မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသော အမျိုးသမီးလူဦးရေအတွက် ဥပဒေပြုရေးအခန်းကဏ္ဍတွင် အမျိုးသမီးများ၏အသံများကို ပိုမိုကိုယ်စားပြုနိုင်ရန် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်လာရန်လိုအပ် နေကြောင်း ဒါန-ရှေ့ဆောင်မြန်မာ၏ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်း အပြီးသတ်အစီရင်ခံစာတွင် ထောက် ပြထားသည်။
ဒါန-ရှေ့ဆောင်မြန်မာသည် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတခုဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့သည့် အပြီးသတ်အစီရင်ခံစာထုတ်ပြန်ပွဲကို မေ ၄ ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ် တွင် ကျင်းပစဉ် ထိုသို့ ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်ဦးရေသည် ၁၅၂ ဦးရှိသဖြင့်ယခင်ထက် ၃ ဆခန့် တိုးလာခဲ့သော်လည်း ယင်းအရေအတွက်သည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း၏ ၁၃ ရာခိုင်နှုန်းမျှသာရှိသောကြောင့် ယင်းသို့ အကြံပြုရခြင်းဖြစ်သည်ဟု ဒါန-ရှေ့ဆောင်မြန်မာ ဥက္ကဋ္ဌ ဦးချမ်းငြိမ်း အောင်က ရှင်းပြသည်။
“တချို့လူတွေက ပြောကြတယ်။ အမျိုးသမီးတွေကိုယ်တိုင်က ပါဝင်ရမှန်းမသိလို့ မပါတာဆိုပြီး အဲဒါဆို ပါဝင်ရကောင်းမှန်း သိအောင်အရင်လုပ်ပေးရမယ်။ သိပြီးလို့ ပါဝင်ခွင့်ရအောင် ကြိုးစားလာရင် ခွင့်ပြုပေးရမယ်။ လမ်းဖွင့်ပေးရမယ်။ အဲဒါမျိုး ကျနော်တို့နိုင်ငံမှာမရှိသေးတဲ့အတွက် အခုလိုထောက်ပြထားတာ” ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းရာ၌ အမျိုးသမီးပါဝင်ဖွဲ့စည်းမှု အလွန်နည်းသည် ကိုတွေ့ရပြီး ပါဝင်သည့် အနည်းငယ်သော အမျိုးသမီးဦးရေသည်လည်း ပြင်ပမှမဟုတ်ဘဲ ဝန်ထမ်းအမျိုးသမီးများသာဖြစ် နေသည် ကိုတွေ့ရှိရကြောင်း၊ နိုင်ငံရေးပါတီများကပြုလုပ်သည့် မဲဆွယ်စည်းရုံးရေးသတင်းစကားတွင်လည်း အမျိုးသမီးများ ၏ အရေးကိစ္စကို ထည့်သွင်းစဉ်းစားမှုအလွန်နည်းသည်ကို တွေ့ရကြောင်း ဦးချမ်းငြိမ်းအောင်က ဆက်လက်ရှင်းပြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးပဋိညာဉ် အရ မြန်မာအစိုးရ၏ ကတိကဝတ်ပြုမှုများကို ရွေးကောက်ပွဲဥပဒေများတွင် ထည့်သွင်းရေးဆွဲသင့်ကြောင်း၊ ဦးစားပေးမှု အသွင်ဖြင့် အမျိုးသမီးကိုယ်စားလှယ်များအတွက် (ကိုတာ)သီးသန့်အစုနေရာကို လွှတ်တော်တွင်းတွင်ဖြစ်စေ သို့မဟုတ် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင်ဖြစ်စေ ပါဝင်စေရန် သတ်မှတ်ပေးခြင်းမျိုးကို စဉ်းစားသင့်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းအကြံပြုထားသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော်တွင် အမျိုးသမီး ကိုယ်စား လှယ်လောင်း ၈၀၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၅၂ ဦး အနိုင်ရရှိခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲအပြီးတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၅၃ ဦး ရှိခဲ့ကြောင်း သိရသည်။
လွှတ်တော်ထဲသို့ အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုရောက်ရှိလာခြင်းဖြင့် ဥပဒေပြုရေးမဏ္ဍိုင်တွင် အမျိုးသမီးအခွင့်အရေး နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ဘဝလုံခြုံရေးနှင့် အကာအကွယ်ဖြစ်စေမည့် အဆိုတင်သွင်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု အမျိုသမီးအရေးဆောင်ရွက်နေသူများက သုံးသပ်သည်။
“အမျိုးသမီးတွေ လွှတ်တော်ထဲမှမဟုတ်ဘူး။ ခေါင်းဆောင်မှုနဲ့ဆုံးဖြတ်ချက် ချတဲ့နေရာတွေမှာလည်း အမျိုးသမီးတွေ ပိုမိုပါဝင်လာခြင်းဖြင့် ကျမတို့နိုင်ငံ အနာဂတ်ကို ဒီထက်ပိုပြီး ကောင်းမွန်တဲ့အပြောင်းအလဲတွေကို အမျိုးသမီးတွေက ပြောင်းလဲပေးနိုင်မယ်လို့ ယူဆတယ်” ဟု ကျား/မရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ်ဦးရေ ၄၅ ဦး (၁၄ ရာခိုင် နှုန်း)၊ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ အမျိုးသမီးကိုယ်စားလှယ်ဦးရေ ၂၃ ဦး (၁၄ ရာခိုင်နှုန်း)၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ်ဦးရေ ၇၉ ဦး (၁၃ ရာခိုင်နှုန်း)နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာတွင် ရွေးကောက်ခံအမျိုးသမီးကိုယ်စားလှယ်ဦးရေ ၅ ဦး (၁၇ ရာခိုင်နှုန်း)တို့ ရှိကြောင်း သိရှိရသည်။
ထို့ပြင် အုပ်ချုပ်ရေးကဏ္ဍတွင်လည်း အမျိုးသမီးပါဝင်မှု အလွန်နည်းပါးပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော် တို့ ၂ ဦးသာ အုပ်ချုပ်ရေးကဏ္ဍအကြီးအကဲများအဖြစ် ပါဝင်လာပြီး အမျိုးသမီး ပါဝင်မှု အလွန်နည်းပါးကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ယူရမည့် အစိုးရသက်တမ်း ၅ နှစ်အတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြမည့် ဝန်ကြီးဌာန အသီးသီး၌ အမျိုးသမီး အများအပြား ဦးဆောင်ပါဝင်ခွင့် ရမည်ဟု မျှော်လင့်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပါဝင်ခဲ့သည့်အပေါ်ကိုမူ အားရမှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဧရာဝတီကို ပြောဆိုသည်။
“NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီးတွေ အရင်ထက် များများပါဝင်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ကျမတို့ မျှော်လင့်တဲ့အတိုင်း အမျိုးသမီးအရေအတွက် မပါလာဘူးဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်မှာ အမျိုးသမီးဝန်ကြီးချုပ် ၂ ဦး ပါလာတာကိုတော့ ကြိုဆိုပါတယ်။ ဒီထက်ပိုရှိစေချင်ပါတယ်” ဟု အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် “ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်”မှ မမေစံပယ်ဖြူက ပြောသည်။
အစိုးရသစ်အဖွဲ့က အမျိုးသမီးအရေးနှင့် ပတ်သတ်ပြီး ကဏ္ဍပေါင်းစုံ အဆင့်တိုင်းတွင် ယခင်ထက်ပိုပြီး စဉ်းစားပေးရန်၊ အမျိုးသမီးဘဝ မြှင့်တင်တိုးတက်စေရန်အတွက် နိုင်ငံတော်အဆင့်ဖြင့် ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် ငွေကြေးဘတ်ဂျက်များ အလေးထား ချပေးမည်ဟု မျှော်လင့်ကြောင်း မမေစံပယ်ဖြူက ဆက်လေက်ပြာသည်။