ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် ခြိမ်းခြောက်မှုတခုဖြစ်နေသော ကပ်ရောဂါ အသွင်ဖြစ်နေသည့် AIDS ရောဂါ ဖြစ်ပွားမှုကို ၂၀၃၀ ခုနှစ်တွင် အဆုံးသတ်ရန် ထိရောက်သော နည်းဗျူဟာများ ချမှတ် အကောင်အထည် ဖော်လျက်ရှိရာ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် စံပြအနေဖြင့် မြန်မာနိုင်ငံသည် အာရုံစိုက်ခြင်း ခံရလျက်ရှိသည်။
ကမ္ဘာပေါ်ရှိ အိပ်အိုင်ဗွီရောဂါအသစ် ဖြစ်ပွားမှု စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို နေရာယူထားသော နိုင်ငံပေါင်း ၃၅ နိုင်ငံတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ စတင်ကာ၊ နိုင်ငံတွင်းရှိ ရောဂါအသစ် ဖြစ်ပွားမှုမှာ ၂၄ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပြီး AIDS နှင့် ဆက်စပ်နေသော သေဆုံးမှုများမှာလည်း ၄၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။
အဆိုပါ ကိန်းဂဏန်းများ၏ နောက်ကွယ်တွင် သန္တာလင်းကဲ့သို့သော အိပ်ချ်အိုင်ဗွီပိုး ရှိနေသော်လည်း အားမာန် အပြည့်ဖြင့် လုပ်ငန်း လုပ်ဆောင်နိုင်စွမ်းရှိသည့် ဘဝကို အထိခိုက်မခံသော အမျိုးသမီးများ ပေါ်ထွက်လာသည်။ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရခြင်း မရှိသော ကလေးသုံးယောက်၏ မိခင်လည်းဖြစ်သော အဆိုပါ အမျိုးသမီးသည် လက်မှုပညာ လုပ်ငန်းများမှတဆင့် ဝင်ငွေရစေနိုင်သော လူထုအခြေပြု အဖွဲ့တဖွဲ့ကို ဦးဆောင်လုပ်ကိုင်လျက် ရှိပါသည်။
AIDS ရောဂါကုသမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်၏ ကြိုးပမ်းမှုများမှာလည်း အံ့မခန်း ပင် ဖြစ်ပါသည်။ ယင်းတို့တွင် ကလေးသူငယ်များအကြား ရောဂါအသစ် ဖြစ်ပွားမှုကို ပပျောက်စေရန် ကြိုးစား အားထုတ်မှု အများအပြား ပါဝင်ပါသည်။ အိပ်ချ်အိုင်ဗွီပိုး ရှိသော မိခင်မှသန္ဓေသား/ ကလေးသို့ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုကို ကာကွယ်ခြင်း (PMTCT) စီမံချက်တွင် သန္ဓေသားသို့ ရောဂါကူးစက်နိုင်သည့် အန္တရာယ်ကို လျှော့ချပေး နိုင်ရန် အိပ်ချ်အိုင်ဗွီပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်များကို အေအာရ်တီဆေးကုသမှုပေးသည့်လုပ်ငန်းများ ပါဝင်ပါ သည်။ ယခုအခါတွင် အိပ်ချ်အိုင်ဗွီပိုး ရှိနေသော ကိုယ်ဝန်ဆောင်မိခင်များ၏ ၇၇ ရာခိုင်နှုန်းသည် ဆေးကုသမှု ရရှိနေကြပါသည်။
သန္တာလင်း၏ ပျော်ရွှင်မှုများမှာ ကြည်နူးစရာ ကောင်းလှပါသည်။ သူမ၏ အငယ်ဆုံးသားလေးမှာ အားမာန်အပြည့်နှင့် ဖြစ်သည်။ သူမသည်လည်း သားငယ်၏ မနက်စောစောထွေးပွေ့နှုတ်ဆက်မှုတို့ကို တစိမ့်စိမ့်ခံစားကာ သားငယ်၏ အနာဂတ်အတွက် မျှော်လင့်ချက် အပြည့်ဖြင့် နေထိုင်လျက်ရှိပါသည်။
လွန်ခဲ့သော ၃ နှစ် အတွင်းတွင် အေအာရ်တီကုထုံးကို လက်လှမ်းမီ အသုံးပြုနိုင်သော အိပ်ချ်အိုင်ဗွီပိုး ရှိသူ အရေ အတွက်မှာ သုံးဆနီးပါး တိုးတက်လာသည်ကို တွေ့ရပါသည်။ ယခုအခါတွင် ခန့်မှန်းလူနာ (၁၁၅၀ဝဝ) ခန့်မှာ ကျန်းမာ၍ အသက်တာရှည်သော ဘဝများတွင် ပျော်ရွှင်ခံစားနေကြပြီ ဖြစ်ပါသည်။ ၎င်းတို့သည် စွမ်းဆောင်ရည် ပြည့်ဝပြီး လူ့အသိုင်း အဝိုင်းတွင် အမှီအခို ကင်းသည့် နိုင်ငံသားများ အဖြစ်ဖြင့် လုပ်ငန်းများတွင် ပါဝင်ပံ့ပိုးနိုင်ပြီ ဖြစ်ပါသည်။
အာရှနှင့် ပစိဖိတ်ဒေသများရှိ အေအာတီကုထုံးပေးနိုင်မှုမှာ ပျမ်းမျှအားဖြင့် ပိုးရှိသူများ၏ ၄၁ ရာခိုင်နှုန်းသာ ရှိသော်လည်း မြန်မာနိုင်ငံသည် အိပ်ချ်အိုင်ဗွီပိုး ရှိသူများ၏ ထက်ဝက်ကျော်ကို မည်ကဲ့သို့ ကုသမှုပေးနိုင်ရပါသနည်း။
ဤသည်မှာ လုံလောက်သော ငွေကြေးထောက်ပံ့မှု ရရှိ၍ဖြစ်သည်ဟု ယူဆဖွယ် ရှိပါသည်။ မြန်မာနိုင်ငံသည်ငွေကြေး ဆိုင်ရာ အထောက်အပံ့များကို ပြင်ပအရင်းအမြစ်များမှလည်း ရရှိလျက်ရှိပါသည်။ သို့ရာတွင် အောင်မြင်သော အိပ်ချ်အိုင်ဗွီ စီမံချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများမှာ ရက်ရောမှု ရှိလှသော အလှူရှင်များရှိခြင်းထက် ပိုမို ကျယ်ပြန့်ပါသည်။ နိုင်ငံတော် အစိုးရမှလည်း အလျင်အမြန် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ရန်ဟူသော မျှော်မှန်းချက် နှင့် ကတိကဝတ်ထားရှိကာ တိကျသော ဦးဆောင်မှုကို ပေးနိုင်ခဲ့သည်။ ထိုပြောင်းလဲမှုကို အစိုးရနှင့် မိတ်ဖက်အဖွဲ့ အစည်းများတွင် စိတ်အားထက်သန်စွာ လုပ်ကိုင်နေသော ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းဖော်ဆောင် ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် မြို့ကြီးများရှိ ဆေးရုံအနည်းငယ်တွင်သာ ရရှိနေသော အိပ်ချ်အိုင်ဗွီ ဝန်ဆောင်မှုများကို နိုင်ငံတဝှမ်း ရရှိစေရန် ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးနှင့် ကုသရေး စီမံချက်များမှာ ဝေးလံခေါင်ဖျားဒေသများ အပါအဝင် နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၁၄၀ တွင် ရရှိနေပြီ ဖြစ်သည်။
အေအာတီ ကုထုံးခံယူသူများ အတွက် အနီးအနားတွင် အလွယ်တကူဆေးရရှိစေရန် ဆောင်ရွက်ပေးလိုက်နိုင် ခြင်းသည် အကျိုးအမြတ်များစွာ ပြန်လည်ရရှိစေခဲ့သည့် ဆန်းသစ်သော ပြောင်းလဲမှုတခု ဖြစ်ပါသည်။ အိပ်ချ်အိုင်ဗွီပိုး ရှိသူများ အတွက် ရှေးယခင်ကကဲ့သို့ မြို့ပြဆေးရုံများသို့ မကြာခဏခရီးရှည် ထွက်ရခြင်းမျိုး မရှိတော့ဘဲ အကျိုး ဖြစ်ထွန်းသော ဘဝများတွင် အသက်ရှင်ရပ်တည်ရန် ပို၍ လွယ်ကူသွားစေပါသည်။ ထို့ပြင် ကုန်ကျစရိတ် များလှသော ခရီးစရိတ်နှင့် တည်းခိုစရိတ်များအတွက် ကုန်ကျရန် မလိုအပ်တော့သည့်အတွက် မိသားစုဝင်များအဖို့ ငွေပိုငွေလျှံများ ရရှိလာခဲ့ပါသည်။
၎င်းတို့မှာ ထူးခြားသော အောင်မြင်မှု၊ ရည်မှန်းချက်ပြည့်မီမှုများ ဖြစ်သော်လည်း စိန်ခေါ်မှုများလည်း ရှိနေပါသေးသည်။
ကုသရေးတွင် လူနာများ ပိုမိုလက်ခံလာနိုင်ခြင်း ဟူသော အောင်မြင်မှုသည်ပင် စိန်ခေါ်မှု တရပ်ဖြစ်နေခဲ့ပါသည်။ အကြောင်းမှာ အဆိုပါစီမံချက်တွင် လူနာများကို တသက်စာ ဆေးဝါးထောက်ပံ့ပေးနိုင်ရန် ကုန်ကျစရိတ်များ ပါဝင်နေ ပါသည်။ ကုသရေးကို လက်လှမ်းမမီသေးသော လူနာ မြောက်မြားစွာ ရှိနေပါသေးသည်။ အကယ်၍ ထိုကျန်ရှိနေသေး သော သူများပါ လက်လှမ်းမီအသုံးပြုကြမည် ဆိုပါက ၎င်းတို့သည်လည်း ဆေးဝါးများပုံမှန် ပံ့ပိုးမှုကို လိုအပ်မည် ဖြစ်သည်။
ဤသည်မှာ နိုင်ငံတော် အရင်းအမြစ်အပေါ် ကျရောက်နေသည့် အလွန်ကြီးမားသော ဝန်ထုပ်ဝန်ပိုးတရပ် ဖြစ်ပါသည်။ သို့ရာတွင် ကျန်းမာရေးကဏ္ဍသည် လုပ်ငန်းတာဝန်များ ရွှေ့ပြောင်းခြင်း၊ ယခင်က ဆရာဝန်များသာ သီးသန့် လုပ်ဆောင်ခဲ့ရသော ပုံမှန်ကုသရေး ဆိုင်ရာ စီမံခန့်ခွဲမှုကဲ့သို့သောလုပ်ငန်းအချို့ကို လုပ်ဆောင်နိုင်ရန် သူနာပြုများ အား သင်တန်းပေးခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် ပို၍ ထိရောက်မှုရှိသော ကဏ္ဍတရပ် ဖြစ်လာခဲ့ပါသည်။
မြန်မာနိုင်ငံသည် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပြီး တာဝန်ဝတ္တရားများကိုလည်း မျှဝေ ထမ်းဆောင်လျက် ရှိပါသည်။ လွန်ခဲ့သော ၄ နှစ် အတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အိပ်ချ်အိုင်ဗွီ ကဏ္ဍအတွက် အရင်းအမြစ်များကို ရှစ်ဆ တိုးမြှင့်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် အိပ်ချ်အိုင်ဗွီ စီမံချက် အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၁၆ သန်းကို လျာထားခဲ့ပါသည်။
ကြီးမားသော အခက်အခဲနောက်တခုမှာ အိပ်ချ်အိုင်ဗွီပိုး ရှိသူများ ဝန်ဆောင်မှု ရှာဖွေခြင်းကို ဟန့်တားနေသည့် အဆိုးမြင်ခြင်းနှင့် ခွဲခြားနှိမ့်ချဆက်ဆံခြင်းများကို ရင်ဆိုင်ဖြေရှင်းရခြင်းပင် ဖြစ်ပါသည်။ လူတို့သည် မိမိတွင် အိပ်ချ်အိုင်ဗွီပိုး ရှိမရှိ စစ်ဆေးရန် နှောင့်နှေးနေမည် ဆိုပါက၊ ကုသရေးလုပ်ငန်းများကိုလည်း အချိန်မီ မရရှိနိုင်ဘဲ ကျန်းမာစွာ နေထိုင်နိုင်မည် မဟုတ်ပေ။ ကုသမှုစတင်ရန် နောက်ကျသူတို့မှာ ကုသမှုအပေါ် ထိရောက်မှု အားနည်းပြီး နောက်ဆက် တွဲရောဂါများ ဖြစ်နိုင်ခြေများကာ သက်တမ်း တိုစေနိုင်ပါသည်။
နိုင်ငံတော်အစိုးရသည် လိင်လုပ်သားများ၊ အမျိုးသားချင်း လိင်ဆက်ဆံသူများ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ ခံယူထားသူများ၊ မူးယစ်ဆေးဝါးထိုးသူများနှင့် ရွှေ့ပြောင်းလုပ်သားများ အပါအဝင် အဓိက ဦးတည်အုပ်စုများကို ကိုယ်စားပြုသော လူထုအဖွဲ့များနှင့် ခိုင်ခိုင်မာမာမိတ်ဖက် ဖွဲ့ခြင်းများ လုပ်ဆောင်ကာ အဆိုးမြင်ခြင်းနှင့် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်းကိုလျှော့ချနိုင်ရန် ကြိုးပမ်းလျက် ရှိပါသည်။ အဆိုပါအဖွဲ့များသည် ဘဝတူများကို နှစ်သိမ့်ဆွေးနွေးပေး ခြင်း၊ အဓိက ဦးတည်အုပ်စုများထံသို့ လက်ကမ်းစောင့်ရှောက်မှု ပေးခြင်းများ လုပ်ဆောင်ရန် ဆေးရုံများနှင့် လက်တွဲလုပ်ကိုင် လျက်ရှိပါသည်။
ရောဂါအသစ်ဖြစ်ပွားမှုကို တားဆီးရန်နှင့် တဦးချင်း၊ မိသားစုများနှင့် လူထုအတွင်းရှိ ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးအရ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ကာကွယ်ရေး ဝန်ဆောင်မှုများကို နိုင်ငံတော်အဆင့် တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများ၏ အစိတ်အပိုင်းအဖြစ် ခိုင်ခိုင်မာမာ မြှင့်တင်ဆောင်ရွက်နိုင်ရန် မိတ်ဖက်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင် ရာတွင် ကြိုးပမ်းအားထုတ်မှုများ ပိုမို လိုအပ်ပါသည်။ ကာကွယ်ရေး လုပ်ငန်းများအတွက် ငွေကြေးပံပိုးမူများသည် ကျဆင်းလျက်ရှိသည့် အဓိက ပြဿနာတရပ် ဖြစ်နေသည်။
မြန်မာနိုင်ငံမှ ရရှိခဲ့သော အံအားသည့်ဖွယ် ရလဒ်များ၏ အဓိက ပါဝင်မှုနောက်တခုမှာ နိုင်ငံတော်အစိုးရ အနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အိပ်ချ်အိုင်ဗွီပိုး ရှိသူများနှင့် အတူတကွ ဖော်ဆောင်နိုင်ခဲ့သော ဤမိတ်ဖက် လုပ်ဆောင်သည့် နည်းလမ်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ တုံ့ပြန်ရေး လုပ်ငန်းများ၏ တိုးတက်မှုမှာ အံ့မခန်း ဖြစ်ပါသည်။ ကုသရေး လုပ်ငန်းများ အလျင်အမြန် တိုးမြှင့်လုပ်ဆောင်ရန် မဖြစ်နိုင်ဟု တွေးထင်ခဲ့ကြသော်လည်း မြန်မာနိုင်ငံက နမူနာပြသနိုင်ခဲ့ပါသည်။
(Eamonn Murphy သည် UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ တဦးဖြစ်သည်။)