသည့် ဒေါက်တာ စိုးဝင်းသည် ရန်ကုန် ဆေးတက္ကသိုလ် (၂) မင်္ဂလာဒုံမှ MBBS ဘွဲ့ရရှိခဲ့ သည့် အထွေထွေရောဂါကု ဆရာဝန်တဦးဖြစ်ပြီး တပ်မတော်တွင်လည်း အရာရှိငယ်တဦး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ သူ ဖြစ်သည်။
ဒေါက်တာ စိုးဝင်းသည် အနောက်တောင် တိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့ စစ်မှုထမ်း ဆေးမှူး၊ သရက် ဗျူဟာ၊ ဘူးသီး တောင် ဗျူဟာ၊ မင်္ဂလာဒုံ တပ်မတော် ဆေးရုံကြီးတို့တွင် တပ်မတော် ဆရာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး အရပ်ဘက် ဝန်ထမ်းဆရာဝန် အဖြစ် ပုသိမ် တိုင်းဆေးရုံ၊ ကန်ကြီးထောင့်မြို့နယ် မြို့နယ် ကျန်းမာရေးမှူး တာဝန်များကို ထမ်းဆောင် ခဲ့သူ ဖြစ်ကြောင်း သိရသည်။