အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို ကော်မတီဝင်အဖြစ်မှ ဆရာ ဦးသိန်းလွင်ကို ထုတ်ပယ်ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Conflict of interest အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ခြင်းကို အဓိက အကြောင်းပြခဲ့တယ်။ ကျနော့်သုံးသပ်မှုအရတော့ ဒီ အကြောင်းပြချက်ဟာ ဆင်ခြေလုံလောက်မှုရှိတယ်။ အရေးကြီးတဲ့ Conflict of interest ရဲ့ သဘောတရားကို ရှင်းပြချင်ပါတယ်။
Conflict of interest ဆိုတာဟာ လူတဦးတည်းဟာ ရပ်တည်ယူဆချက် မတူသောအုပ်စု Interest groups နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုပြီး ပါဝင်နေရင် သတိထားရမယ့် ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ၎င်းတပြိုင်နက် ပါဝင်နေသော အဖွဲ့ အစည်းနှစ်ခုအနက် အဖွဲ့အစည်းတခုဟာ ဦးတည်ချက်မူဘောင် တိတိကျကျဖြင့် ပြည်သူလူထုအားလုံး နှင့် သက်ဆိုင်သော ယေဘုယျ အကျိုးစီးပွားကို ထမ်းဆောင်ရန် ဖွဲ့စည်းခဲ့လျှင် ၊ ဒါ့အပြင် ၎င်းအဖွဲ့ အစည်းဟာ ပြည်သူလူထုအပေါ် ထင်ရှားသိသာ သော ဩဇာလွှမ်းမိုးမှုရှိလျှင် ပိုမိုပြီး တင်းတင်းကြပ် ကြပ် သတိထားရမယ့် ကိစ္စဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖွဲ့လုံးမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်ဟာ ပထမအဖွဲ့၏ ဩဇာတိက္ကမကို အသုံးချပြီး ဒုတိယအဖွဲ့၏ သီးသန့် အကျိုးအမြတ်၊ သီးသန့် ရည်ရွယ်ချက်တို့ကို ရယူနိုင်ရန် ဆောင်ရွက်နိုင်တဲ့ မရိုးသားမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ အကျိုးစီးပွားချင်း ငြိစွန်းနေမှု ဒါမှမဟုတ် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ခြင်းလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ ဒီငြိစွန်းတဲ့ ကိစ္စတွေမှာ များသောအားဖြင့် ပထမအဖွဲ့အစည်းဟာ အများ ပြည်သူအားလုံးနဲ့သက်ဆိုင်တဲ့ Public institution တခုဖြစ်ပြီး ဒုတိယအဖွဲ့အစည်းဟာ အများပြည်သူ အတွက်ဆိုတဲ့ ဦးတည်ချက် ရှိပေမယ့် မိမိအဖွဲ့၏ သီးသန့်ကောင်းကျိုးကို လိုလားမှုဟာလည်း ထင်ရှားနေတဲ့ အဖွဲ့မျိုးဖြစ်တယ်။
နိုင်ငံရေးပါတီတခုဖြစ်တဲ့ NLD ရဲ့ ရည်မှန်း ချက်ဟာ ရှင်းပါတယ်၊ မိမိအဖွဲ့ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်ဖို့ ဖြစ်တယ်။ ဒါဟာ ပြည်သူအားလုံး၊ လူတန်းစားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေး ကော်မတီ NNER ဆိုတာက တော့ ပညာရေးကဏ္ဍမှာ အကျိုးအမြတ် ပိုမိုရယူနိုင် ရန်ဆိုတဲ့ သီးသန့်ရည်ရွယ်ချက်နဲ့ သီးသန့်ပေါ်လစီ တွေရှိတဲ့ သီးသန့်လှုပ်ရှားမှု အဖွဲ့တခု ဖြစ်တယ်။ နိုင်ငံရေးပါတီတခုရဲ့ မူဝါဒဆိုတာ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ဖော်ဆောင်ရေးစသော ကဏ္ဍပေါင်းစုံအတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ နိုင်ငံ ရဲ့အရင်းအမြစ်တွေကို မျှမျှတတ ခွဲဝေနေရာချထား နိုင်ရန် စီမံခန့်ခွဲနိုင်ရေးကို အဓိက ရည်ရွယ်ရပါတယ်။
ဒါကြောင့် အကယ်၍ မြန်မာပြည်မှာ အမှန် တကယ် ဒီမိုကရေစီ ဖြစ်ထွန်းနေခဲ့တယ် ဆိုရင် တောင်မှ ပညာရေးပိုင်းဆိုင်ရာ သီးသန့်အကျိုးအမြတ် ပိုမိုရရှိနိုင်ရေးကို သီးသန့်ဦးတည်တဲ့၊ သီးသန့်အဖွဲ့ အစည်း တခုဖြစ်တဲ့ NNER ရဲ့ ရည်ရွယ်ချက်တွေဟာ လူတန်းစားအလွှာအသီးသီး (Class)၊ ကအသီးသီး (Sector) ရဲ့ အကျိုးအမြတ်ခံစားခွင့်ကို (ခိုင်လုံသော အကျိုးအကြောင်းနှင့်တကွ) “မျှမျှတတ ဖြစ်ပေါ်စေရေး” နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ နိုင်ငံရေးပါတီတခုရဲ့ ပင်မမူဝါဒနဲ့ ရည်ရွယ်ချက်တွေ အနည်းနဲ့ အများ ဆိုသလို လာပြီးငြိစွန်းနိုင်ပါတယ်။ ဒါမျိုး အဖြစ်အပျက်ဟာ အရပ်စကားနဲ့ နားလည်သလို “အဂတိတရား” ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ဖြစ်ပါတယ်။
Conflict of interest ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဗုဒ္ဓကျမ်းဂန်မှာ ကမ္ဘာဦးတုန်းက မဟာသမ္မတကို ပြည်သူမင်းမြှောက်ရာမှာ ပြည်သူဟာ ပထမဆုံး အစိုးရဖြစ်လာတော့မယ့် မဟာသမ္မတကို သတိပေးပါတယ်။ ငါတို့ဟာ နင့်ကို ငါတို့ လယ်ကထွက်တဲ့ ဆယ်ဖို့တဖို့ကို ပေးမယ်။ ကနေ့က စပြီး နင် လယ်မလုပ်ရဘူးလို့ ကန့်သတ်ပေးတယ်။ ဆိုလိုတာက မြေယာကိုသုံးပြီး စီးပွားရေး မလုပ်ရဘူး ပေါ့။ ဒီမှာ ကျနော်တို့ မြင်နိုင်ပါတယ်။ ပြည်သူဟာ “ခွန်အားကို တရားဝင် အသုံးပြုပိုင်ခွင့်” ကို မဟာ သမ္မတထံ အပ်နှင်းရတဲ့ အကြောင်းရင်းဟာ လယ် သမားတွေဟာ မိမိတို့ မြေယာတို့မှာ စိုက်ပျိုးဖြစ်ပေါ် လာတဲ့ စီးပွားကို တပါးသူက မတရားသဖြင့် အနိုင် အထက် လုယူမှာကိုစိုးတဲ့အတွက်ဖြစ်တယ်။ အာဏာ နဲ့လက်နက်ကို တရားဝင် အသုံးပြုခွင့်ရပြီ ဖြစ်တဲ့ မဟာသမ္မတနဲ့ သူ့လူတွေဟာ အာဏာနဲ့ လက်နက် ကိုသုံးပြီး အများပြည်သူလိုပဲ မြေယာတွေမှာ စီးပွား လာရှာနေရင် လူတွေဟာ ဒုက္ခရောက်ကုန်မှာပေါ့။ လက်နက်ကိုင် ခွန်အားသုံးပြီး တရားဝင် အပြစ်ပေး စီရင်တဲ့ အလုပ်နဲ့ အသက်မွေးသူဟာ မြေယာနဲ့ အသက်မွေးဝမ်းကျောင်းမှုကို သူပါလာပြီး လုပ်ကိုင် အသက်မွေးနေရင် ဒီလူဟာ တချိန်ချိန်မှာ လက်နက် ကိုင် အဖွဲ့အစည်းကို အသုံးချပြီး မြေယာတွေကို လိုချင်စိတ် ဖြစ်လာလိမ့်မပေါ့။ ကမ္ဘာဦး လူတွေဟာ ဒါကိုမြင်ထားလို့ မဟာသမ္မတကို တောင်းဆိုတယ်။ “နင်ဟာ တပြိုင်နက်တည်း အစိုးရလည်းလုပ်၊ စီးပွား ရေးသမားလည်း လုပ်လို့မရဘူး၊ အကျိုးစီးပွားချင်း ငြိစွန်းနေတယ်”တဲ့။
ဒီနေရာမှာ အလျဉ်းသင့်လို့ ကနေ့ မော်ဒန်မြန်မာ ဗုဒ္ဓသာသနာမှာ ဖက်ရှင်ဖြစ်လာတဲ့ အမြင်တမျိုးဖြစ်တဲ့ ဆရာတော်ကြီးတွေဟာ လူ့ဘောင်ရဲ့ Welfare လူမှုရေး “လုပ်ငန်းကြီး” တွေကို ပါဝင် ဆောင်ရွက်တဲ့အတွက် ကြည်ညိုစရာ ကောင်းတယ် ဆိုတဲ့အမြင်ကို ကျနော် အခုတင်ပြတဲ့ Conflict of interest မူဘောင်နဲ့ ပြန်လည် ကြည့်မြင်စေလိုပါ တယ်။
ရဟန်းသံဃာ အဖွဲ့အစည်းရဲ့ ပင်မမူဝါဒဆိုတာ ဟာ “ခေါင်းပါးသော အကျင့်နဲ့ အသက်မွေးဝမ်း ကျောင်းခြင်း” ဖြစ်တယ်။ ခေါင်းပါးတဲ့ အကျင့်နဲ့ အသက်မွေးသူဖြစ်လို့သာ တပါးသူတို့၏ လှူဒါန်းမှုကို ခံယူထိုက်ခြင်း ဖြစ်တယ်။ ခေါင်းပါးတဲ့ အကျင့်ဆိုတာ ပစ္စည်းဥစ္စာရယ်လို့ မရှိခြင်းဟာ အဓိကဖြစ်တယ်။ ရဟန်းသံဃာဟာ ရလေလိုလေ စုဆောင်းချင်၊ အသက်မွေးချင်ကြတဲ့ လောကီဘုံသားတို့ကို မည် သည့်ပစ္စည်းဥစ္စာကိုမှ မစုဆောင်းဘဲ “လောဘမရှိတဲ့ ဘဝ” ကို စံပြအသက်မွေးပြခြင်း ဖြစ်တယ်။
လောဘတွယ်တာမှုမရှိတဲ့ ဘဝဟာ အမြတ်ဆုံး ဖြစ်ကြောင်း အိမ်ကြိုအိမ်ကြား၊ တောရွာဇနပုဒ် အနှံ့သွားလို့ တရားဟောပြဖို့ သာသနာ့တာဝန်ကို ယူထားခြင်းဖြစ်တယ်။ Welfare (ဝါ) Social Services ကို အဖွဲ့အစည်းနဲ့ လုပ်တယ်ဆိုရင် လူမှု ရေးအတွက် ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းမှုဆိုတာ ပါလာပြီ။ စိတ်မထားတတ်ရင် ဥစ္စာအရှိန်အဝါကို လိုချင်တွယ်တာတဲ့ လောဘဟာဖြစ်မှာပဲ။ လူတွေကို ပစ္စည်းဥစ္စာတွေကို လွှတ်ချဖို့ထက်၊ ပိုမိုရယူကြဖို့ အားပေးတိုက်တွန်းမှုဟာ ဖြစ်လာနိုင်တယ်။ ဗုဒ္ဓ ချမှတ်ခဲ့တဲ့ ပင်မသံဃာအဖွဲ့အစည်းရဲ့ ပင်ရင်းမူလ အဓိကအကျဆုံး ရည်ရွယ်ချက်လမ်းကြောင်းကိုလည်း ကျင့်၊ လူမှုရေးအဖွဲ့အစည်း တခုမှာလည်း ပါဝင်ပြီး အလှူရေစက် လက်နဲ့မကွာလုပ်ချင်တဲ့ ရဟန်းဟာ စေတနာပင် ကောင်းပလေ့စေဦး အကျိုးစီးပွားချင်း ငြိစွန်းဖို့ လွယ်ကူပါတယ်။
ဒီလိုပြောလို့ ရဟန်းသံဃာတို့ဟာ လူမှုရေးမှာ မပါဝင်နဲ့လို့ ကျနော် ယတိပြတ်ဆိုလိုခြင်း မဟုတ်ပါ။ ကျနော့်အမြင်အားဖြင့် “တပိုင်တနိုင်” ကိုယ့်ရပ် ကိုယ့်ရွာအတွက် အနည်းအများ ပါဝင်ခြင်းဟာ ဩဇာအရှိန်အဝါကို ရယူလိုစိတ်နဲ့ မဟုတ်ဘဲ မိမိ တတ်နိုင်တဲ့လက်က ဆောင်ရွက်ပေးတယ်။ စွန့်လွှတ် တဲ့ သာမဏအကျင့်ဟာ စုဆောင်းရယူလိုတဲ့ လူ အကျင့်ထက် မြတ်တယ်ဆိုတာကို မိမိကိုယ်တိုင် ယုံကြည် ဟောပြောပေးတယ်၊ မိမိလည်း ဒါကို အမှန်တကယ် ကျင့်ကြံနိုင်ဖို့ ဦးတည်ဆောင်ရွက်တယ် ဆိုရင် “တပိုင်တနိုင်” လူမှုရေး ဆောင်ရွက်ခြင်း၊ မိမိရပ်ရွာ ကောင်းကျိုးကို ဆောင်ရွက်ပေးခြင်းမျိုးဟာ အပြစ်မဖြစ်လောက်ပါဘူး။
ဒါပေမယ့် တပိုင်တနိုင် ပါဝင်ကူညီပေးမှု လောက်မှာ မရပ်တန့်ဘဲ လူမှုရေးလုပ်ငန်းဟာ ထုထည်အလွန်ကြီးမားလာခဲ့ရင် အရပ်ဝတ်လူတွေရဲ့ အကျိုးစီးပွားနဲ့ လာပွတ်တိုက်ရုံသာမက၊ ရှေးထုံး တကယ့် ဗုဒ္ဓသာသနာ အစဉ်အလာ အကျိုးစီးပွား ဦးတည်ချက် “သာမဏအကျင့်” စံတန်ဖိုးကို ပျောက် ပျက်မှေးမှိန်စေတဲ့သဘောဟာ ထင်ရှားဖြစ်လာမယ်။ သာသနာဟာ ဘုန်းကြီးက ပိုက်ဆံဘယ်လောက် ထည့်ဝင်နိုင်လဲ၊ ဆေးရုံ ဘယ်လောက်ဆောက်နိုင်လဲ ဆိုတာကိုကြည့်ပြီး “ဘုန်းကံကြီးသော ဘုန်းကြီး”၊ ဒါ့ထက်တက်ပြီး “မှန်ကန်သော ဘုန်းကြီး” ဆိုပြီး ကိုးကွယ်ကြည်ညိုကြပြီဆို တော်တော်ကြီးကို လမ်း လွဲနေပြီလို့ပဲ ဆိုရမယ်။
(ဒေါက်တာညိုထွန်းသည် Bill and Melinda Gates Foundation၊ ဥရောပသမဂ္ဂနှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်တို့မှ ကမကထပြုသော ကျန်းမာရေး မူဝါဒဆိုင်ရာ သုတေသန လေ့လာမှု စီမံကိန်းတို့တွင် နိုင်ငံတကာအကြံပေး ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက်ရှိသည်။)