ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးသွားကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် အငြင်းအခုံဖြစ်ရသည့် ပြဿနာတရပ် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်အတွက် မထူးဆန်းကြောင်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရန် လိုအပ်ကြောင်း၊ ဖြေရှင်းရာတွင် အားလုံးသည် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထားကြီးကြီးနှင့် အမြော်အမြင်ရှိရှိ ဖြေရှင်းရေး ဦးတည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံရင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးတင်ပြသွားသည်။
“အခုကိစ္စက တရားဥပဒေကိစ္စ ဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုပါတယ်။ တဖက်နဲ့တဖက် လေးစားဖို့လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင်သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင် လုပ်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အဆိုပါအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက တင်သွင်းရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးတို့က ဆွေးနွေးကြသည်။
ခုံရုံးကိစ္စ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာတွင် မူလက ဆွေးနွေးရန် ကိုယ်စားလှယ် ၄၅ ဦး ရှိခဲ့သော်လည်း ပါတီများ၏ အချိုးအရ ၂၂ ဦးသာ ဆွေးနွေးရန် အမည်စာရင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ခုံရုံးကိစ္စ ဆွေးနွေးမဲခွဲ ဆုံးဖြတ်မည်ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌ ဦးသိန်းစိုးလည်း တက်ရောက်သည်။
လွှတ်တော်ကော်မတီများ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ခုံရုံး၏ ဆုံးဖြတ်ခဲ့မှုသည် မှားယွင်းကြောင်း ဦးမြင့်စိုး၏အဆိုကို ဆွေးနွေးခွင့်ရ လွှတ်တော် ကိုယ်စားလှယ်အများစုက ထောက်ခံကြသည်။
သို့သော် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဗိုလ်မှူးကြီး လှထွန်း၊ ဒုတိယ ဗိုလ်မှူးကြီး ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီး အောင်သီဟတို့ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး၏ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်တို့ကို လေးစားလိုက်နာပြီး လွှတ်တော်၏ အရေးကြီးအဆိုကို ပြန်လည် သုံးသပ်သင့်ကြောင်း ဆွေးနွေးသွားကြသည်ဟု သိရသည်။
သင်္ကန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည့် အချိန်ကျနေပြီဖြစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအား ပြည်သူများမှ ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့သည်။
အခြေခံဥပဒေ ခုံရုံးဆိုင်ရာ ဆွေးနွေးမှုနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ကြရာတွင် ခုံရုံးဆုံးဖြတ်ချက် မှားယွင်းကြောင်း ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းပေးရန် အဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၄ မဲတို့ဖြင့် အတည်ပြုခဲ့သည်။ ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှွတ်တော်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၁၉ ဦးရှိသည်။
လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ပြဿနာသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဘတ်ဂျက်တောင်းခံမှု ကိစ္စကို ပယ်ချခြင်း၊ ဖြတ်တောက်ကန့်ကွက်ခြင်း၊ ဌာနဆိုင်ရာ ကိစ္စများအတွက် ဝန်ကြီးများကို ဆင့်ခေါ်မေးမြန်းခြင်း၊ ဝန်ကြီးများက လာရောက်ဖြေရှင်း ပေးရခြင်း စသည့်ကိစ္စများကြောင့် လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား မပြေလည်မှုများ စခဲ့ကြောင်း သိရသည်။
လွှတ်တော်၏ လုပ်ရပ်တချို့ကို ကျေနပ်မှု မရှိသော အစိုးရအဖွဲ့သည် လွှတ်တော်က ၎င်းတို့အပေါ် လွှမ်းမိုးလာသည်ဟု ယူဆကြကြောင်း၊ သို့အတွက် လွှတ်တော် ကော်မတီများကို ပြည်ထောင်စု အဆင့် ရှိ၊ မရှိ ဆုံးဖြတ်ပေးရန် အစိုးရအဖွဲ့က ခုံရုံးကိုတင်ပြခဲ့ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ပြည်ထောင်စုအဆင့် မရှိဟု ဆုံဖြတ်ပေးခဲ့သည်။
ယင်းဆုံးဖြတ်ချက်ကို လွှတ်တော်များက မကျေမနပ်ဖြစ်ကြပြီး ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်လုပ်ဆောင်သည့်အတွက် ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်ပေးရန် စွပ်စွဲပြစ်တင်အဆိုများ တင်ပြလာခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို ဥက္ကဋ္ဌအဖြစ် ယခင်စစ်ဥပဒေချုပ်ဟောင်း ဦးသိန်းစိုးနှင့်အတူ အဖွဲ့ဝင် ၉ ဦးကို နိုင်ငံတော် သမ္မတ၏ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန် ခန့်ထားခဲ့ခြင်းဖြစ်ပြီး သက်တမ်းသည် ပြည်ထောင်စု လွှတ်တော်ကဲ့သို့ ၅ နှစ် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်