အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကို ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော နယ်မြေများသို့ စေလွှတ်ရန် အကြံပြုလိုကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားလိုက်သည်။
ဘူးသီးတောင်၊ မောင်တော ဒေသရှိ လူ့အခွင့်အရေးဆုံးရှုံးနေသော ဘင်္ဂါလီ အမျိုးသမီးများထံ လွှတ်တော်တွင်းမှ အမျိုးသမီး ကိုယ်စားလှယ်များအား ဦးစားပေး၍ လေ့လာရေး စေလွှတ်ရန် ရခိုင်အမျိုးသားပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ဇွန်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးသောင်းအေး တင်သွင်းသော ရခိုင်ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပေါ်စေရန်နှင့် လုံလောက်သည့် အကာအကွယ် ပြုလုပ်ပေးပါရန် အဆိုကို ဆွေးနွေးစဉ် ဦးဦးလှစောက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
၎င်းက “ကျနော် ရိုးရိုးသားသား အကြံပေးလိုတာက ဒီလွှတ်တော် ထဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဘူးသီးတောင်၊ မောင်တော နယ်မြေများကို အသုတ်လိုက် အသုတ်လိုက် လေ့လာရေး လွှတ်ပေးစေချင်ပါတယ်။ ကျနော်ထင်ပါတယ်၊ ပိုက်ဆံကတော့ ပူစရာမလိုပါဘူး။ UEHRD မှာ ငွေတွေ ဘီလီယံနဲ့ချီပြီး အများကြီး ရှိပါတယ်။ သုံးလို့ရပါတယ်။ အထူးသဖြင့် အမျိုး သမီးတွေကို လွှတ်စေချင်ပါတယ်။ ဘာလို့လဲဆိုတာ့ အဲဒီ ဘင်္ဂါလီ အမျိုးသမီးတွေ လူ့အခွင့်အရေး အင်မတန် ဆုံးရှုံးတယ်” ဟု ဆိုသည်။
ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက “အမျိုးသမီး အချင်းချင်း ဆိုတော့ ပိုပြီးတော့ နားလည်နိုင်လို့ ဖိတ်ခေါ်တယ်လို့ ကျမ ယူဆပါတယ်။ ကျမတို့ မဲဆန္ဒနယ်တခုတည်း အတွက် မဟုတ်ဘဲ၊ တနိုင်ငံလုံးအတွက် ကျမတို့မှာ တာဝန်ရှိပါတယ်။ ရခိုင်အရေး ကိစ္စဆိုတာက နိုင်ငံရဲ့ အရေးကိစ္စလည်း ဖြစ်ပါတယ်။ သွားဖို့လည်း ဆန္ဒရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်ကလည်း “အဲဒီမှာ ရှိနေတဲ့ အမျိုးသမီး အခွင့်အရေးက အရမ်းနည်းပါးတယ်။ အရင်တုန်းက စာသင်ကျောင်းမှာ စာအတူတူ သင်လို့ရတယ်။ နောက်ပိုင်းကျတော့ အရွယ်ရောက်တာနဲ့ ရွာထဲကကို မထွက်ရတော့ဘူး။ အဲဒီလို အမျိုးသမီးတွေနဲ့ သွားတွေ့ပြီး ဗဟုသုတ တိုးပွားလာဖို့ အတွက်ဆိုတော့ မူအားဖြင့် လက်မခံစရာ မရှိပါဘူး” ဟု ဦးဦးလှစော၏ ဆွေးနွေးမှုကို လက်ခံကြောင်း မီဒီယာများကို ပြောသည်။
ရခိုင်ပြည်နယ်၏ ခက်ခဲရှုပ်ထွေးသည့် ပြဿနာများကို လူတိုင်းနားလည်သင့်ကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ရခိုင်အရေး သိရှိသူ နည်းသည်ဟု ပြောကြောင်း၊ လွှတ်တော်အတွင်း ၌လည်း နားလည်မှု အားနည်းမည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် UN အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံတမန်များ မြိန်ရှက်စွာ သုံးစွဲနေသည့် မြန်မာနိုင်ငံဘက်မှ လက်မခံသော အငြင်းပွားဖွယ်ရာ လူမျိုးအမည် အသုံးအနှုန်းကြောင့် နိုင်ငံ့ဂုဏ်သိက္ခာ အလွန်ထိခိုက်နေပြီဖြစ်ပြီး ယင်းကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တစုံတရာ တုန့်ပြန်သင့်ကြောင်း ဦးဦးလှစောက ထည့်သွင်းဆွေးနွေးခဲ့သည်။