ပြည်သူ့လွှတ်တေ်ာရုံးက ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပြည်တွင်း၊ပြည်ပ INGOs၊ NGOs၊ CSOs များ၏ ဖိတ်ကြားမှုများကို လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြ အတည်ပြုချက် ရယူရန်ဆိုသည့်အချက် ပါဝင်ခဲ့သည့်အပေါ် လွှတ်တေ်ာ ကိုယ်စားလှယ်များကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထိုသို့ဝေဖန်မှုများကြောင့် ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင် ၂၆ ရက်တွင် ကြေညာချက်တစောင် ထပ်မံ ထုတ်ပြန်ခဲ့ပြီး ထို ကြေညာချက်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကော်မတီဝင်များက INGOs၊ NGOs၊ CSOs အဖွဲ့များကို မိမိတို့ သဘောဆန္ဒဖြင့် တွေ့ဆုံပြောဆိုမှုများ ဖြစ်ပြီး ယင်းသို့ တွေ့ဆုံပြောဆိုမှုများသည်လည်း လွှတ်တေ်ာ၏သဘောထား မဟုတ်သည့်အတွက် လွှတ်တော်နှင့် မသက်ဆိုင်ကြောင်း အသိပေးဖော်ပြထားသည်။
ထိုပြည်သူ့လွှတ်တေ်ာရုံး၏ ကြေညာချက်များနှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း၊ CSOs များ၏ သဘောထားများ နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါ သည်။
ဦးအောင်မျိုးမင်း
Equality Myanmar
ဒီလိုထုတ်ပြန်တဲ့ ရည်ရွယ်ချက်က ဘာအတွက်ဆိုတာ မသိပေမယ့် ဒါနဲ့ပတ်သက်လို့တော့ သိပ်ပြီးဘဝင်မကျ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာက ပြည်သူတွေကယုံကြည်လို့ ရွေးချယ်တင်မြောက်လိုက်တဲ့ အသိတရား၊ ဆင်ခြင်တုံ တရားနဲ့ တိုင်းပြည်အကျိုး လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ်တယ်။ သူတို့အပေါ်မှာ စိတ်မချတဲ့သဘောနဲ့ ဒီလိုမျိုး တာဆီးတဲ့ ပုံစံဆိုရင်တော့ ပြည်သူတွေအတွက် သိပ်မကောင်းဘူး။ သူတို့ယုံကြည်လို့ တင်မြှောက်ထားတဲ့သူတွေက ကလေးတွေလည်း မဟုတ်ပါဘူး။
နောက်တခုက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေထဲမှာ သူတို့ရဲ့ မဲဆန္ဒနယ်တွေအကြောင်း သိရမယ်၊ တိုင်ပင် ဆွေးနွေးရမယ် ဆိုတာတွေပါတယ်။ ကော်မတီတွေမှာလဲ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ၊ ကြားနာပွဲတွေ လုပ်ခွင့်လည်း ရှိတယ်။ အခုလိုမျိုး ကန့်သတ်မှုကြောင့် သူတို့တွေ့ဆုံရမယ့်သူတွေ၊ တွေ့သင့်တဲ့သူတွေနဲ့ မတွေ့ဆုံဖြစ်ဘူးဆိုရင် သူတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကို ဒီထက်ပိုကောင်းအောင် လုပ်နိုင်ဖို့အခက်အခဲ ရှိသွားမယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက အလုပ်များသလို တချိန်တည်းမှာ အကုန်လုံးကိုလေ့လာနိုင်ဖို့ အချိန်လည်း အရမ်းနည်းပါတယ်။ ဒီနေရာမှာ သူတို့ကို အချက်အလက်တွေ စုစည်းပေးတဲ့ CSO တွေနဲ့ တွေ့ဆုံခွင့် ဆုံးရှုံးမယ်ဆိုရင် ပြဿနာရှိနိုင်ပါတယ်။ အခုက လုံးဝမတွေ့ရဘူးလို့တော့ မပြောဘူး၊ အစီအရင်ခံရမယ်ဆိုတဲ့သဘော။ ဒီနေရာမှာ ကိုယ်စားလှယ်တွေအတွက် နှောင့်နှေးမှုတွေ၊ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် မရှိတာတွေ ဖြစ်သွားနိုင်ပါတယ်။ စိုးရိမ်မှုတွေ ရှိနေလို့ ဒီလိုလုပ်မယ်ဆိုရင် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ပြန်ရောက်သွားပြီး လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်၊ သတင်းရယူခွင့်တွေ ထိခိုက်သွားမှာ ကျနော်တို့ အဓိကစိုးရိမ်တဲ့အချက်ပဲ ဖြစ်ပါတယ်။
နိုင်ကဆုမွန်
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း
ကျနော့်အမြင်ကတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလဲ CSO တွေအနေနဲ့ တချို့ကိစ္စတွေမှာ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်လို့ ရခဲ့တာတွေ ရှိတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ NLD အစိုးရဘက်က စိုးရိမ်မှုတွေ ရှိနေလားပေါ့။ အခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ နိုင်ငံတကာ အကူအညီတွေ အများကြီး ဝင်လာသလို INGO၊ NGO တွေလဲ ဝင်လာကြတာပေါ့။ ဒီလိုများပြားလာချိန်မှာ အခြေအနေတွေ ရှုပ်ထွေးကုန်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ထိန်းချုပ်တာလား ဆိုတာတော့ မပြောတတ်ဘူး။
CSO တွေအနေနဲ့ကျတော့ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ မြေယာ၊ အလုပ်သမား၊ ဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်ဆောင်လာတာ ကြာပါပြီ။ ဒီလိုအမိန့်ထုတ်လိုက်တော့ ပူးပေါင်းလုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲလေးတွေ ရှိလာတာပေါ့။
ဒါကိုအစိုးရဘက်က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းမှာ ကိုယ့်ဒေသအတွင်း လုပ်နေတဲ့ CSO တွေကို ခွဲခွဲခြားခြား မြင်ပေးရင် ပိုကောင်းတာပေါ့။ ကျနော်တို့လုပ်တဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးဟောပြောပွဲတွေမှာ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ပြီး လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒီထုတ်ပြန်ခဲ့တဲ့ အမိန့်ကြောင့် နောက်ပိုင်းမှာ ပူးပေါင်းလုပ်ဆောင်ရာမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။
စောအဲလက်စ်
ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ / KESAN
လက်ရှိသွားနေတဲ့ ဒီမိုကရေစီ အခင်းအကျင်းမှာ ဒီလိုဟာတွေ မဖြစ်သင့်ဘူးပေါ့။ သူတို့ဟာ လွှတ်တော် ကိုယ်စားလှယ်၊ အစိုးရ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဖိတ်ကြားတာဖြစ်တယ်။ သူတို့ရဲ့ လုပ်ငန်းတာဝန်အရ ဖိတ်ကြားကြတယ်လို့ ယူဆတယ်။ သူတို့အနေနဲ့လည်း အောက်ခြေအနေတွေကို ပိုမိုသိလာတဲ့အခါမှာ မူဝါဒဥပဒေတွေ ရေးဆွဲတဲ့ နေရာမှာလည်း အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။
ဒီလိုပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခြင်း အားဖြင့် သူတို့အတွက် အကျိုးအမြတ် ရှိတယ်လို့မြင်တယ်။ အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် အောက်ခြေမှာ ဘာတွေဖြစ်နေလဲ သိလာမှာဖြစ်သလို သူတို့ဘာလုပ်ပေးရမလဲဆိုတာ သိလာမှာ ဖြစ်တယ်။ ဒီလိုဟန့်တား ကန့်သတ်တာတွေ လုပ်မယ်ဆိုရင် လူထုနဲ့ဝေးတဲ့ အနေအထားကို တွန်းပို့လိုက်သလို ဖြစ်တယ်လို့ မြင်တယ်။
အရပ်ဘက်အဖွဲ့တွေက အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ပြဿနာတွေ ပေးနေတာ မဟုတ်ပါဘူး။ တိုင်းပြည်တည်ဆောက်ရေးမှာ တကယ့်လူထုအသံတွေကို တာဝန်ရှိတဲ့သူတွေသိအောင် လုပ်ပေးနေတာ ဖြစ်ပါတယ်။ လူထုနဲ့ လွှတ်တော်၊ အစိုးရ တာဝန်ရှိ သူတွေကြားမှာ ပိုဝေးသွားမယ့်ဟာကို မလုပ်သင့်ဘူး။ အခုထုတ်ပြန်မှုက လူထုရဲ့ အစိုးရသစ်အပေါ် မျှော်လင့်နေတာတွေကို ဝေဝါးစေတယ်။ ဘာကြောင့် ဒီလိုထုတ်ပြန်မှုတွေလုပ်လဲ မသိနိုင်သလို ဒီလိုအကြောင်းအရင်း သေချာမသိရတဲ့အတွက် ပိုမို ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။
ဒေါ်နွယ်ဇင်ဝင်း
3N Network
ဒီလိုထုတ်ပြန်ချက်က CSO တွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြောဆိုတင်ပြစရာတွေ ရှိလာတဲ့အခါ လွှတ်တေ်ာရဲ့ အတည်ပြုချက် ရယူနေရမှာ အဟန့်အတား ဖြစ်စေပါတယ်။ ဒီလိုထုတ်ပြန်ချက်ကြောင့် လွှတ်တော်နဲ့ CSO တွေ ချိတ်ဆက် ဆောင်ရွက်တဲ့ နေရာမှာ အားလျော့မှုတွေ ရှိလာနိုင်တယ်။ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကို ပြောဆိုတင်ပြစရာ ရှိလာရင်တောင် ဥက္ကဋ္ဌ ကိုတင်ပြရမယ် ဆိုတာက ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်ကို ပြန်သွားသလိုပါပဲ။
လွှတ်တော်က စာ၂ စောင် ထုတ်ပြန်တာမှာလဲ ပထမစာနဲ့ ဒုတိယစာက ၁ ရက်ပဲ ကွာပါတယ်။ ဒီနေရာမှာ ပထမစာထုတ်တဲ့ နေရာမှာ မပြည့်စုံလို့လား၊ လိုအပ်ချက်တွေ ရှိနေလား မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အခုဆိုရင် ကိုယ်စားလှယ်တွေကို ဖိတ်ကြားချင်တာတွေ၊ အကြံပြုတင်ပြချင်တာတွေ ရှိလာရင် ဥက္ကဋ္ဌ ထံ အရင်တင်ပြရတာ၊ ခွင့်ပြုမှ လုပ်ဆောင်ရတာတွေက အချိန်တွေ ကြန့်ကြာသလို ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေကြားမှာ စည်းခြားလိုက်သလိုပါပဲ။ ကျမတို့မှာ လွှတ်တော် ကိုယ်စားလှယ်တွေထံ တင်ပြဆွေးနွေးချင်တာတွေ နေ့စဉ်ရှိနေပါတယ်။ အဲဒီအတွက် ကိုယ်စားလှယ်တွေထံ လွယ်လွယ်ကူကူ ချဉ်းကပ်ချင်ပါတယ်။
ဦးစိုးထွန်း
ischool Myanmar
CSO တွေက လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖြစ်၊ ကော်မတီတွေဖြစ်ဖြစ် ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်ချက် တွေကို စုစည်းတင်ပြ ဆွေးနွေးတာတွေ လုပ်ကြတယ်။ လွှတ်တော်၊ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု တွေက တိုင်းပြည်အတွက် ကောင်းကျိုးတွေချည်း ဖြစ်တဲ့အတွက် လွှတ်တေ်ာက အမြဲလက်ကမ်း ကြိုဆိုနေရမှာပါ။ ကျနေ်ာတို့ ဖြစ်စေချင်တာက ပြည်သူ့ကိုယ်စား နစ်နာမှုတွေ၊ အခွင့်အရေးတွေအတွက် လုပ်ဆောင်တဲ့နေရာမှာ လွှတ်တော်ဥက္ကဋ္ဌ တွေဆီ တင်ပြရမယ် ဆိုတာတွေ သိပါတယ်။ ဒီတကြိမ် ကျနော်တို့ ဆွေးနွေးနေကြတဲ့ အသင်းအဖွဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်တဦးမှ စေလွှတ်ပေးနိုင်ခြင်း မရှိတာကို အံ့သြ စိတ်မကောင်း ဖြစ်ရပါတယ်။
လွှတ်တော်ဘက်က အခုလို ပြုပြင်ပြောင်းလဲရေး စတင်လုပ်ဆောင်နေရတဲ့ အခြေအနေမှာ သတိပေးစရာတွေ အများကြီး ရှိမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် လွှတ်တေ်ာ၊ အစိုးရအဖွဲ့တွေအနေနဲ့ ဘယ်လိုအဖွဲ့အစည်းတွေက အာဏာအတွက်၊ ပိုက်ဆံအတွက် အလုပ်လုပ်တယ်။ ဘယ်သူတွေက တိုင်းပြည်အတွက်လုပ်တယ် ဆိုတာတော့ ကွဲကွဲပြားပြားသိအောင် လုပ်ရမှာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ အဆိုးသံသရာလည်ခဲ့တဲ့ တိုင်းပြည်မှာ ပြန်လည်ပြုပြင်ရမယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လွှတ်တော် ကိုယ်စားလှယ်ကပဲလုပ်လို့ မနိုင်ပါဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းက သူတို့အတွက် အထောက်အကူ အများကြီးဖြစ်စေပါတယ်။