ရန်ကုန်မြို့တော်ရဲ့ ဘတ်စကားစနစ်သစ်ကို ဇန်နဝါရီ ၁၆ မှာပဲ စတင်လိုက်ပါပြီ။ စေတနာ့ဝန်ထမ်း လူငယ်လေးတွေ အခမဲ့ကူညီပေးနေကြတာတွေ၊ အခမဲ့ကားတွေ တနိုင်တပိုင် ဝင်ဆွဲပေးသူတွေ၊ ကားလမ်းကြောင်းမသိလို့ အခက်အခဲဖြစ်နေတဲ့ ခရီးသည်တွေနဲ့ ရန်ကုန်ဘတ်စကားခေတ်ပြောင်းတော်လှန်ရေးဂယက်က လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရိုက်ခတ်လာပါတယ်။
အပြောင်းအလဲမှာ အခက်အခဲတချို့ ကြုံတွေ့ကြရလို့ စိတ်ကသိကအောက်ဖြစ်ကြသူတွေရှိသလို စနစ်တခုကို အမြစ်ကလှန်လိုက်တာဖြစ်လို့ သည်းခံစိတ်မွေးပြီး အပြောင်းအလဲကို
လိုက်ပါစီးမြောကြသူတွေလည်း ရှိတယ်။ မည်သို့ပင်ဆိုစေ မထသ ကနေ ဝိုင်ဘီအက်စ်ကို ပြောင်းလဲခဲ့ကြပါပြီ။
လူဦးရေ ၆ သန်းနီးပါးရှိတဲ့ ရန်ကုန်မှာ နေ့စဉ်ယာဉ်လိုင်းအသုံးပြုသူ ၂ သန်းနီးပါးရှိနေတာမို့ ယာဉ်လိုင်းစနစ်တစ်ခုလုံးကို အမြစ်ကလှန်ပြီး ပြုပြင်ပြောင်းလဲဖို့ဆိုတာ ခက်ခဲပင်ပန်းတဲ့ အလုပ်ဖြစ်ပါတယ်။ စနစ်ဟောင်းကို ပြောင်းပေမယ့် စနစ်သစ်ကို စနစ်ဟောင်းမှာ ရှိခဲ့တဲ့ အရင်းအမြစ်တွေကိုပဲ ပြန်အသုံးချရတာမို့ စနစ်ဟောင်းက အကျင့်ဟောင်းတွေ စနစ်သစ်မှာ ပြန်ပါလာမလား စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။
အထူးသဖြင့် လူမိုက်ဆန်ဆန် ယာဉ်မောင်းတွေနဲ့ ယာဉ်နောက် လိုက် တွေကို သည်းခံလာခဲ့ရတာ ဆယ်စုနှစ် မကတော့ဘူး။ လုမောင်း ပြိုင်မောင်း အတင်း ကျော်တက်
တယ်ဆိုတာ ရန်ကုန်ယာဉ်မောင်း အများစုရဲ့ ရိုးရာလိုဖြစ်နေပြီ။ ခရီးသည်ကို အနိုင်ကျင့် အော်ဟစ် ခြိမ်းခြောက် ဆဲဆို ငေါက်ငမ်းဆိုတာ ယာဉ်နောက်လိုက်တွေရဲ့ အပြုအမူလို့သာ ခရီးသွားတွေက သဘောထား နေရတဲ့ အခြေအနေ။ ဒီအခြေအနေတွေ စနစ်သစ်ထဲမှာ ဆက်မြင်ကြရဦးမှာလား။
အရင် အုပ်ချုပ်ရေးလက်ထက်တွေတုန်းကတော့ အာဏာရှိသူတွေဟာ မြို့နေလူထုရဲ့ နေ့စဉ်ဘဝဒုက္ခတွေကို မသိကျိုးကျွံပြုခဲ့ကြတယ်။ အများပြည်သူ ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးထက် ငွေကြေးအမြတ်ကို ဦးစားပေးလိုတဲ့ ဘတ်စ်ကားလိုင်းကုမ္ပဏီတွေကိုပဲ ဦးစားပေးခဲ့ကြတယ်။ ဘယ်နိုင်ငံမှာမဆို အများ ပြည်သူ သယ်ယူ ပို့ဆောင်ရေး (Public transporation) က အရေးကြီးပါတယ်။ မြို့သူမြို့သားတွေ လုံခြုံချောမွေ့စွာ အလွယ်တကူ သွားလာနိုင်ဖို့ ပြည်သူ ရွေးချယ်တဲ့ အစိုးရတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ အခု သက်သေပြဖို့ အစိုးရသစ်က သက်သေပြဖို့ ကြိုးစားနေတယ်လို့ မှတ်ယူပါတယ်။
ရန်ကုန်တိုင်း အစိုးရသစ်တက်လာပြီးကတည်းက ငွေရှိမှ ရေကစားနိုင်တဲ့ သင်္ကြန်မဏ္ဍပ်တွေကို ရပ်ဆိုင်းပစ်တာ၊ လမ်းဘေးဈေးသည်တွေအတွက် ညဈေးတန်းဖွင့်ပေးတာ၊ ကုန်တင်ယာဉ်တွေကို အချိန်သတ်မှတ်ပြီး မောင်းနှင်စေတာတွေ ဆောင်ရွက်လာခဲ့တာ နိုင်နိုင်နင်းနင်း အောင်အောင်မြင်မြင် ဖြစ်ခဲ့ပေမယ့် ရန်ကုန်ဘတ်စ်ကားစနစ် အောင်မြင်နိုင်ဖို့ကတော့ အချိန်ယူဖြေရှင်းရမယ့်ကိစ္စဖြစ်ပါတယ်။ မြို့ပြင်က မြို့ထဲအလုပ်လာဆင်းရတဲ့ နေ့စား ပျံကျအလုပ်သမားတွေ ကား ၂ ဆင့် ၃ ဆင့်စီးရလို့ ဘတ်စ်ကားခ တတ်နိုင်မယ် မဟုတ်ပါ။ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေအတွက်ဆို ထည့်တောင် မစဉ်းစားနိုင်သေးပါဘူး။
စနစ်ဟောင်းကို စနစ်သစ်နဲ့ အစားထိုးရာမှာ အထစ်အငေါ့ မပြေလည်စရာတွေနဲ့လည်း တွေ့ကြုံရမယ်ဆိုတာ ကားပြောင်းစီးရမယ့်ဂိတ်တွေမှာ ခရီးသွားပြည်သူတွေ စုပြုံနေတာက သက်သေပါပဲ။ ဒါကလည်း အလျင်အမြန် ပြင်ဆင်ပြုပြင်ရပါလိမ့်မယ်။ ထပ်တိုး ဘတ်စ်ကားများသာမက ရထားနဲ့ မြစ်ကြောင်းသွား ရေယာဉ်တွေပါ ထပ်မံဖြည့်တင်းပေးဖို့လည်း ရန်ကုန်တိုင်းအစိုးရက စီစဉ်နေတာ သိရတာမို့ ရှေ့လျှောက် အများပြည်သူဝန်ဆောင်မှု သယ်ယူပို့ဆောင်ရေးဟာ ပိုမိုတွင်ကျယ် ကောင်းမွန်လာမယ်လို့လည်း မျှော်လင့်ပါတယ်။
ကဲ … ဘတ်စ်ကားခေတ်ပြောင်း တော်လှန်ရေး စတင်ခဲ့ပါပြီ။ နောက်ပြန်လှည့်လို့ မရတော့ပါဘူး။ စေတနာကောင်းတခုတည်းနဲ့ မလုံလောက်ဘဲ စီမံခန့်ခွဲ အုပ်ချုပ်မှု စွမ်းရည်နဲ့ပါ သက်ဆိုင်နေတာမို့ ဒီဘတ်စ်ကားစနစ်သစ် အောင်မြင်မယ် ကျရှုံးမယ်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းရဲ့ အောင်မြင်မှု ကျရှုံးမှုပါပဲ။