National University of Singapore ကျောင်ဆင်း Master of Technology (Software Engineering) ဘွဲ့ရရှိထားတဲ့ အသက် ၃၄ နှစ် အရွယ် ကိုထင်အောင်ဟာ စင်ကာပူမှာ System Analyst အနေနဲ့ အလုပ် လုပ်ခဲ့သူပါ။ အခုတော့ အလုပ် ထွက်ပြီး ပြည်တွင်းမှာ ကိုယ်ပိုင် ကုမ္ပဏီထောင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ Yangon Bus Guide Application ရေးဆွဲခဲ့တဲ့ အကြောင်း ဧရာဝတီသတင်းထောက် သီဟတိုးမှ ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး အခုလို ဘတ်စ်ကားလိုင်းတွေ ပြောင်းလဲ ပြေးဆွဲတဲ့ အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုလိုမျိုး ဘတ်စ်ကားလိုင်းတွေ ပြောင်းလဲပြေးဆွဲတဲ့အပေါ် ဘယ်လိုမြင်မိလဲ ဆိုတော့ ကျနော့် အမြင်က ဒါ အရမ်းကောင်းတဲ့ ပြောင်းလဲမှုပါ။ Information တွေကို အခုလိုမျိုး Public ကို ပြည့်ပြည့်စုံစုံ ချပေးတဲ့ အတွက်လည်း အရမ်း ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံတကာမှာလည်း ပြည်သူတွေကို Information တွေ အလွယ်တကူ ရနိုင်အောင် လုပ်ပေးထားတဲ့ အတွက် Developer တွေကလည်း အဲဒီ Information တွေကို အသုံးပြုပြီး ဒီထက်ကောင်းတဲ့ Service တွေ လုပ်နိုင်အောင် အပြိုင်အဆိုင် ကြိုးစားရင်း ဒီ System ကြီးကလည်းပိုပြီး အဆင်ပြေ ချောမွေ့သွားတာပေါ့။ ဒီအပြောင်းအလဲက အရမ်းကောင်းတဲ့ အပြောင်းအလဲလို့ ကျနော် မြင်မိပါတယ်။
မေး။ ။ Yangon Bus Guide Application ရေးဆွဲဖြစ်ခဲ့တဲ့ အကြောင်း ပြောပြပေးပါဦး။
ဖြေ။ ။ Yangon Bus Guide Application ကို ကျနော် ရေးဆွဲဖြစ်ခဲ့တာကတော့ အဓိကက ကျနော် Yangon Bus Service ဆွဲမယ် ဆိုတာ စသိတော့ Facebook မှာ ဓာတ်ပုံတွေ၊ Screen Shot တွေ၊ ဘယ်နံပါတ်တွေ၊ ဘယ်တွေ ဘယ်တွေ ဆွဲမယ် လို့ တင်ထားတာလေးတွေ တွေ့တယ်။ အဲဒီလို တွေ့တော့ ဒီလို ဓာတ်ပုံတွေ ကြည့်ရတာနဲ့ စာရင် Application ဆို ပိုပြီး လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရမယ် လို့ စိတ်ကူးရပြီး ရေးလိုက်တာပါ။ Yangon Bus ကနေ Application ထုတ်မယ် ဆိုတာ ကျနော်သိတယ်။ ဒါပေမယ့် သူတို့ မထွက်ခင်လေးမှာ ပိုပြီးတော့ လွယ်လွယ်ကူကူ ကြည့်လို့ ရအောင် ဆိုပြီး ကျနော် ဒီ Application ကို ရေးဆွဲလိုက်တာပါ။
မေး။ ။ အရင်တုန်းကရော အခုလို Application တွေ ရေးခဲ့ဖူးလား။
ဖြေ။ ။ ကျနော် အရင်က ၂၀၁၂ ခုနှစ်လောက်တုန်းက 1st Myanmar Browser ဆိုတဲ့ Application တခု ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဖုန်းတွေမှာ မြန်မာစာကို Browser မှာ ဇော်ဂျီဖောင့် ဖတ်လို့ မရဘူး။ Root လုပ်ပြီးမှ ဖတ်လို့ရတယ်။ ကျနော်တို့ 1st Myanmar Browser ကကျတော့ မြန်မာဖောင့်ကို Root လုပ်စရာ မလိုဘဲ ဝင်ဖတ်လို့ရတယ်။ ကျနော် တို့ အခု အဲဒီ Application က နောက်ဆုံး Version မှာ ဆိုရင် ဇော်ဂျီဖောင့်ကော၊ ယူနီကုဒ် ကော ဝင်ဖတ်လို့ ရပါတယ်။
မေး။ ။ Yangon Bus Guide Application ကို တယောက်တည်းရေးတာလား၊ အချိန်ဘယ်လောက် ယူခဲ့ရလဲ။
ဖြေ။ ။ Yangon Bus Guide Application က ကျနော် တယောက်တည်း ရေးတာပါ။ ပြောရမယ် ဆိုရင်တော့ ကျနော်က ကိုယ်ပိုင် အလုပ်လုပ်မယ် ဆိုပြီး အလုပ်က ထွက်ထားတော့ အချိန်လည်း အားနေတာနဲ့ ကျနော် တယောက်တည်း ရေးလိုက်တာပါ။ စုစုပေါင်း ၂ ရက်လောက်ပဲ ကြာတယ်။ အချိန် အများကြီးတော့ မကြာဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဒါအတွက် တင်ထားတဲ့ Data တွေက အများကြီးလည်း မရှိတော့ ကျနော်တို့ အနေနဲ့က ဒါကို အဆင်ပြေပြေ ပြဖို့ စီစဉ်ထားတော့ အချိန်အများကြီး မသုံး လိုက်ရပါဘူး။
မေး။ ။ လက်ရှိ ဒီ Application ကို Download ပြုလုပ်သူ ဘယ်နှဦးလောက် ရှိသွားပြီလဲ။
ဖြေ။ ။ အခုလက်ရှိ၊ မနေ့ကထိတော့ ဒီ Application ကို Download ပြုလုပ်သူ ၅၆၀၀၊ ၆၀၀၀ ဝန်းကျင်လောက်တော့ ရှိပြီ။ အသုံးပြုသူတွေ အနေနဲ့ Feedback ပေးကြတာကတော့ တော်တော်များများက သုံးရတာ အဆင်ပြေတယ်။ ကြည့်ရတာလည်း လွယ်ကူတယ် ပြောကြတယ်။ ထပ်ပြီး အကြံပေးကြတာတော့ မြေပုံတွေ ထည့်ပေးဖို့နဲ့ တနေရာကနေ တနေရာသွားရင် ဘယ်မှတ်တိုင်တွေ စီးရမယ် ဆိုတာ မျိုးလေးတွေ အကြံပေးထားတာ ရှိတယ်။
မေး။ ။ Version အသစ် ထပ်ထွက်ဖို့ရော ရှိသေးလား။
ဖြေ။ ။ ထပ်ပြီး Version အသစ်တွေ ထပ်ထွက်ဖို့ ရှိပါတယ်။ ကျနော် မနေ့က YBS Page ကို ဝင်ကြည့်တော့ ဒီထက်ပိုပြီး Data တွေ ထပ်ထုတ်ဖို့ ရှိတယ်လို့ တွေ့တယ်။ Data တွေ ဒီထက်ကောင်းတဲ့ Version နဲ့ ထပ်ဖြည့်ပြီး အသစ်ထပ် ထုတ်သွားဖို့ ရှိပါတယ်။
မေး။ ။ Application က iOS အတွက်ရော ထွက်ဖို့ ရှိလား။
ဖြေ။ ။ Application က အခုလောလောဆယ်တော့ Android ကိုပဲ Focus ထားထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က Application ကို Native ရေးတာပေါ့ နော်။ Web Base မဟုတ်တဲ့ အတွက် ကြောင့် Android ကိုပဲ အဓိကထားပြီး ထုတ်ဖြစ်မယ်။ ဒီ App ကို တောက်လျှောက် Free ပေး သွားမှာပါ။
မေး။ ။ Application အသုံးပြုသူတွေကို ဘာများပြောချင်ပါသေးလဲ။
ဖြေ။ ။ အသုံးပြုမယ့် သူတွေကို ပြောချင်တာက ကျနော် ပထမဆုံး Launch လုပ်တဲ့ နေ့မှာပဲ Facebook က ပိုစ့်ကို အများကြီး Share ပေးကြတယ်။ Share ပေးတဲ့ သူတွေကော အသုံးပြုတဲ့ သူတွေကော ကျေးဇူးတင်ပါတယ်။ ကျနော် အခုလိုမျိုး အပြောင်းအလဲ တခုမှာ ပါဝင်ကူညီခွင့် ရတဲ့အတွက် တကယ် ဝမ်းသာတယ်။ ပြီးတော့လည်း အားလုံးကို ဒီ အပြောင်းအလဲမှာ ချောချောမွေ့မွေ့ ဖြစ်အောင်လည်း တတ်နိုင်တဲ့ ဘက်ကနေ Technically ကူညီသွားဖို့ ရှိပါတယ် လို့။