အိမ်ခြံမြေနှင့် ကားဈေးကွက် အပြောင်းအလဲ ကြီးမားမှုကြောင့် ရန်ကုန်မြို့တွင် ရွှေဝယ်သူ အလွန် နည်းပါးပြီး ပြန်လည် ရောင်းချသူ များပြားနေကြောင်း သတင်းရရှိသည်။
ဈေးကွက် အပြောင်းအလဲ ကာလတွင် ရွှေစုဆောင်းထားသူတို့က စီးပွားရေးလုပ်ငန်းသစ်များ လုပ်ကိုင်ရန် ငွေပြန်ဖော်နေကြသည်ဟု သိရသည်။
“နေ့စဉ်တိုင်း လိုလို ရွှေဝယ်သူထက် ရွှေရောင်းတဲ့သူတွေချည်းပဲ။ ရွှေဝယ်သူက မရှိသလောက်ကို နည်းတယ်။ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်တွေမှာ သွားပြီး ရင်းနှီးကြ၊ အလုပ်လုပ်ကြနဲ့ အဲဒီဘက်မှာပဲ အရမ်း လှုပ်ရှားတယ်။ အဲဒီနယ်ပယ်ကိုပဲ လူတွေက စိတ်ဝင်စားကြတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သူ ရွှေကုန်သည် တဦးက ပြောသည်။
အကျိုးအမြတ် သေချာသော အိမ်ခြံမြေဈေးကွက်ဘက်သို့ လှည့်သွားကြခြင်းမှာ ကျပ်ငွေတန်ဖိုးတက်လာခြင်း၊ ဒေါ်လာတန်ဖိုး မတည်မငြိမ် ဖြစ်လာခြင်း တို့နှင့်လည်း သက်ဆိုင်သည်ဟု ဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ထပ်မံ ဝင်ရောက်လာခြင်း၊ စက်မှုဇုန်အသစ်များ ဖော်ထုတ်လာခြင်းတို့ကြောင့် စက်မှုဇုန် မြေကွက်များ ကြိုတင် ဝယ်ယူ ရင်းနှီးမြုပ်နှံနေကြကြောင်း ရန်ကုန်မှ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ရန်ကုန်မြို့တွင်း အိမ်ခြံမြေများလည်း ဆက်တိုက်ဆိုသလို ဈေးနှုန်းများ မြင့်တက်နေသည်။
“ဈေးက ပိုတက်ဖို့ပဲ ရှိတယ်။ အကျ မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သိန်းငါးရာလောက်ပဲ ဈေးရှိတဲ့ မြေကွက်က အခုအချိန် သိန်းနှစ်ထောင် ခေါ်ရောင်းတယ်၊ ဝယ်သူလည်း ရှိတယ်။ အိမ်ခြံမြေက ရင်းနှီး မြုပ်နှံပြီး ရှုံးတယ် ဆိုတာ မရှိတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ရန်ကုန်မြို့၏ နာမည်ကျော် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီ ပိုင်ရှင် တဦးက ဆိုသည်။
ကားသစ် တင်သွင်းခြင်းကို အစိုးရက ခွင့်ပြုလာသဖြင့် ငွေကြေးတတ်နိုင်သူများက ရွှေဝယ်ယူရန် စိတ်ဝင်စားမှု လျော့ကျသွားကြောင်း သိရှိရသည်။
“ကားဟောင်းကို ကားသစ် လဲချင်ကြတယ်။ ကားဟောင်း(အောက်ကားတွေ)ကို တစီး သိန်းတရာ ပေးဝယ်ကြတယ်။ ဘဏ်မှာ နိုင်ငံခြားငွေ အခွန်ဆောင် အပ်ထားတဲ့သူတွေလည်း ကားသစ် သွင်းဖို့ စိတ်ဝင်စားကြတယ်” ဟု ကား ဝယ်ရောင်း အကျိုးဆောင် လုပ်ငန်းကို နှစ်ပေါင်းများစွာ လေ့လာ သတင်းရယူ ရေးသားခဲ့သူ အပတ်စဉ်ထုတ် သတင်းဂျာနယ်ကြီးတခုမှ အယ်ဒီတာတဦးက ပြောသည်။
“ကားသတင်းပါတဲ့ ဂျာနယ်တိုင်း ရောင်းအား တက်သလို ဂျာနယ်တိုင်းကလည်း ကားသတင်း မဖြစ်မနေ ပါအောင် ထည့်နေရတာကို ကြည့်ရင် လူတွေရဲ့ ကားသစ်တွေ ရှုးသွပ်တဲ့ စိတ်တွေကို သိနိုင်တယ်” ဟု ၎င်းအယ်ဒီတာက ဆက်ပြောသည်။
ကား နှင့် အိမ်ခြံမြေဈေးကွက်၏ ဂယက်ကြောင့်သာမက အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ကမ္ဘာ့ရွှေဈေး အတက် အကျအပေါ် မူတည် ပြောင်းလဲနေသော ရွှေဈေးကွက်သည် လာမည့် ၂၀၁၂ ခုနှစ်တွင် အရောင်းအဝယ် ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း မန္တလေးနှင့် ရန်ကုန် ရွှေကုန်သည်များက သုံးသပ်နေကြသည်။
ပြည်တွင်းရွှေဈေးကွက်တွင် တနင်္လာနေ့က အကယ်ဒမီအခေါက်ရွှေ တကျပ်သား ၇၂၃ ၀၀၀ ကျပ် ရှိကြောင်း သိရှိရသည်။