[irrawaddy_gallery]
ရန်ကုန် ရွှေပြည်သာမြို့နယ် ဝါးတရာက တော်ဝင် သစ်အချောထည် စက်ရုံရှေ့မှာ အရိပ်မရှိဘဲ ကျဲကျဲတောက်ပူနေတဲ့ စက်မှု ဇုန်ရဲ့ နေရောင်ကို အံတုဖို့ တာလပတ်စ မိုးထားတဲ့ အမိုးအောက်မှာ အလုပ်သမားတွေ စုဝေးထိုင်နေကြပါတယ်။ ညာဘက် မလှမ်း မကမ်းမှာတော့ ခေါင်းမှာ ပိတ်စအနီတွေ ပတ်ထားပြီး တုံးလုံးလှဲ နေကြတဲ့ လူငယ် ၈ ဦးကိုတွေ့လိုက်ရတယ်။ သူတို့ လှဲနေတဲ့ နေရာကို ဝါးလုံးနဲ့ကာ၊ ပလတ်စတစ်ကြိုးတွေတန်းပြီး ဘေးနာမှာ လူငယ် ၃ ဦးလောက်က စောင့်ပေးနေတယ်။
“သူ့တို့တတွေပေါ့။ အခုလောလောဆယ် အောက်တိုဘာ ၅ ရက်နေ့ညကပဲ ၂ ယောက် ဆေးရုံပို့လိုက်ရတယ်။ အစာငတ်ခံ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆို ၇ ရက်ရှိပြီ” လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားအရေးဆောင် ရွက်ပေးနေတဲ့ ကိုကျော်မင်းက ပြောပြတယ်။
အဲဒီ အထဲမှာ ထူထူထောင်ထောင် လုပ်နိုင်တဲ့သူဆိုလို တဝက်လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့သူတွေက လူတွေ ရောက်လာရင် ခဏ ခေါင်းထောင်ကြည့်ပြီး ပြန်လှဲနေကြတယ်။ သူတို့တတွေက ပြီးခဲ့တဲ့ တလကျော်က အလုပ်ရှင်နဲ့ ညှိပြီးသား အချက်တွေကို အလုပ်ရှင်ဘက်က မလိုက်လျောပေးလို့ ဆန္ဒပြကြတာ ၁၄ ရက်ရှိနေပါပြီ။
သူတို့ ဆန္ဒစပြတုန်းကတော့ ဒီလို အစာငတ်ခံမယ့် အဆင့်အထိ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
ဒါပေမယ့် သူတို့သာ ဆန္ဒပြနေကြတယ် အစိုးရ အလုပ်သမားရေးရာ ဘက်ကလည်း ဘာမှ အရေးယူညှိနှိုင်းပေးဖို့ လာရောက် တွေ့ဆုံတာမျိုး မရှိခဲ့သလို၊ အလုပ်ရှင်ဘက်ကလည်း ဘာမှတုံ့ပြန် ဆောင်ရွက်တာမျိုး မရှိသေးတော့ နောက်ဆုံး သူတို့ထဲက လူငယ် ၁၀ ဦးက အစာငတ်ခံ ဆန္ဒပြဖို့ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရတယ်။
သူတို့ဟာ အခုဆိုရင် ဒီစက်ရုံမှာ ဆန္ဒပြတာ ၄ ကြိမ်ရှိပါပြီ။ နိုဝင်ဘာ ၇ ရက်နေ့ကဆိုရင် သူတို့တွေအားလုံး တော်ဝင် ကုမ္ပဏီရှေ့ကို ဆန္ဒပြဖို့ ချီတက်လာကြပြီး အဲဒီအထဲမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့သူတွေလည်း ပါလာပါတယ်။
သူတို့တတွေ ဒီလိုဆန္ဒပြဖို့ ဖြစ်လာတဲ့ အကြောင်းကတော့ အလုပ်သမားတွေကို အပြင်ဆိုက်ကို မပို့ဖို့၊ တကယ်လို့ ပို့မယ်ဆိုရင်လည်း အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အရင်ညှိဖို့ ပြောဆိုထားပြီးမှ အလုပ်သမားတွေ ဆန္ဒမပါဘဲ ပို့လိုက်တဲ့ အတွက် အခုလိုထပ်ဖြစ်ရတာလို့ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား တဦးက ပြောပါတယ်။
“အပြင်ဆိုက်ကိုပို့တော့ ကြွေပြားကပ်တဲ့ မိန်းကလေးတွေက နံရံတွေကို ချောပေးရတယ်၊ သံငြမ်းတွေ ထမ်းခိုင်းတယ်။အပြင်ဆိုက်မှာ ထွက်လုပ်တာက ပိုက်ဆံပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဒီစက်ရုံမှာ ဝင်လုပ်တယ် ဆိုတာက ကိုယ်နေတဲ့ နေရာနဲ့ နီးလို့၊ သွားရလာရလွယ်ကူလို့ ဝင်လုပ်ကြတာပါ။ အဲဒီအတွက် ကျနော်တို့က ဒီစက်ရုံမှာ ပြန်လုပ်ခွင့် ရဖို့အတွက် ပြန်တောင်းဆိုတာပါ” လို့ သူက ဆိုပါတယ်။
သူတို့ တော်ဝင်သစ်အချောထည် စက်ရုံမှာ လုပ်နေတဲ့အချိန်က တရက်ကို ကျုပ် ၂၀၀၀၊ ၂၅၀၀၊ ၃၀၀၀ ပဲရတယ်။ အပြင် ကန်ထရိုက် တိုက်ခနု်းတွေ ဆောက်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက အလုပ်သမား တဦးကို အနည်းဆုံး ၃၀၀၀ ကျပ်ရပြီး ဒါကလည်း အကြမ်းသမားတဦးရဲ့ လုပ်အားခဖြစ်ပါတယ်။ တကယ်အုတ်စီတတ်လို့၊ လက်သမား ကောင်းကောင်း လုပ်တတ်တဲ့ ပညာရှင် အဆင့်ဆိုရင် ၅၀၀၀ ကျပ်အထိ ရနိုင်ပါတယ်။
ဒါပေမယ့် သူတို့အားလုံး လုပ်အားခ နည်းနည်းပဲ ရတာတောင် သူတို့လုပ်ခဲ့တဲ့ စက်ရုံမှာပဲ ပြန်လုပ်ခွင့်ရဖို့ တောင်းဆိုနေ ကြတာ ဖြစ်ပါတယ်။
“အလုပ်ရှင်ဘက်က ကျနော်တို့အပေါ် နာကျည်းကောင်းနာကျည်း နေပါလိမ့်မယ်။ သူတို့ရဲ့ အရှက်ကို ကျနော်တို့က ခွဲသလို ဖြစ်နေတဲ့အတွက် သိပ်တော့ အဆင်ပြေလိမ့်မယ်လို့ မထင်ပါဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
တော်ဝင် အလုပ်သမားတွေ လက်ရှိ တောင်းဆိုနေတာတွေက ဥပဒေ ဘောင်အတွင်းက တောင်းဆိုနေတာ ဖြစ်တဲ့အပြင် လက်ရှိ စက်ရုံအတွင်းထုတ် ပြန်ထားတဲ့စည်းကမ်း တချို့တွေက လုပ်ငန်းခွင်နဲ့ ဘာမှ မသက်ဆိုင်ပါဘူးလို့ အစာငတ်ခံ ဆန္ဒပြနေတဲ့ အလုပ်သမား ကိုမျိုးသိန်းအေးက ဆိုပါတယ်။
“ဒီတောင်းဆိုရမယ်ဆိုရင် ကျနော်တို့ကို နှိမ်လို့ မရတော့ဘူးပေါ့။ အလုပ်ပြန်ရရှိရေးကို တောင်းဆိုနေတာကလည်း နောင် ဒီတော်ဝင် စက်ရုံမှာ လုပ်ကြမယ့် အလုပ်သမားတွေ၊ လူသစ်တွေ ကျနော်တို့လို မခံရဖို့၊ နောင်အဆက်ဆက် ဒီစက်ရုံ တည်မြဲနေသ၍ မကောင်းတဲ့ ဥပဒေတွေ ဒီမှာမစိုးမိုးဖို့၊ အမှန် အကန်ဖြစ်ဖို့အတွက်ပါ” လို့ သူက ဆက်ပြောတယ်။
သူတို့ရဲ့ တောင်းဆိုချက်တွေ ကတော့ အလုပ်သမားတွေကို အပြင်ဆိုက်သို့မပို့ဖို့၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေး သဘောတူညီချက် မရရှိဘဲ စည်းကမ်း ချက်တွေ မထုတ်ပြန်ဖို့၊ စက်ရုံအတွင်း ဝင်ခွင့်မပေးတဲ့ အလုပ်သမားတွေကို အိုဗာတိုင် ဂျူတီ သတ်မှတ်ဖို့နဲ့ လုပ်ခပေးဖို့၊ တောင်းဆိုထားတဲ့ အချက်အလက်တွေကို စုပေါင်းပြီး တရားဝင် သဘောတူ စာချုပ် (EC) အမြန်ဆုံး ချုပ်ပေးဖို့နဲ့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေးကတ်တွေ တပတ်အတွင်း အမြန်ဆုံး ထုတ်ပေးဖို့ ဖြစ်ပါတယ်။
တကယ်လို့ စက်ရုံကလျှော်ကြေးပေးပြီး သူတို့ကို အလုပ်က ထုတ်လိုက်မယ်ဆိုရင်တောင် သူတို့အနေနဲ့ လျော်ကြေးငွေ ရတဲ့အတွက် သင့်တင့်လျှောက်ပတ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်ပေမယ့် ဒီလိုဖြစ်စဉ်မျိုးကြီး စက်ရုံမှာ ဆက်ရှိနေဦးမှာကို မလိုလားဘူး၊ အဲဒီလိုသာဆိုရင် အခု သူတို့ လုပ်ဆောင်နေတယ် ဆိုတာကလည်း ဘာမှ အရာထင်မှာ မဟုတ်ဘူးလို့ ကိုမျိုးသိန်းအေးက ဆိုပါတယ်။
လက်ရှှိအခြေအနေအရ ဆန္ဒပြကြသူတွေရဲ့ စားရေးသောက်ရေးက အရေးတကြီး လိုအပ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာငတ်ခံ ဆန္ဒပြကြသူတွေက ၁၀ ဦးဆိုပေမယ့် အဲဒီ တော်ဝင်သစ် အချောထည် စက်ရုံရှေ့မှာ နေ့ရောညပါ ဆန္ဒပြနေကြတဲ့ မှော်ဘီမြို့နယ်ထဲကနေ ဒီစက်ရုံမှာအလုပ်လာလုပ် သူတွေ၊ ရွှေပြည်သာ မြို့နယ်ထဲက အလုပ်သမားတွေနဲ့ ဝါးတရာဒေသခံ အလုပ်သမား၊ အလုပ်သမတွေ အားလုံး လူ ၂၅၀ ကျော်ရှိနေတာကြောင့် စားရေးသောက်ရေး ခက်ခဲနေတယ်လို့ သိရပါတယ်။
သူတို့ ဆန္ဒစပြတဲ့အချိန်က ဒီဝါးတရာ တဘက်ကမ်းမှာ ရှိတဲ့ကျေးရွာတွေဆီ အလှူခံ ထွက်ခဲ့ကြပေမယ့် သူတို့အတွက် အဆင်မပြေမှုတွေ ကြုံခဲ့ရတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
“ရွာကို ဝင်သွားတဲ့တလျှောက် ရွာကလူတွေမှာ အယုံအကြည်ရှိတဲ့ သူတွေကလည်း ရှိသလို၊ အယုံအကြည်မရှိတဲ့ သူတွေလည်းရှိတယ်။ ရွာတရွာကိုရောက်တော့ ကျေးရွာဥက္ကဋ္ဌက လက်ပြတ်နေလို့လား၊ ခြေပြတ်နေလို့လား၊ ဒီလို အလှူခံ စားရတာတဲ့။ အဲဒီလောက်အထိ အပြောခံရတာလည်း ကြုံခဲ့ရတယ်” လို့ ဆန္ဒပြအလုပ်သမ မချစ်ချစ်ဇော်က ပြောပြတယ်။
အခုသူတို့ တောင်းဆိုနေတာတွေက တကယ်တမ်း ပြောရရင် ဘာမှမဟုတ်သေးတဲ့ ကိစ္စလေးတွေပါတယ်၊ အဲဒါကိုတောင် အခုလို အစာငတ်ခံ ဆန္ဒပြရတဲ့အထိ ဖြစ်နေတာကတော့ စိတ်မကောင်းစရာပဲလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ကိုကျော်မင်းက ပြောတယ်။
“သူတို့ ရေရှည်ဆန္ဒပြနေတဲ့အခါ ကျနော်တို့လည်း အမြဲတမ်း မတတ်နိုင်ဘူး။ ကိုယ်တတ်နိုင်သလောက်ပဲ လုပ်ပေးနိုင်တာ။ တခြား အဖွဲ့အစည်းတွေ တချို့လည်း လာကူပေမယ့် ရေရှည် တောင်းဆိုတာဆိုတော့ သူတို့ရဲ့ကျန်းမာရေး၊ လူမှုရေး၊ စားရေး သောက်ရေးက အရမ်းကို စိုးရိမ်စရာ အခြေအနေမှာ ရှိနေပါတယ်” လို့ သူက ဆိုတယ်။
တောင်းဆိုမှုတွေ ရမယ်ဆိုရင်တော့ ဒါဟာ သမိုင်းဝင် အပြောင်းအလဲတခုတော့ ဖြစ်သွားလိမ့်မယ်၊ ဥပဒေတွေပါ ပြောင်းလဲဖို့ စဉ်းစားလာလိမ့့်မယ်လို့ ထင်တယ်ဆိုတဲ့အကြောင်း ကိုကျော်မင်းက ဆက်ပြောပါတယ်။
အခုလက်ရှိအချိန်မှာ တော်ဝင် သစ်အချောထည်စက်ရုံမှာ ဆက်လက်လုပ်ကိုင်နေတဲ့ သူတွေလည်းရှိသလို၊ ဆန္ဒပြနေကြတဲ့ သူတွေလည်း ရှိပါတယ်။ စက်ရုံရဲ့ရှေ့မှာရှိတဲ့ အလုပ်သမားတန်းလျား ထဲမှာတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ရေဖြတ်မီးဖြတ်တဲ့ လုပ်ရပ်တချို့ စဖြစ်နေပါပြီ။
ဆန္ဒပြမှုတွေက အလုပ် လုပ်နေတဲ့ အလုပ်သမားတွေအတွက် အကျိုးသက်ရောက်မှု တစုံတရာ ရှိနေတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတဲ့သူတွေကို အလုပ်ခွင် ဝင်နေကြတဲ့ သူတွေက ဆန္ဒဆက်မပြဖို့ လာတောင်းဆိုတာတွေလည်း ရှိတယ် ဆိုတဲ့အကြောင်း ကိုမျိုးသိန်းအေးက ပြောပါတယ်။
“ဒီစက်ရုံမှာ ကျနော်တို့က လုံခြုံရေး လုပ်နေရတယ်ဆိုတာ အပြင်က လူတွေမဝင်ဖို့ပဲ။ အခု သူတို့ ဆန္ဒပြနေကြတဲ့ သူတွေ ကလည်း အလုပ်သမားတွေပဲ။ ကျနော်တို့လည်း အလုပ်သမားတွေပါပဲ။ တခြားဘာမှ ဝင်မစွတ်ဖက်ပါဘူး။ သူတို့ ခံစားချက် တွေကိုလည်း နားလည်တယ်” လို့ တော်ဝင်စက်ရုံမှာ အလုပ်ဆက်လုပ်နေတဲ့ လုံခြုံရေးတဦးက ဆိုပါတယ်။ ။