သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စုကို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံး မြန်မာ သမ္မတ တဦးအနေနဲ့ တရားဝင် ခရီးစဉ်ကို စတင်ထွက်ခွာသွားခဲ့ပါပြီ။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်မှာ သမ္မတ ဦးသိန်းစိန်ကို မေလ ၂၀ ရက်နေ့မှာ လက်ခံတွေ့ဆုံမှာဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား ဘက်ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြု လက်ခံပေမယ့် လိုအပ်ချက်တွေဖြစ်တဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ ဆက်လက် မဖြစ်ပေါ်စေရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရေး ကိစ္စတွေ ဆွေးနွေးသွားဖွယ် ရှိပါတယ်။
ဒါကြောင့်မို့ ထင်ပါတယ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။ ဒီလွတ်ငြိမ်းချမ်းသာခွင့်အပေါ် မြန်မာအစိုးရဟာ အခုအထိ နိုင်ငံရေး အကျဉ်းသားတွေကို အသုံးချနေသေးတယ်ဆိုတဲ့ ဝေဖန်မှုတွေ ကျယ်လောင်လာခဲ့ပေမယ့် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ ဒါဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အားလုံး ပူးပေါင်းပါဝင်ခွင့် ရှိစေရေးအတွက်သာပဲလို့ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာကနေ ရေးသား တုံ့ပြန်ထားပါတယ်။
ခရီးစဉ်အတွင်းမှာ ကန်-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေကိုလည်း သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုးမယ့် အစီအစဉ်ရှိပါတယ်။ အမေရိကန်က မြန်မာကိုတော့ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အထူးအခွင့်အရေးတွေ ပေးဖို့လည်း ရှိမှာပါ။
ဒါပေမယ့် အခု ချုပ်ဆိုမယ့် စာချုပ်တွေမှာတော့ မြန်မာနိုင်ငံအမည်ကို အင်္ဂလိပ်လို Burma အစား Myanmar လို့ သုံးစွဲ ထားတယ်လို့ သံတမန်လောကနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကြေညာချက်မှာတော့ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန် အနေနဲ့ Burma ကို တိုင်းပြည်အမည်အဖြစ် ဆက်လက် သုံးစွဲနေမှာဖြစ်ပေမယ့် Myanmar ဆိုတာကိုတော့ အခြေ အနေ အပေါ်မူတည်ပြီး အကန့်အသတ်နဲ့ စတင် သုံးစွဲနေပြီလို့ ဆိုပါတယ်။
“ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရ တရပ်အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေး ထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာပါ” လို့ သူက ဆိုပါတယ်။
အိမ်ဖြူတော် ကြေညာချက်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့အရေး ဦးဆောင်နေသူတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း စတဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်တွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။
အမေရိကန်ဘက်က မြန်မာနိုင်ငံကို ဘယ်လို အကူအညီမျိုးတွေ ပေးသွားရမလဲ ဆိုတာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ ဆွေးနွေးသွားဖို့လည်း ရှိတယ်လို့ ဆိုတယ်။
နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းမှုတွေကို ပိုအားကောင်းစေဖို့ အမေရိကန်က အားပေးကူညီမှာ ဖြစ်သလို တရား ဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ မြန်မာ့လူ့အဖွဲ့အစည်း အားကောင်းစေရေးနဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး အပါအဝင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကိစ္စတွေလည်း အကူအညီတွေ ပေးသွားဖို့ ရှိပါတယ်။
မကြာသေးခင် ကာလကစတင်ပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုသူတွေကို အရင်က ပိတ်ပင် ကန့်သတ်ထားတာတွေ ပလပ် ဖြေလျှော့ပေးလိုက်ပြီး လုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်နေချိန်ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန် ဝါရှင်တန်ဒီစီကို မရောက်လာခင်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်က မြန်မာကို အမေရိကန်ဒေါ်လာ ၇၅ သန်းကျော် ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို တင်လိုက်ပါတယ်။ USAID လို့ ခေါ်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီပေးရေးအဖွဲ့က အဲဒီအကူအညီတွေကို ပေးသွားမှာ ဖြစ်တယ်လို့လည်း ယာယီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်းက ဆိုထားပါတယ်။
တဖက်မှာလည်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်နေလင့်ကစား စောင့်ကြည့်ချင်သေးတဲ့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှိနေစေဖို့ Burma Freedom and Democracy Act မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက် ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဂျိုးဇက် ခရိုလီနဲ့ ပီတာကင်း တို့ကလည်း ကွန်ဂရက် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်အကြိုနဲ့ တိုက်ဆိုင်နေပါတယ်။
ဒီ့အပြင် ဒီခရီးစဉ်အတွင်းမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ ကန့်ကွက်မှုတွေ လုပ်ဖို့ ရှိနေပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ကတော့ VOA သတင်းဌာနမှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ မြန်မာ့ပြုပြင် ပြောင်းလဲရေးဆိုင်ရာ မေးမြန်းခန်းကို ဖြေကြားဖို့ ရှိတယ်လို့ VOA သတင်းတပုဒ်က ဆိုပါတယ်။
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စပြီးအရပ်သား အစိုးရအသွင်နဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ အေးစက်ခဲ့တဲ့ ကန်-မြန်မာဆက်ဆံရေး ပုံမှန်အခြေအနေကို ပြန်ရောက် လာခဲ့တာပါ။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု စတာတွေနဲ့ ပတ်သက်ပြီး အပြစ်တင် ဖိအားပေး အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ပြည်ထောင်စုဘက်က လုပ်ဆောင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန်က သံတမန်ဆက်ဆံရေးမှာ သံအမတ်ကြီး အဆင့်မထားရှိပဲ သံတမန်နှိမ့်ချ ဆက်ဆံခဲ့ပြီး မြန်မာနိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ အတိုက်အခံတွေကို အမေရိကန်က ကူညီထောက်ခံခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးမီ ကာလတခုက စပြီး မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူထားမှုတွေကို ဖြေလျှော့၊ ဖယ်ရှားလာခဲ့ပြီး ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ၁ ရက်တာမြန်မာနိုင်ငံ ခရီးစဉ်နဲ့ ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန်ရောက်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာ ခရီးစဉ်မတိုင်ခင်မှာပဲ မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဆင့် ပြန်လည် ထားရှိခဲ့ပြီး အခု နောက်ဆုံးမှာတော့ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ ခေါင်းဆောင်ပိုင်းတွေကို ယခင်က ပိတ်ဆို့ကန့်သတ် ထားတဲ့ ဗီဇာပိတ်မှုတွေကို ဖယ်ရှားပေးလိုက်ပါတယ်။
အခု သမ္မတ ဦးသိန်းစိန်ဟာ တရားဝင် မြန်မာခေါင်းဆောင်အဖြစ်နဲ့ ရောက်မယ့် အမေရိကန် သမ္မတအဆက်ဆက်ရဲ့ အိမ်ဖြူတော်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၆ ခုနှစ်က ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းနဲ့ အမေရိကန်သမ္မတ လင်ဒန် ဂျွန်ဆင်တို့ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းကတော့ အမေရိကန်အစိုးရအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ လုပ်ခဲ့တဲ့ မြန်မာခေါင်းဆောင် ဦးနေဝင်းနဲ့ ဆက်ဆံရေးက ဟန်ချက်ညီ ထိန်းညှိဆက်ဆံရေး ရှိခဲ့တာလည်းဖြစ်ပါတယ်။
တဖက်ကလည်း ဘက်မလိုက် မြန်မာခေါင်းဆောင် ဦးနေဝင်းဟာ ရုရှား- အမေရိကန်စတဲ့ နိုင်ငံတွေလို စစ်အေးခေတ် အင်အားကြီး နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ် တရုတ်- အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာဖြစ်ဖြစ် ထိန်းညှိဆက်ဆံရေးမှာ အားကောင်းခဲ့တယ်လို့ ဆိုရမလားပါပဲ။
အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အေးစက်ချိန်နဲ့ အမေရိကန်နဲ့ ဆက်ဆံရေး နွေးထွေးချိန်တွေဟာ တဆက်တည်း ဖြစ်နေတာကြောင့် သုံးသပ်သူတွေ အဆိုအရ အမေရိကန်ဟာ တရုတ်နိုင်ငံကို ရည်မျှော်ပြီး မြန်မာကို အခုလို ဆက်ဆံရေး တည်ဆောက်လာတာ ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်တာတောင်မှ တရုတ်အရေး ကျွမ်းကျင်တဲ့ မစ္စတာ ဒဲရက် မစ်ချယ်လို့ ပုဂ္ဂိုလ်ကို ရွေးချယ်ခန့်အပ်တာက သိသာတယ်လို့ ဆိုကြတာပါ။
၁၉၄၈ ခုနှစ်ကတည်းက ကန်-မြန်မာ သံတမန် ဆက်ဆံရေးရှိခဲ့ပြီး ပါလီမန် အစိုးရကာလတွေမှာ အမေရိကန် ပြည်ထောင်စုက မြန်မာကို စစ်ရေး၊ စီးပွားရေးစတဲ့ အကူအညီတွေပေးခဲ့ပြီး ၂ နိုင်ငံ သံတမန် ဆက်ဆံရေး အားကောင်းခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာ အမေရိကန်က မြန်မာကို စစ်ရေးပစ္စည်း အမေရိကန် ဒေါ်လာ ၂၁ သန်းဖိုးလောက် ကူညီပေးခဲ့ပါတယ်။ ဒီလို နှစ်နိုင်ငံ ဆက်ဆံရေးက အားကောင်းခဲ့တာပါ။
၁၉၅၃ ခုနှစ်တုန်းကတော့ အမေရိကန် ဒုသမ္မတ ရစ်ချတ် နစ်ဆင်က မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့ဖူးပါတယ်။
၁၉၆၄ ခုနှစ် နောက်ပိုင်း ဦးနေဝင်း အစိုးရလက်ထက်မှာ အမေရိကန်ဆီက အကူအညီတွေ မယူဘဲနေရာက တိုင်းပြည်ရဲ့ လိုအပ်ချက်တွေနဲ့ ဦးနေဝင်းဟာ ၁၉၇၅ ခုနှစ်လောက်က အကူအညီတွေပြန်ရဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
တကယ်ဆိုရင် ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးဟာ မြန်မာရှင်ဘုရင်တပါးဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်က စတင်ခဲ့တာ ပါ။ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြေလည်ဖို့ အမြော်အမြင်ရှိတဲ့ မင်းတုန်းမင်းက စတင်ကာ ၁၈၅၆ ခုနှစ်က သံတမန် ဆက်ဆံရေး တံခါးကိုဖွင့်ခဲ့ပြီး သဝဏ်လွှာ ပို့ခဲ့ပါတယ်။
ထိုစဉ်က အမေရိကန် ပြည်ထောင်စုမှာ ပြည်တွင်းစစ်နဲ့ ကျေးကျွန်စနစ် ခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေခဲ့ရပေမယ့် အရှေ့တောင် အာရှက မြန်မာနိုင်ငံအပေါ် အတော်စိတ်ဝင်စားခဲ့လို့ အမေရိကန်သမ္မတ ဂျွန်ဗြူ ကန်နန်ဟာ ၁၈၅၇ ခုနှစ်က မင်းတုန်းမင်းဆီကို စာချွန်လွှာ ပြန်လည် ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်း မြန်မာဟာ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်ပြီး ကန်-မြန်မာ ဆက်ဆံရေးလည်း မရှိခဲ့ တော့ပါဘူး။
ဒါပေမယ့် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာတော့ အမေရိကန် သမ္မတ ထရူးမင်းကိုယ်တိုင် သဝဏ်လွှာပေးပို့ အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အမေရိကန် သရုံးစိုက်ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက်ခဲ့ကြတာပါ။
အခုလို နှစ်ပေါင်းများစွာ ကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွေ နိမ့်လိုက် မြင့်လိုက်ဖြစ်နေရာကနေ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတယ်ဆိုတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ရဲ့ ဆွေးနွေးမှုတွေကနေ မြန်မာအနေနဲ့ ဘယ်လောက် ကောင်းကျိုးတွေ ဖြစ်ထွန်းလာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။