ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်း ဖောက်လုပ်ထားသည့် တရုတ် ရေနံပိုက်လိုင်းနှင့် ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်မည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတို့အား ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်ပြီး လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဟု သိရသည်။
ထို ရေနံပိုက်လိုင်း စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲသည်။ ရေနံပိုက်လိုင်းနှင့်အတူ ပူးတွဲ တည်ဆောက်ထားသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့လည်း တန်ချိန် ၃ သိန်းဆံ့ နိုင်ငံတကာ ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည် ဖြစ်သည်။
ယင်းစီမံကိန်းများ ပြီးစီး၍ လုပ်ငန်းများ လည်ပတ်နိုင်ပြီ ဖြစ်သော်လည်း စီမံကိန်းများအတွက် အဓမ္မ သိမ်းယူထားသည့် ဒေသခံပြည်သူများ၏ လယ်ယာမြေများ၊ နွားစာကျက်မြေများ၊ မြေလွတ်မြေရိုင်းများအတွက် လျော်ကြေးငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။
ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှုများကို စီမံကိန်းများ ဖွင့်ပွဲလုပ်မည့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မဒေးကျွန်းပေါ်၌ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားခဲ့ကြသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များ သိရှိသွား၍ ညှိနှိုင်းရာမှ ဆန္ဒပြမှု မဖြစ်မြောက်ခဲ့ကြောင်း မဒေးကျွန်းဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒေသအာဏာပိုင်တွေက ဆန္ဒမပြဖို့ ဆွေးနွေးတယ်၊ သိမ်းယူထားတဲ့ မြေလွတ်မြေရိုင်းတွေ အတွက်လည်း ဂရုဏာကြေး ပေးမယ်လို့ ပြောဆိုပြီး ဆန္ဒမပြကြဖို့ တိုက်တွန်းတော့ နောက်ဆုတ်ပေးလိုက်ပါတယ်” ဟု ဆိုသည်။
မဒေးကျွန်းပေါ်၌ ကျေးရွာ ၃ ခုရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြကာ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံ လုပ်ငန်းနှင့် ငါဖမ်း လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးကြသည်။ သို့သော် ရေနံပိုက်လိုင်း စီမံကိန်းနှင့် ရေနက်ဆပ်ကမ်း စီမံကိန်းများ တည်ဆောက်ချိန်မှ စတင်၍ လယ်မြေများ၊ ဥယာဉ်ခြံများကို သိမ်းယူခံလိုက်ကြရသည်။ ထို့အတူ ငါးဖမ်းသူများသည်လည်း စီမံကိန်း ဧရိယာများကို အကြောင်းပြု၍ လွပ်လပ်စွာ ငါးဖမ်းပိုင်ခွင့် မရှိကြတော့ပေ။
ဒုသမ္မတ ဦးဉာဏ်ထွန်းကမူ ထိုစီမံကိန်းများကြောင့် ဒေသခံများသည်လည်း အကျိုးခံစားရမည် ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဟု ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် စီမံကိန်းများ အကြိုဖွင့်ပွဲ၌ ပြောဆိုခဲ့သည်။
ပိုက်လိုင်းတလျှောက်ရှိ ပြည်သူများ၏ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် အကုန်ခံ၍ ဆောင်ရွက်ပေး ထားကြောင်းလည်း ဦးဉာဏ်ထွန်းက ပြောဆိုခဲ့သေးသည်။ ပိုက်လိုင်းတလျှောက်ရှိ ဒေသခံပြည်သူများကမူ ၎င်းတို့၏ ဖွံ့ဖြိုးရေးအတွက် ထိရောက်သည့် ကူညီမှု မရှိသေးဟု မီဒီများကို ပြောဆိုကြသည်။ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွား၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ အဆုံးသတ်မည် ဖြစ်သည်။
ရေနံပိုက်လိုင်း စီမံကိန်းအား အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၅၃၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြန်မာအစိုးရက ၁ ဒသမ ၂၀၄ ဘီလီယံ ထည့်ဝင်၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားကာ နှစ် ၃၀ စီမံကိန်းဖြစ်ကြောင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် နိုင်ငံတကာ ရေနံစိမ်းတင် သင်္ဘောကြီးများ ဆိပ်ကပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရေနံတင် သင်္ဘောဆိပ်ကမ်း ဖြစ်ကြောင်းလည်း ဒုသမ္မတက ဆိုသည်။
ရေနံတင် သင်္ဘောကြီးများ ဆိပ်ကပ်မည်ဖြစ်၍ ရေနံယိုစိမ့်မှု သို့မဟုတ် မတော်တဆမှု တခုခု ဖြစ်ပွားပါက သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေရန် စနစ်တကျ ဆောင်ရွက်ထားမှုနှင့် ထိခိုက်မှုတခုခု ဖြစ်ပွားပါက အကာအကွယ်ပေးနိုင်ရန် အတွက်လည်း ခိုင်မာသည့် ဥပဒေများ မရှိသေးဟု ဝေဖန်မှုများ ရှိနေသည်။
သဘာ၀ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိသကဲ့သို့ ထိုစီမံကိန်းမှ ဝင်ငွေ မည်မျှရရှိမည်၊ ထိုငွေများအား အများပြည်သူ အကျိုးအတွက် မည်သို့ ဆောင်ရွက်ပေးမည် ဆိုသည်ကိုလည်း အစိုးရက ထုတ်ဖော် ပြောဆိုမှု မရှိသေးပေ။
ဒု သမ္မတ ဦးဉာဏ်ထွန်းကမူ မြန်မာ အစိုးရအနေဖြင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးနှင့် စောင့်ကြည့်ရန်အတွက် နိုင်ငံတကာ အဆင့်ရှိ စောင့်ကြည့်ရေး ကုမ္ပဏီများကို ငှားရမ်း အသုံးပြုသွားမည်ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဖို့ စနစ်တကျ လုပ်သွားမယ်လို့တော့ ဒီနေ့ (ဇန်နဝါရီ ၃၀) လုပ်တဲ့ မဒေးကျွန်းပေါ်က ဖွင့်ပွဲအခမ်းအနားမှာ ဝန်ကြီးတွေက ပြောသွားတာ တွေ့တယ်၊ တကယ်လုပ် မလုပ် ဆိုတာတော့ စောင့်ကြည့် ရဦးမှာပေါ့” ဟု ဆိုသည်။
ကျောက်ဖြူဒေသရှိ စီမံကိန်းများ၌ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မည်ဟု သမ္မတ ဦးသိန်းစိန်နှင့် ၎င်း၏ အစိုးရအဖွဲ့ဝင်များက လွယ်လွယ်ကူကူ ပြောဆို ကတိပေးလေ့ရှိသော်လည်း လက်တွေ့၌ ထိုသို့ မဟုတ်ပေ။
စီမံကိန်း လုပ်ငန်းများအတွက် လိုအပ်သည့် အလုပ်သမားများကို အောက်ခြေအဆင့်မှ ပညာရှင်အဆင့်အထိ တရုတ်နိုင်ငံသားများကိုသာ ခေါ်ဆောင်၍ လုပ်ကိုင်စေခဲ့သည်ကို ပြီးစီးသွားသည့် စီမံကိန်းများက သက်သေပြခဲ့ပြီး ဖြစ်သည်။ တရုတ် လူမျိုးများ မလုပ်နိုင်၊ မလုပ်လိုသည့် အလုပ်ကြမ်း တချို့ကိုသာ ဒေသခံများက နေ့စားအဖြစ် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ဒေသခံများက ဧရာဝတီကို ရှင်းပြကြသည်။
ထို့အတူ မြန်မာနိုင်ငံ၏ တခြားဒေသများမှ အလုပ်သမားများနှင့် နှိုင်းယဉ်ပါကလည်း ဒေသခံများမှာ အလုပ် လုပ်ပိုင်ခွင့် နည်းပါးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဒေသခံများမှာ ကျွမ်းကျင်မှု မရှိ၍ ဖြစ်ကြောင်း၊ လုပ်ငန်းခွင် တူညီပါကလည်း ဒေသခံများကို ဈေးနှိမ်၍ လုပ်အားခ ရှင်းပေးခဲ့ကြောင်း ပြောဆိုကြသည်။
ဒေသတခု၌ စီမံကိန်းများ တည်ဆောက်မည်ဆိုပါက ထိုစီမံကိန်းများ၌ ဒေသခံများကို ရာခိုင်နှုန်း မည်မျှ ထိလုပ်ပိုင်ခွင့်ပေးရမည် ဆိုသည်ကို စာရွက်ပေါ်တွင် ရေးထားသော်လည်း အာဏာပိုင်များနှင့် စီမံကိန်း တည်ဆောက်သူတို့က အလေးထားမှု မရှိခဲ့ကြပေ။
ထို့အတူ စီမံကိန်းများ မစတင်မီကပင် ဒေသခံများအား ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် ကြိုတင်လေ့ကျင့်ပေးမှုများ မရှိခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသ၌ ထပ်မံ တည်ဆောက်မည့် စီမံကိန်းများအတွက် ဒေသခံများကို ကျွမ်းကျင် လုပ်သားများ ဖြစ်လာစေရန် အစိုးရက ကြိုတင် ဆောင်ရွက်သင့်ကြောင်းလည်း ဦးဘရှိန်က ဆိုသည်။
ကျောက်ဖြူဒေသ၌ ပြီးစီးသွားသည့် ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်း အဝင်အပါအဝင် ထိုဒေသ၌ တည်ဆောက်ပြီးစီးသွားသည့် စီမံကိန်းများသည် ဒေသခံများအတွက် ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ခံစားနေကြရကြောင်း၊ အမှန်တကယ် အကျိုးကျေးဇူး ခံစားရသူများမှာ မြန်မာအစိုးရနှင့် စီမံကိန်းများ လာရောက်လုပ်ကိုင်ကြသည့် တရုတ်နိုင်ငံတို့သာ ဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ကျောက်ဖြူ ဒေသ၌ လာရောက် ရင်းနှီးမြှုပ်နှံမည့် တရုတ် စီမံကိန်းများအပေါ် ကြိုဆိုမှု မပြုလိုကြောင်း၊ အကယ်၍ လာရောက် လုပ်ကိုင်မည် ဆိုပါကလည်း အစိုးရအနေဖြင့် ပြည်သူများ၏ အကျိုးခံစားခွင့်ကို ဥပဒေရ တိကျစွာ သတ်မှတ် ဆောင်ရွက်ပြီးမှသာ စီမံကိန်းများ လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း ဒေသခံများက ဆိုကြသည်။