ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရိုဟင်ဂျာ ကယ်တင် ရေး တပ်မတော် (ARSA) အဖွဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲထားသည့် ကာလမှာ အောက်တိုဘာ ၉ ရက်နေ့ တွင် သတ်မှတ်ရက် ပြည့်ခဲ့ပြီ ဖြစ်သည်။
ထိုနေ့မတိုင်ခင် ၂ ရက်အလိုတွင် ARSA အဖွဲ့က မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းခဲ့သော် လည်း မြန်မာအစိုးရ ဘက်က ပယ်ချခဲ့သည်။
အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်ကြေညာထားသည့် ARSA အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ကဲ့သို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာမှုအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့၏ သဘောထား အမြင်များကို ဧရာဝတီ သတင်းဌာနက စုစည်း ဖော်ပြလိုက်ပါသည်။
ဖဒိုစောကွယ်ထူးဝင်း
ကရင် အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဋ္ဌ
ကျနော်တို့ သမိုင်းကြောင်းအရ ပြောမယ်ဆိုုရင် အဝေးကြီး အရှည်ကြီးပေါ့။ အဓိကက ငြိမ်းချမ်း ရေးကို တွေ့ဆုံ ဆွေးနွေးတယ်ဆိုုတာ အခုတွေ့ဆုံဆွေးနွေးမှုလုပ်တာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တိုင်းရင်းသား အခွင့်အရေးတွေ တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေ။
ARSA ဆိုတာက သူတို့ရဲ့ အခေါ်ပေါ့လေ။ ရိုဟင်ဂျာ ဆိုတာကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း။ သို့သော် လည်း ဒီအဖွဲ့အစည်းက ကိုယ့်ရဲ့ တိုင်းရင်းသား လူမျိုးစု တစုအပေါ်မှာ မူတည်တယ်။ ကျနော် နားလည်တာက တော့ အခု ARSA ဆိုတာက ရိုဟင်ဂျာ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒါက တိုင်းရင်းသား လူမျိုး တမျိုးအနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲဆို တိုုင်းရင်းသားတွေက မူလကတည်းကိုက ဒီတိုင်းပြည်မှာ နေလာခဲ့တဲ့ မွေးဖွား လာခဲ့တဲ့ လူမျိုး ဖြစ်တဲ့အတွက်ကြောင့်။
ဒါက အစိုးရရဲ့ သဘောထား။ နောက်ပြီး ကျနော်တို့အမြင်မှာလည်း တိုုင်းရင်းသား မူလကတည်း က သတ်မှတ် ထားတာ ရှိတယ်။
တိုုင်းရင်းသား အဓိက ၈ မျိုးထဲမှာ ဒီ ရိုဟင်ဂျာ လူမျိုးတော့ မပါဘူး။ ကျနော်တို့ဟာ လူသားချင်း အခြေခံပြော ရင် တမျိုး၊ လူမျိုးနဲ့အခြေခံ ပြောရင်တမျိုး ဖြစ်မှာပေါ့။ ကျနော်တို့ (၈ ဖွဲ့အတွင်း) သဘောထား စုစည်းမှုတွေ ရှိပါ တယ်။
သို့သော်လည်း အဲဒီအဆင့်ထိ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီကိစ္စက တကယ် ထိလွယ်ရှလွယ် ပြဿနာ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ (EAOs) ဘက်က ဒါကို မထုတ်ပြန် တာ ဖြစ်ပါတယ်။ ထုတ်ပြန်ဖို့ အခုလော လော ဆယ် မရှိဘူး။ ကျနော်တို့အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကိုတင်ပြထားတာတော့ ရှိပါတယ်။
ခွန်မြင့်ထွန်း
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ
ARSA အဖွဲ့ကို ကျနော်တို့လည်း မသိဘူး။ သို့သော်လည်းပဲ ဒီဘက်မှာကတော့ ကျနော်တို့ သိသလောက်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့တော့ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား လူမျိုးတမျိုးအနေနဲ့ အသိအမှတ်ပြုထားခြင်း မရှိပါဘူး။ နောက်တခုကတော့ အခု ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အနေနဲ့ အစိုးရက လည်း သတ်မှတ်ထားပြီး ကြေညာထားတယ်။
အဲဒီ အတွက်တော့ လက်ရှိအခြေအနေ အနေအထားကတော့ အစိုးရက အဲဒီလို သတ်မှတ် ထုတ်ပြန်ထားတဲ့ အပေါ်မှာပဲ အစိုးရက ဒီသဘောထား ထုတ်ပြန်ထားတဲ့ အတွက် ARSA က အကြမ်းဖက်အဖွဲ့ ဟုတ်မဟုတ် ဆိုတာကိုပဲ ARSA က ပြန်လည်ရှင်းလင်းဖို့ လိုအပ်မယ်လို့ထင်ပါတယ်။
ကျနော်တို့ကတော့ လွတ်လပ်ရေး မတိုင်မီကာလကတည်းက ဖြစ်လာတဲ့ ပြဿနာလည်း ဖြစ်တယ်။ ဖြစ်တဲ့ အခါ ကြတော့ ကျနော်တို့ အနေနဲ့က နဂိုကတည်းက လွတ်လပ်ရေး မရမီကတည်းက နေလာကြတဲ့သူတွေ လည်း ရှိတယ်။ ထိုနည်းတူ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာကြတဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ ဒီနှစ်ခုလုံးကို လက်ခံ တယ်လို့ ကျနော်တော့ အဲဒီလိုမြင်တယ်။ ဒီနှစ်ခုလုံးပေါ် မြင်ပြီးတော့မှ မျှမျှတတ ဖြေရှင်းနိုင်ဖို့တော့ လိုတယ်။ အခုနလိုပေါ့လေ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့ အနေနဲ့ အစိုးရ က သတ်မှတ် ထုတ်ပြန်ထားတယ်။ ပြီးရင် နောက် အခုဒီ ဆောင်ရွက်တဲ့ ဖြစ်စဉ်တွေမှာလည်း ကျနေ်ာတို့က အကြမ်းဖက် အဖွဲ့အစည်းတရပ်လို လုပ်ဆောင်မယ် ဆိုပြီးတော့လည်း ပြောထားကြတာ ရှိတာကိုး။
ကျနော်တို့ အမြင်ကတော့ ရခိုင်အရေးသည် ကျနော်တို့ ပြည်ထောင်စုရဲ့ အရေးဖြစ်တယ် ဆိုတာကို ရှင်းရှင်း လင်းလင်း သဘောပေါက်တယ်။ ပြည်ထောင်စု တခုလုံးရဲ့ အရေးဖြစ်တယ်။ ရခိုင်ပြည်နယ် တခုတည်းရဲ့ အရေး မဟုတ်ဘူး။ ရခိုင်လူမျိုးတခုတည်း ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အားလုံးက စုပေါင်းပြီးတော့ ဖြေရှင်းရမယ့် ကိစ္စ၊ အားလုံးက စုပေါင်းပြီးတော့ ရင်ဆိုင်ရမယ့် ပြည်ထောင်စု အရေးဖြစ်ပါတယ်။
ဦးခိုင်စိုးနိုင်အောင်
ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP) ဥက္ကဋ္ဌ
ဒီတပ်ပေါင်းစု သမိုင်းမှာ ရိုဟင်ဂျာ နာမည်ခံတဲ့ အဖွဲ့အစည်းတွေ တပ်ပေါင်းစုမှာ ပါဝင်ပြီး ကြိုးပမ်းခဲ့တာတွေ ရှိ တယ်။ ကြိုးပမ်းခဲ့ပြီးတော့ အဲဒီ တပ်ပေါင်းစု အဖွဲ့တိုင်း လိုလိုက လက်မခံဘူး။ ဘာကြောင့်လည်း ဆိုလို့ရှိရင် ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးတခု မဟုတ်ဘူးဆိုတဲ့ အပေါ်မှာ တပ်ပေါင်းစုတိုင်းက လက်မခံ ခဲ့တာ ကြုံခဲ့တယ်။
(ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစု ထုတ် မပြော ဘဲ နှုတ်ဆိတ် နေခြင်းကိစ္စ) အဲဒါကတော့ဗျာ နိုင်ငံတကာ ဖိအားတွေများတော့ နည်းနည်း ရှောင်ကြတဲ့ သဘောပေါ့ဗျာ။
ရခိုင်အရေးဟာ မြန်မာနိုင်ငံ တခုလုံး အရေးဖြစ်တယ်ဆိုတာ ပါသင့်တယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မရှိဘူး။ နောက်တခါ ရိုဟင်ဂျာပြဿနာ ဖြေရှင်းတဲ့အခါမှာ သမိုင်းဆရာတွေနဲ့ ဖြေရှင်းဖို့ လိုတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်ရှိနေတဲ့ ပြဿနာ ပြေလည်စေလိုတယ် ဆိုလို့ ရှိရင် သမိုင်းဆရာနဲ့ အရင် ရှင်းပြီးမှ ပြေလည်နိုင်မှာပါ။
ရိုဟင်ဂျာဆိုတဲ့ ပြဿနာဟာ တိုက်ရိုက်ရှင်းရင် မပြေလည်နိုင်ဘူး။ ဆိုလိုတာက နိုင်ငံသား ပေးသင့်တဲ့သူကို နိုင်ငံသား ပေးရမယ်။ ဧည့်နိုင်ငံသားက ဧည့်နိုင်ငံသားဖြစ်ရမယ်။ နိုင်ငံခြားသားက နိုင်ငံခြားသားဖြစ်ရမယ်။ လက်မှတ်မရှိတဲ့သူတွေကို လက်မခံဘဲ လုပ်ရမယ်။ အဲဒီလိုပုံစံမျိုး လူထုဆန္ဒ သဘောထားဖြစ်တယ်။ ဒီအစိုးရ ကတော့ ချက်ချင်းလုပ်ဖို့ အခက်အခဲဖြစ်တယ်။ ဒါပေမယ့် သူတို့ တဖြည်းဖြည်း လုပ်မယ်လို့ ထင်တယ်။
နိုင်အောင်မငေး
မွန်ပြည်သစ် ပါတီ (NMSP) ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်
ကျနော်မြင်တာကတော့ သူတို့က အားလုံးက မြင်ကြတာ တိုင်းရင်းသား မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးမှုကိုတော့ ပါလို့ မသင့်ဘူးလို့ ထင်ပါတယ်။ အခု လက်ရှိလည်း ကျနော်တို့ တိုင်းရင်းသား တွေ အနေနဲ့လည်း မပြီးသေး(ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု မပြီးသေး) တော့လေ။ တိုင်းရင်းသားလည်း မဟုတ် သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ရပ်တည်ချက် မတူတော့ ပါဝင်လို့ မသင့်ပါဘူး။
ဦးထွန်းဇော်
ရခိုင်အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး
ARSA ဆိုတာကတော့ အကြမ်းဖက်အဖွဲ့အစည်းပဲ ဒါကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းလို့ သတ်မှတ် လို့ မရပါဘူး။ သူတို့ ပေါ်ပေါက်လာပုံ ကလည်း အားလုံး သိတဲ့အတိုင်းပဲနော်။ သူတို့က မကြာခင်က မှ ပေါ်ပေါက် လာတယ်။ ပေါ်ပေါက်လာပုံ ကလည်းပဲ၊ သူတို့ရဲ့ ခေါင်းဆောင်ကလည်းပဲ ပါကစ္စတန် နိုင်ငံကနေ ပေါ်ပေါက်လာပြီးတော့မှ အဲ့ဒီက သင်တန်းတွေနဲ့ လှုပ်ရှားတာ ဖြစ်တယ်။
ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ လှုပ်ရှားမှု ပုံသဏ္ဍာန်နဲ့ နိုင်ငံရေး ရည်ရွယ်ချက်လည်း မတူပါဘူး။ အကြမ်းဖက် အဖွဲ့အစည်း ဆိုတာကတော့ သိသာ ထင်ရှားပါတယ်။ အဲ့ဒါ ကြောင့် လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်ဖို့ဆိုတာကလည်းပဲ အခက်အခဲ ရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဒါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ သတ်မှတ် ခြင်းတော့ မရှိပါဘူး။
ဒုဗိုလ်မှူးကြီး စိုင်းမိန်း
ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)
ARSA အဖွဲ့နဲ့ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ သူတို့ကို သေသေချာချာ သိရှိခြင်းမရှိဘူး၊ သတင်းတွေမှာ တက်လာတဲ့ အကြောင်းအရာတွေလောက်ပဲ တွေ့နေရတာဖြစ်ပါတယ်။ သူတို့အနေနဲ့ တိုက်ခိုက်မှုတွေလုပ် တယ် နောက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆို လာတာတွေအပေါ်မှာတော့ အစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကို အစိုးရနဲ့ လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက်တွေကပဲ အဓိကကျပါတယ်။ ကျနော်တို့ အနေနဲ့ ကတော့ ARSA အဖွဲ့နဲ့ပတ်သက်လို့ အဖွဲ့အတွင်းမှာလည်း ဆွေးနွေးဖြစ်တာမျိုး တခါမှမရှိသေးပါဘူး။
ဧရာဝတီ သတင်းထောက်များဖြစ်သည့် ငြိမ်းငြိမ်း၊ ချစ်မင်းထွန်း၊ ထွန်းထွန်း တို့မှပူးပေါင်းရေးသားသည်။