မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်နွံတွင်း၌ မွန်းနစ်နေခဲ့ရသော နိုင်ငံဖြစ်သည်။ တနည်း အားဖြင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ကို တွေ့ကြုံခံစားနေရသော နိုင်ငံဟု ဆိုနိုင်သည်။
ပြည်တွင်းစစ် စတင်ခြင်းနှင့် လွတ်လပ်ရေးရရှိခြင်းသည် မရှေးမနှောင်း ဖြစ်သဖြင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်ခဲ့သော ၆၉ နှစ်မြောက်လွတ်လပ်ရေးနေ့သည် ပြည်တွင်းစစ် ၆၉ နှစ် ကြာခဲ့သည်ကိုလည်း အမှတ် ရစေခဲ့သောနေ့တနေ့လည်းဖြစ်သည်။
လွတ်လပ်ရေးနှင့် ပြည်တွင်းစစ်ကို ဆက်စပ်၍ အမှတ်ရခြင်းသည် ဒီမိုကရေစီအကူးအပြောင်းကာလအတွက် သတိပေး နေသကဲ့သို့ ရှိပါသည်။ ပြီးခဲ့သည့် ၂၀၁၆ခုနှစ် တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ၂၁ ရာစု ပင်လုံ ညီလာခံ( ပထမအကြိမ်) ကို ကျင်းပပြီးစီးခဲ့သည်။သို့တိုင် သေနတ်သံများ ပျောက်ကွယ်မသွားခဲ့ပေ။
ငြိမ်းချမ်းရေးစကားဝိုင်းများ၊ တိုက်ပွဲများ၊ လက်နက်ကိုင်ပဋိပက္ခများ ရောပြွမ်းနေသဖြင့် ယနေ့ခေတ်ကို စစ်နှင့်ငြိမ်းချမ်းရေး ခေတ်ဟုပင် အမည်ပေးနိုင်ကောင်းပါသည်။
လွတ်လပ်ရေး၊ ပြည်တွင်းစစ်၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု စသည့် စကားလုံးများသည် “စစ်နှင့် ငြိမ်းချမ်းရေး ခေတ်” တွင် ပဲ့တင်ထပ်နေသည်။ နိုင်ငံရေးသမားများ၊ လေ့လာသုံးသပ်သူများ၊ ပညာရှင်များအတွက် မြန်မာ့နိုင်ငံရေးသည် အဆုံးသတ်အဖြေရှာတွေ့ရန်မလွယ်သေးသော ပြဿနာကြီးတရပ်ဖြစ်နေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လား၊ တန်းတူညီမျှမှုကို မဖော်ဆောင်နိုင်သောကြောင့်လား၊ ပဋိပက္ခအခြေပြု စီးပွားရေး ကြောင့်လား၊ သယံဇာတကျိန်စာကြောင့်လား၊ လူမျိုး ဘာသာ ကွဲပြားမှုများကြောင့်လား စသဖြင့် ထည့်သွင်းတွက်ချက် စရာတွေ များပြားလွန်းလှသည်။
ပြည်ထောင်စုအမြင်နှင့် တရားမျှတမှု
မြန်မာ့ပြဿနာအတွက် ရှေးဦးပဏာမအနေနှင့် အလိုအပ်ဆုံးအချက်မှာ ယုံကြည်မှုတည်ဆောက်ရေး ဖြစ်ပါသည်။ ပြည် တွင်းစစ်ရှည်ကြာသည်နှင့်အမျှ လူမျိုးစုများအကြား ယုံကြည်မှုပျက်ပြားလာခဲ့သည်မှာ ယနေဆိုလျှင် သုညမှ ပြန်ပြီး တည် ဆောက်ရသည့်အခြေသို့ရောက်ခဲ့ပါပြီ။
ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခြင်းမရှိသရွေ့ငြိမ်းချမ်းရေးဆိုသည်မှာ အိပ်မက်သာသာ ဖြစ်နေမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာလည်း စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေပါလိမ့်မည်။ ဤအချက်အပေါ်တွင် အငြင်း ပွားစရာ ရှိမည်မထင်ပါ။ သို့သော် ယုံကြည်မှုတည်ဆောက်ရန်အတွက် လက်တွေ့အခက်အခဲက မည်သည့်အရာ ဖြစ်သ နည်းဆိုသည်ကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲရန် လိုအပ်ပါလိမ့်မည်။
ဖက်ဒရယ်ပြည်ထောင်စုနှင့်ဆက်နွယ်၍ ပြောဆိုကြရာတွင် တန်းတူညီမျှရေးဟူသောအချက်ကို အဓိက ဦးစားပေးပြီး ပြော ဆိုတတ်ကြသည်။ တန်းတူညီမျှရေးကို မဖော်ဆောင်နိုင်ခဲ့သောကြောင့် အချင်းချင်း ယုံကြည်မှု ပျက်ပြားနေခြင်းဟုလည်း ကောက်ချက်ချနေကြသည်။
လက်ရှိအနေအထားအရ တန်းတူညီမျှရေးဆိုသည်ကို မျှော်မှန်းနေလျှင် အလှမ်းဝေးနေလိမ့်မည်ဟု ယူဆမိပါ သည်။ ရှည်ကြာခဲ့သော လက်နက်ကိုင်ပဋိပက္ခကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ လူမျိုးစုများ ကြား အကွာခြားကြီး ကွာခြားခဲ့ပါပြီ။ နိမ့်ကျသူက နိမ့်ကျလှပြီး ကြီးမြင့်သူက ကြီးမြင့် လွန်းလှခြင်း၊ တိုးတက်သူက တိုး တက်လှပြီး ဆုတ်ယုတ်သူက ဆုတ်ယုတ်လွန်းလှခြင်း၊ ပေါများသူက ပေါများလှပြီး ရှားပါးသူက ရှားပါးလွန်းလှခြင်း စသဖြင့် အဆင့်အတန်းနှင့် အခွင့်အလမ်းတို့ကွာဟချက်ကြောင့် တန်းတူညီမျှပါမှ ယုံကြည်မှု ရမည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သုညက တက်နိုင်တော့မည် မဟုတ်ပါ။
သို့ဆိုလှျှင် မည်သည့်အချက်ကို ယခုအချိန်တွင် ပဓာနထားသင့်သနည်း ဟူသော မေးခွန်း ပေါ်လာပါမည်။ စာရေးသူ အတွက်တော့ တန်းတူညီမျှမှု ဆိုသည်ထက် တရားမျှတမှုက လက်ရှိ အခြေအနေတွင်ပိုပြီး ပဓာန ကျသည်ဟု မြင်မိပါ သည်။
တရားမျှတမှုနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖြစ်နေသည့် အနေအထားသည် တရားမျှတမှုကို မဖော်ဆောင် နိုင်သောကြောင့် ရင်ကြားမစေ့နိုင်၊ တရားမျှတမှုမရှိသော ကြောင့် ယုံကြည်မှု မတည်ဆောက်နိုင်၊ တရားမျှတသော ခွဲဝေခံစားမှု မရှိသည့်အတွက် သယံဇာတ ပေါကြွယ်ဝခြင်းသည် ပင်လျှင် ပဋိပက္ခကို ဖန်တီးသော အကြောင်းတရား ဖြစ်နေသကဲ့သို့ ရှိသည်။ ထို့ကြောင့် တရားမျှတမှုသည် အရေးတကြီး ဖော်ဆောင်ရမည့် အရာဖြစ်လာသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က တရားမျှတမှုကို မဖော်ဆောင်နိုင်ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာဟု ထောက်ပြကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေက တရားမျှတမှုကို အာမ မခံသဖြင့် နိုင်ငံရေး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဦးမည်ဟု ကောက်ချက်ချသည်။
နိုင်ငံတနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားမျှတမှုကို မဖော်ကျူးနိုင်သရွေ့တိုင်းသူပြည်သား အချင်းချင်းကြား စိတ် ဝမ်းကွဲပြားနေကြရမည်ဟူသော အဆိုမှာ အငြင်းပွားစရာ မရှိပါ။ သို့သော် တရားမျှတမှုဟူသည် လွယ်လွယ်နားလည်နိုင် သော အရာ မဟုတ်သည်ကိုလည်း သိထားရပါမည်။
တရားမျှတမှုနှင့် တန်းတူအခွင့်အရေး
တရားမျှတမှု ( Justice ) နှင့် တန်းတူညီမျှမှု ( Equality) သည် မြန်မာ့နိုင်ငံရေးတွင် ဆင်ခြင်စရာအကောင်းဆုံး သဘော တရားများ ဖြစ်သည်။ တန်းတူညီမျှမှ တရားမျှတမည်ဟု ကောက်ချက်ချတတ်သည်။ သို့သော် တန်းတူညီမျှတိုင်း တရား မျှတမှု မရှိသည့်သဘောကို ထည့်သွင်းစဉ်းစားမှ တချို့ ပြဿနာများ ပြေလည်နိုင်မည်ကို သတိထားရန် လိုအပ်ပါသည်။
ဂျွန်ရော (John Rawls) ၏ တရားမျှတမှုသဘောတရားတစ်ခုဖြစ်သော ( A Theory of Justice) စာအုပ်ကို အနည်းငယ် ကိုးကားချင်ပါသည်။
ထိုစာအုပ်သည် ၁၉၇၁ ခုနှစ်က ထုတ်ဝေခဲ့ပြီး ကမ္ဘာကို ရိုက်ခတ်ခဲ့သော စာအုပ်တအုပ်လည်းဖြစ်သည်။ ဂျွန်ရောက သူ ၏စာအုပ်တွင် သေချာစွာရှင်းလင်းဖွင့်ဆိုခဲ့သည့် မဖြစ်မနေ မှတ်သားထိုက်သော အချက်တချက် ရှိပါသည်။ တရားမျှတ မှုသည် တန်းတူ ညီမျှမှုနှင့် အတူတူဟု ထင်တတ်ကြသော်လည်း ( ဂျွန်ရော၏ သီအိုရီ အရ ) ယင်းသဘော တရားနှစ်ခု သည် ကွဲလွဲနေတတ်ဟု ထောက်ပြခဲ့သည်။
တန်းတူညီမျှဆိုသည့် သဘောသည် အညီအမျှခွဲဝေရရှိသည့် သဘောဖြစ်သည်။ ယင်းသို့တန်းတူညီမျှစွာ အခွင့်အရေးခွဲဝေရရှိခြင်းသည် အဆင့်အတန်းတူသည့် ဘက်နှစ်ဖက်အတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်သော်လည်း နဂိုကတည်းက အဆင့်အတန်းမတူညီသည့် ဘက်နှစ်ဖက်အတွက်တော့ တရားမျှတမှုကို ပိုပြီးတိမ်းစောင်းသွားစေနိုင်ပါသည်။ အထူးသ ဖြင့် ပြည်ထောင်စုစနစ်ကို ဖန်တီးလိုပါက ယင်းအချက်ကို သတိကောင်းကောင်းထားသင့်ပါသည်။
ဂျွန်ရော၏တရားမျှတမှု သီအိုရီအရမူ နိမ့်ကျနေသည့်သူကို အခွင့်အရေးပိုပေးမှသာ တရားမျှတသည်ဟု ဖွင့်ဆိုထားသည်။ ဥပမာ ချင်းပြည်နယ်တွင်ရှိနေသော ၁၀ တန်းကျောင်းသားတယောက်သည် ရန်ကုန်မြို့တွင် ရှိနေသော ၁၀ တန်းကျောင်း သားတယောက်ကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့သို့ မယှဉ်နိုင်သည့်အတွက်လည်း ဆေးတက္ကသိုလ်တက်ခွင့်ရရှိသူများတွင် ရန်ကုန်က ကျောင်းသားများကသာ အမြဲ များပြားနေပါမည်။ ရန်ကုန်က ကျောင်းသားများက အခွင့်အလမ်းသာနေသည့်အတွက် ရန်ကုန်တွင်သာ ဆရာဝန်ဦးရေ များပြားမည်။ ချင်းပြည်နယ်ကမူ ထိုသို့ ဖြစ်ရန် အခွင့်အလမ်း နည်းပါးသည်။ ထို့ကြောင့် ချင်းပြည်နယ်က လူကို ဟန်းဒီကက် ( Handicap) ပေးပါမှ တရားမျှတမည်ဟု ဂျွန်ရော၏ သီအိုရီအရ ကောက်ချက်ချရမည်ဖြစ်သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေစုစုပေါင်း ၄၇၈ ၈၀၁ ဦးရှိပြီး၊ ယင်းအနက် ယောကျ်ားဦးရေ ၂၂၉ ၆၀၄ ဦးနှင့် မဦးရေ ၂၄၆ ၁၉၇ ဦးရှိကြောင်းသိရသည်။
စာတတ်မြောက်မှု ရာခိုင်နှုန်းအား လေ့လာရာတွင် ၁၅ နှစ်နှင့်အထက် စာတတ်မြောက်သူ ပမာဏ ၇၁ ဒဿမ ၉ရာခိုင် နှုန်း ရှိကြောင်း သိရသော်လည်း တက္ကသိုလ်အဆင့်သို့ရောက်သည့် ကျောင်းသား ဦးရေ ၉၉၉၄ ဦးသားရှိ ပြီး ဘွဲလွန်တက် နိုင်သူ ၉၃၉ ဦးသာ ရှိကြောင်း သိရှိရသည်။ အသက်မွေးဝမ်းကြောင်းသင်တန်း တက်ရောက်နိုင်သူဦးရေ ၃၁၄ ဦးသာ ဖော် ပြထားသည်။
ထိုကြောင့် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကို သတ်မှတ်ရာတွင် တနိုင်ငံလုံးအတွက် တသမတ်တည်း သတ်မှတ်ခြင်းသည် တရားမျှတပါသလားဟုု စဉ်းစားသင့်သည်။ ရန်ကုန်ကျောင်းသားကို အမှတ် ၅၀၀ နှင့် ဝင်ခွင့်ပေးပြီး ချင်းပြည်နယ်က ကျောင်းသားကို ၅၀၀ ထက်နည်းသော အမှတ်ဖြင့် ဝင်ခွင့်ပြုပါမှ တရားမျှတမှုကို ဖော်ဆောင်နိုင်ပါလိမ့်မည်။
သို့ပါမှ ချင်းလူမျိုးတို့သည်လည်း ဆရာဝန်ဖြစ်ခွင့် ရလာပါလိမ့်မည်။ ချင်းပြည်နယ်တွင် ချင်းလူမျိုး ဆရာဝန်တွေများ လာပါ လိမ့်မည်။ ချင်းပြည်နယ်သည် ကျန်းမာရေးတွင် ပိုပြီး ဖွံ့ဖြိုး လာပါမည်။ ချင်းလူမျိုး၏ ဥပဓိအမှတ်အသား ( Indentity ) သည် ပို၍ မြင့်မားလာပါမည်။ ဤသည်မှာ တရားမျှတမှုကို ထည့်သွင်းစဉ်းစားပါမှ ပြည်ထောင်စုဟူသော အမြင်အတွက် အထောက်အပံ့ဖြစ်မည်ကို ပြညွှန်းသည့် ဥပမာတခု ဖြစ်ပါသည်။
တနည်းအားဖြင့် ယင်းကဲ့သို့ တရားမျှတမှုကို ဦးစားပေးသည့်အဆင့်မှ တန်းတူညီမျှ အဆင့်သို့ ရောက်လာနိုင်ခြင်းကို သဘောပေါက်ခြင်းသည် ပြည်ထောင်စုအမြင်ကို ပိုမို ရှင်သန် ထွန်းကားလာစေလိမ့်မည်။
ပြည်ထောင်စုအမြင်
ပြည်ထောင်စုဆိုသည့်အမြင်သည် လုံး၀ မရှိခဲ့သည်မဟုတ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပင်လုံညီလာခံ ပြုလုပ်ခဲ့သည်မှာ ယင်းကို အထင်အရှားပြဆိုထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်နေခြင်းသည် လည်း ပြည်ထောင်စုအမြင်ဖြင့် လုပ်ဆောင်နေခြင်းဟု ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်သည်။
သို့သော်ငြား ပြည်ထောင်စုဆိုသည်ကို လူတိုင်း၏ ဉာဏ်မျက်စေ့တွင် အနာဂတ်ရုပ်ပုံ(Vision) အဖြစ် မြင်အောင်ကြည့်ရန် လွယ်ကူလှသည်တော့ မဟုတ်။ မြင်အောင် ကြည့်နိုင်မှ ဉာဏ်ရည်ပြည့်ဝပြီး ကျင့်ကြံ လုပ်ဆောင်မှုမှန်သမျှသည် ပြည် ထောင်စုလူ့အဖွဲ့အစည်းဟူသော သဘောကို ထင်ဟပ်နိုင်ပါလိမ့်မည်။
ပြည်ထောင်စုသည် လူ့အဖွဲ့အစည်းပုံစံတခု၊ လောကပုံစံတခု ဖြစ်ပါသည်။ ပြည်ထောင်စုဆိုသည်မှာ သူဘာသာ ဖြစ်တည် လာခြင်းမဟုတ်။ ပြည်ထောင်စုနှင့်သက်ဆိုင်သည့် ဆက်ဆံရေးကို တည်ဆောက်နိုင်မှဖြစ်လာမည့်အရာ ဖြစ်သည်။
စင်စစ် ပြည်ထောင်စုဖြစ်ပေါ်လာရေးအတွက် လူမျိုးစုတို့နှင့်ဆက်ဆံရေး ရှိရမည်။ မြန်မာက ကျန်လူမျိုးများကို ဆက်ဆံ သလို ကျန်သည့်လူမျိုးများကလည်း အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဆက်ဆံရသည်။ ဥပမာ လူမျိုး ၁၀ မျိုးရှိ သည်ဆိုပါက အခြား ၉ မျိုးနှင့် ဆက်ဆံရမည်။ လူမျိုး ၁၃၅ မျိုး ရှိသည်ဆိုလျှင် လူမျိုးတမျိုးက ကျန်သည့် ၁၃၄ မျိုးနှင့် ဆက်ဆံရမည်။ ထိုသို့ အားလုံးနှင့် ဆက်ဆံရေးရှိမှ ပြည်ထောင်စု ဆိုသည့် လောကတခုပေါ်လာပေလိမ့်မည်။
ထိုဆက်ဆံရေးမှာ မည်သည့် ဆက်ဆံရေးမျိုးဖြစ်သင့်သနည်း။ ငြိမ်းချမ်းသည့် ပြည်ထောင်စုကို လိုချင်ပါက ငြိမ်းချမ်းသည့် ပြည်ထောင်စုနှင့်ဆိုင်သည့် ဆက်ဆံရေး မျိုးဖြစ်ရမည်သာဖြစ်သည်။ ထိုနေရာတွင် တရားမျှ တမှုကို အခြေခံသော ဆက် ဆံရေးမျိုး ဖြစ်ရပါလိမ့်မည်။ အမှန်တွင် ပြည်ထောင်စု စိတ်ဓာတ်ဆိုသည်မှာ (လတ်တလောအနေအထားအရ) နောက် တန်းကျနေသည့် သူကို ပိုပြီးအခွင့်အရေး ပေးသည့်စိတ်ဓာတ်ဟု တွေးမြင်နိုင်ပါက ပိုပြီးလေးနက်မှုရှိပါလိမ့်မည်။
ပြည်ထောင်စုအမြင်ဖြင့် စဉ်းစားမည်ဆိုလျှင် ဖွံ့ဖြိုးမှုဆိုသည့်အပိုင်းကို မဖြစ်မနေ ထည့်သွင်းရပါမည်။ အားလုံးအတူတူ ဖွံံဖြိုးရန်လိုအပ်ပါသည်။ ထို့အတွက် မဖွံ့ဖြိုးသေးသည့်ဒေသများကို ဖွံ့ဖြိုးရေးဆိုင်ရာအခွင့်အလမ်းများ ပို၍ ပေးရပါမည်။ ယင်းမှာ ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။
ငြိမ်းချမ်းမှုဆိုသည်မှ တရားမျှတမှုရှိမှသာ ရရှိနိုင်သည့်အရာဖြစ်သည်။ တိုင်းရင်းသားများ၏ စိတ်ထဲတွင် တန်းတူညီမျှမှု မရှိ၊ တရားမျှတမှု မရှိ ဟု ယူဆနေသေးသရွေ့ ငြိမ်းချမ်းသော ဆက်ဆံရေးမှုမျိုးကိုု ကျင့်သုံးလိုသောဆန္ဒရှိမည် မဟုတ် ပေ။ ငြိမ်းချမ်းရေးဆိုသည်မှာ ယင်းဆက်ဆံရေး၏အကျိုးရလဒ် ဖြစ်နေသည့်အတွက်ဟု ဆိုရပေမည်။
ငြိမ်းချမ်းရေးနှင့် တိုင်းပြည်စီးပွားရေး
UNHCR ၏ခန့်မှန်းဖော်ပြချက်အရမူ မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် ဦးရေ ၅၈၇၀၀၀ (၂၀၁၅) ရှိကြောင်းနှင့် (IDMC) ၏ ခန့်မှန်းချက်အရမူ ၆၄၃၀၀၀ ( ၂၀၁၄) ရှိကြောင်း သိရသည်။ ယင်းအနက် ဒုက္ခသည်စခန်း (IDP Camps) များတွင် နေထိုင်သူမှာ သောင်းဂဏန်းလောက်သာရှိပြီး အများစုမှာ စစ်ဘေး ရှောင်ရင်း ကြုံသလို နေထိုင်စားသောက်နေကြ ကြောင်းလည်း လေ့လာတွေ့ရှိရသည်။
စစ်ဘေးဒုက္ခသည်များသည် ထိုင်းနပ်စပ်နှင့် တရုတ်နယ်စပ်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ စစ်ဘေးဒဏ်သင့် ပြည်သူများ သည် မိမိရပ်တည်ရေးအတွက်ပင် ဘာမှ မသေချာသည့်သူများဖြစ်သည်။ တိုင်းပြည်တပြည်လုံးနှင့် ယှဉ်ကာ စီးပွားရေး ရှု ထောင့်မှ ကြည့်ပါက ထုတ်လုပ်မှုမဲ့နေသူများဖြစ်သည်။ စစ်ကြောင့် ပုန်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များကို ကူညီ ပေးရန် လိုအပ်လာသည့်အတွက် တိုင်းပြည်အတွက်လည်း စရိတ်ထောင်းတော့သည်။
ဥပမာ စစ်ဘေး ဒုက္ခသည် တဦးကို တရက်စားစရိတ်ငွေ တဒေါ်လာနှင့်တွက်လျှင်ပင် သုံးနှစ်ဆိုလျှင် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရှိနေသည်။ ယင်းပမာဏသည် နေရာထိုင် ခင်းနှင့် စားစရိတ်သာဖြစ် သည်။ ပညာသင်စရိတ်နှင့် ကျန်းမာရေး စောင့်ရှောက်မှု မပါဝင်ပေ။
ထို့နည်းတူ စစ်ဖြစ်နေသောတိုင်းပြည်တွင် ကာကွယ်ရေးအသုံးစရိတ်များ မြင့်တက်နေတတ်နေပြီး နိုင်ငံတော်က နှစ်စဉ် ကျခံနေရသည်။
ဥပမာ မြန်မာနိုင်ငံ၏ ဘတ်ဂျက်ခွဲဝေရာတွင် စစ်သုံးစရိတ်သည် နှစ်စဉ် ဂဏန်းနှစ်လုံးဖြင့် ဦးဆောင်နေ သည်။ ဥပမာ ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်တွင် ၁၆ ဒဿမ ၄၆ ရာခိုင်နှုန်း၊ ၊ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ် တွင် ၁၃ ဒဿမ ၉၁ ရာခိုင်နှုန်း၊ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် တွင် ၁၃ ဒဿမ ၄၄ ရာခိုင်နှုန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၁၃ ဒဿမ ၃၄ ရာခိုင်နှုန်း၊( ထပ်တိုးမပါ) ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် တွင် ၁၃ ဒသာမ ၄၄ ရာခိုင်နှုန်း၊ ( ထပ်တိုးမပါ) အသီးသီးဖြစ်သည်။
ဥပမာ မြန်မာနိုင်ငံ၏ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်၏ GDP ကို အမေရီကန်ဒေါ်လာ ၆၁ ဘီလျံဖြင့် တွက်ပါက ထပ်တိုးမပါဘဲ မူလ ခန့်မှန်းခြေအပေါ် မူတည်တွက်သော စစ်သုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၉ ဘီလျံ ဖြစ်နေသည်။ ထို့ ကြောင့် စီးပွားရေးအမြင်ဖြင့်ကြည့်လျှင်လည်း စစ်ပွဲများ ချုပ်ငြိမ်းရန် ၊ငြိမ်းချမ်းရေးရရန် လိုအပ်ပါသည်။
တရားမျှတမှုနှင့်ငြိမ်းချမ်းရေး
အချုပ်ဆိုရသော် ငြိမ်းချမ်းရေးရရန်ဆိုသည့်နေရာတွင် တရားမျှတမှုသည်များစွာ အခရာကျနေပါသည်။ တရားမျှတသည့် ဆက်ဆံရေးရှိမှ သာလျှင် တချိန်ချိန်တွင် တန်းတူညီမျှသည့် အဆင့်ကို ရောက်လာပေလိမ့်မည်။ တိုင်းရင်းသားအားလုံး ပေါင်းစည်းခြင်းအားဖြင့် တရားမျှတမှုနှင့်တန်းတူညီမျှမှုကို ရလာပါက လောကတခု ဖွံ့ဖြိုး လာပေလိမ့်မည်။ ထို့အတူ တိုင်း ရင်းသားများကလည်း တို့အားလုံး ဖွံ့ဖြိုး ပါလားဆိုသည့် အမြင်ကို ရလာပေလိမ့်မည်။ သို့မှသာ ငြိမ်းချမ်းရေးကို ဦးတည် လာပေလိမ့်မည်။ ထိုအမြင်မရှိပါက မအောင်မြင်နိုင်။
ဥပမာ အမေရိကန်နိုင်ငံတွင် ပြည်နယ်တခု နိမ့်ကျနေပါက နိမ့်ကျသည့် ပြည်နယ်ကို အခွင့်အလမ်းပိုပေးတတ်သည်။ နိမ့် ကျနေသည့် သူသည် လိုအပ်ချက်ပိုမြင့်နေသော သူဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး မြှင့်တင်မှု အစစအရာရာ လိုအပ်နေကြသည်။
သို့သော် ထိုသို့ပြုလုပ်ခြင်းမှာ တိုက်ရိုက်သဘောအားဖြင့် တန်းတူညီမျှမှု မဟုတ်သော်လည်း တန်းတူညီမျှရေးဆီသို့ ဦးတည် သည့် တရားမျှတမှု ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ တန်းတူညီမျှမှု ကွာခြားလွန်းသည့်နိုင်ငံတွင် တရားမျှတမှုကို အခြေခံ၍ ကျင့်သုံးခြင်းဖြင့်သာ ပြည်ထောင်စုစိတ်ဓာတ်ကို ရရှိလာပါလိမ့်မည်။
တဦးချင်းအကျိုးစီးပွား၊ သို့မဟုတ် လူမျိုး တမျိုးချင်း အကျိုးစီးပွားကိုသာ ကြည့်နေသရွေ့ ပြည်ထောင်စုအမြင်လည်း မှုန် ဝါးနေပါလိမ့်မည်။ ပြည်ထောင်စုအမြင်မရှိသေးလျှင် လုပ်သမျှကိုင်သမျှမှာ ကိုယ့်လူမျိုး ကောင်းစားရေးသက်သက်ကို သာ ဦးတည်နေလိမ့်မည်။ အချင်းချင်း ယုံကြည်မှုလည်း နည်းပါးနေလိမ့်မည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Recouncilation ) လည်း ဝေးနေလိမ့်မည်။
ဂျွန်ရောစ် ( John Rawls) တင်ပြသည့် တရားမျှတမှု သဘောတရားသည် နိုင်ငံတနိုင်ငံလုံးနှင့် ဆိုင်သည့် တရားမျှတမှု ဖြစ်သည်။ နိုင်ငံတနိုင်ငံတွင် တရားမျှတမှု ( justice) ရှိခြင်းဆိုသည်မှာ အားလုံးဖွံ့ဖြိုးရန်အတွက် ဖြစ်သည်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းသည့် မြန်မာနိုင်ငံအတွက် အလေးအနက်ထားရမည့် သဘောတရား ဖြစ်သည်။
နှစ်ကာလရှည်ကြာစွာ ဖြစ်နေခဲ့ရသော ပဋိပက္ခကို ဖြေရှင်းရန်အတွက် တရားမျှတမှုသဘောတရားကို နားလည်သဘော ပေါက်ပြီး လေးလေးနက်နက်ကျင့်သုံးရန်သာ ရှိပါသည်။
(ယမင်းမြတ်အေးသည် ရန်ကုန်အခြေစိုက် စီးပွားရေးဆိုင်ရာ အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်)