ကယားပြည်နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် ၇ ဖြစ်သည့် ရှားတောမြို့နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်ကျော်စိုး (ခ) ဖိုးခွားကို ရွေးကောက်ပွဲ၌ ကြုံတွေ့လာနိုင်သည့် ဒေသဆိုင်ရာ အခြေအနေ၊ အခက်အခဲများ နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်းထားပါသည်။
ဦးအောင်ကျော်စိုး ဝင်ရောက်ယှဉ်ပြိုင်မည့် ရှားတောမြို့နယ်၌ လက်ရှိအစိုးရအဖွဲ့မှ သမ္မတရုံး ဝန်ကြီးဦးအောင်မင်းက တသီးပုဂ္ဂလ အနေနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် နယ်မြေဖြစ်သကဲ့သို့ ထိုနေရာတွင် အစိုးရတပ်များအခြေစိုက် တည်ရှိသည့်နေရာလည်း ဖြစ်နေသည်။
ဦးအောင်ကျော်စိုးသည် ၁၉၈၈ ခုနစ် အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းချိန်၌ တောခိုခဲ့သူတဦးလည်း ဖြစ်သည်။
မေး။ ။ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်ပါလဲ။
ဖြေ။ ။ ကျနော်အနေနဲ့ အခက်အခဲ ဘာတွေရှိနိုင်လဲဆိုတော့ စစ်တပ်ရဲ့ မဲဘယ်လောက် ရှိမှာလဲဆိုတာ ကျနော်တို့ မသိသေး ဘူး။ တပ်တွေအင်အား ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့ မသိဘူး။ တပ်ရဲ့မဲပေးနိုင်တဲ့ အင်အားပေါ့။ သူတို့တွေ သတ်မှတ်ထား တဲ့ တပ်နဲ့ တပ်မိသားစု ဆိုတာကို၊ ဒါပေမယ့် လက်ရှိမှာက တပ်ရဲ့စခန်းတွေမှာ တပ်သားတွေပဲ ရှိတယ်။ မိသားစုတွေ မရှိဘူး။
မရှိတဲ့ အတွက်ကြောင့် သူတို့တွေ ဒီမှာပဲ မဲပေးမှာလား။ ဒါမှမဟုတ် သူတို့ မိခင်တပ်ရင်းမှာ မဲပေးမှာလား။ ဒါတွေ ကျနော်တို့ သေချာရေရာ မသိရဘူး။ မဲ ဘယ်လောက်ထိ ပေးနိုင်လဲ။ ဘယ်လောက်အင်အား ပေးသလဲပေါ့လေ။ မဲပေးနိုင်တဲ့ဦးရေ ဘယ်လောက် အထိ ရှိလဲ စစ်တပ်ထဲက သွားမေးပိုင်ခွင့်လဲ မရှိဘူး။ အခက်အခဲတော့ ရှိပါတယ်။
မေး။ ။ ဦးအောင်ကျော်စိုး အနေနဲ့ တပ်ပိုင်းဆိုင်ရာ မဲကိစ္စတွေကို သွားရောက်မေးမြန်းဖို့ အစီအစဉ်ရော ရှိပါလား။
ဖြေ။ ။ ကျနော်တို့ မေးဖို့အစီအစဉ် ရှိပါတယ်။ ကျနော် စုံစမ်းသိရှိရသလောက်ဆို ကျနော်ဝင်ပြိုင်မယ့် ရှားတောမြို့ မဲဆန္ဒနယ်မှာ စစ်တပ်ကုန်း ၂၆ ကုန်းလောက် ရှိပါတယ်။ ဒါ ကျနော် အကြမ်းဖျင်း သိထားတာပါ။
မေး။ ။ စစ်တပ်တွေ ဒီလောက်များတဲ့ကြားက ဘာကြောင့် ရှားတောမြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တာပါလဲ။
ဖြေ။ ။ ဘာကြောင့် ယှဉ်ပြိုင်ရသလဲဆိုတော့ အပွင့်လင်းဆုံးပြောရရင် ဒီဒေသမှာရှိတဲ့ လူထုအပေါ် ကျနော်တို့ ပြည်နယ် အပေါ်မှာ ဒီလိုဝန်ကြီးတွေ သူတို့တွေက ငွေရေးကြေးရေးလည်း စိုက်ထုတ်နိုင်တယ်။ နောက်ဒီဒေသမှာရှိတဲ့ ပြည်သူလူထု မသိ နားမလည် တဲ့ အပေါ် အခွင့်ကောင်းယူနေတဲ့ လူတစု လူပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်တွေ ရိုက်ချိုးချင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ကျနော် နဲ့ ယှဉ်ပြိုင်မယ့် ဝန်ကြီး ဦးအောင်မင်းက ငွေကြေးလည်း တတ်နိုင်တယ်။ အာဏာပါဝါတွေလည်း ရှိတယ်လေ။
ဒီဒေသမှာရှိတဲ့ လူထုက ရိုးသားတယ်။ ဒီရိုးသားတဲ့ အပေါ်မှာ သူတို့တွေက အနိုင်ယူချင်တဲ့စိတ် ရှိတယ်။ လက်ရှိ ဒီမှာဝင်ပြိုင်မယ့် ဦးအောင်မင်း ဆိုရင် သူ့နောက်မှာ စီးပွားရေးသမားတွေ အများကြီး ရှိပါတယ်။ ဒေသခံထဲက စီးပွားရေးသမားတွေလည်း ပါပါတယ်။ အဲဒီ စီးပွားရေးသမားတွေ နောက်ပြီး ကျနော်တို့ဒေသခံတွေထဲက အားပေးအားမြှောက် ပြုထားတာတွေလည်း ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဒေသမှာ မဲပေးနိုင်တဲ့သူ ဦးရေ နည်းတဲ့အပေါ် ဗိုလ်ကျစိုးမိုးချင်ကြတယ်။ အဲ့ဒါကြောင့် ကျနော် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
မေး။ ။ ရှားတောမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်တိုင်ရွေးချယ်ခဲ့တာပါလား။
ဖြေ။ ။ ဒီဒေသကို ကျနော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ။ ဒေသမှာရှိတဲ့ လူထုက ရိုးသားတယ်။ ပါတီတွေ နိုင်ငံရေးတွေလည်း နား မလည်ဘူး။ မရိုးသားတဲ့ လူတစုတွေကြောင့် ကျနော်မခံချင်တဲ့စိတ်နဲ့ ရွေးချယ်တာပါ။ ကျနော့်အနေနဲ့ လွိုင်ကော်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒီဘက်ကို ကျနော် တမင်ရွေးချယ်တာပါ။
မေး။ ။ ရှားတောမြို့နယ်မှာ ဘယ်နှပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြပါလဲ။
ဖြေ။ ။ ကျနော်တို့ NLD ပါတီ ၊ တသီးပုဂ္ဂလိက ဦးအောင်မင်းနဲ့အတူ ပါတီ ၅ ခု ယှဉ်ပြိုင်ကြတာပါ။ ၃ ခုက ကယားလူမျိုးစု ဒီမိုကရေစီပါတီ ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ (ကယားပြည်နယ်) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရှိပါတယ်။
မေး။ ။ တိုင်းရင်းသား ပါတီတွေနဲ့ ပူးပေါင်းဖို့ရော ရှိပါလား။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ ပါတီတွေနဲ့တွဲပြီး လှုပ်ရှားချင်တယ်။ လက်ရှိက အပြောင်းအလဲတခုကို ကျနော်တို့ လိုချင်ပါတယ်။ အပြောင်းအလဲ တခုကို ပြောင်းလဲဖို့ဆိုတာ အစိုးရဖွဲ့နိုင်တဲ့ အင်အားရှိမှ အပြောင်းအလဲ တခုကို လုပ်လို့ရပါတယ်။ အစိုးရ တခုကို မဖွဲ့နိုင် ဘဲနဲ့ အပြောင်းအလဲတခုကို လုပ်လို့ မရပါဘူး။
အဲဒါကြောင့် ကျနော်တို့ တခြားတိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းချင်တယ်။ သူတို့ဘက်က ညှိနှိုင်းမယ်ဆို ကျနော်တို့ဘက်ကလဲ ညှိဖို့ အဆင်သင့်ပါပဲ။ ညှိနှိုင်းဖို့ဆိုတဲ့ နေရာမှာ အတူသွားလှုပ်ရှားကြတာပေါ့။ ဒီမှာ မဲဆွယ် စည်းလုံးရေး လုပ်ငန်းတွေမှာ တဖက်နဲ့တဖက် ပုတ်ခတ်ပြောဆိုနေတာကို ကျနော်တို့ အနေနဲ့ မလုပ်ချင်ဘူး။
မေး။ ။ ရှားတောမြို့နယ်မှာ မဲဆန္ဒရှင်ဦးရေ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ ကျနော်သိတာကတော့ ၃,၈၀၂ ဦး ရှိပါတယ်။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ အပြောင်းအလဲ တခုကို အမှန်တကယ် လိုချင်လို့ရှိရင် အစိုးရဖွဲ့နိုင်တဲ့ အင်အားကြီးတဲ့ ပါတီကို မဲပေးစေချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောချင်တာကတော့ အခုမဲဆွယ်ကာလမှာတော့ NLD ကို မဲပေးစေချင်ပါတယ်။ ။