သိမ်းဆည်းခံထားရသော ဥယျာဉ် ခြံမြေများနှင့် လယ်မြေများအတွက် နစ်နာကြေးပေးရန် ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်း သာ ရွာမှ ဥယျာဉ်ခြံမြေ ပိုင်ရှင်များက ယမန်နေ့ က ဆန္ဒဖော်ထုတ်ကြကြောင်း သတင်း ရရှိသည်။
ချောင်းသာ ကမ်းခြေတလျှောက်ရှိ အုန်းခြံနှင့် လယ်ယာမြေ ဧက စုစုပေါင်း ၆၀၀ ကျော်မှာ ဟိုတယ်ဇုန် စီမံကိန်း အတွက် သိမ်းဆည်းခံခဲ့ရပြီး ထိုက်သင့်သည့် နစ်နာကြေးမရခဲ့ကြောင်း ဆန္ဒပြသူများက ဆိုသည်။
“၁၉၈၉ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ တဖြည်းဖြည်း အသိမ်းခံရတဲ့မြေတွေပါ။ ၉၃ ခုနှစ် သိမ်းတုန်းကတော့ ပေ ၄၀x ၆၀ မြေပြန်ပေးမယ် အိမ်ဆောက်ပေးမယ်ဆိုပြီး အခုထိ မရပါဘူး။ ဒီကိစ္စ သမ္မတနဲ့ လယ်ယာမြေ သိမ်းဆည်းမှုဆိုင်ရာ စုံစမ်းရေး ကော် မရှင်ကို တိုင်ထားတာ အရေးယူတာ မရှိပါဘူး။ အဲ့ဒီအပြင် ကျနော်တို့ကို ပြန်ပေးမယ်ဆိုတဲ့ အဲ့ဒီမှာ ခြံခတ်တာ၊ အိမ် ဆောက် တာတွေ လုပ်နေကြလို့ ကျနော်တို့ ရပိုင်ခွင့်အတွက် ဆန္ဒပြတာပါ”ဟု ဥယျာဉ်ခြံပိုင်ရှင် တဦးက ပြောသည်။
ဥယျာဉ်ခြံ ပိုင်ရှင် ၁၀၀ ကျော်တို့က “မတရား လယ်မြေသိမ်းမှုများ ရပ်”၊ “အသိမ်းခံမြေ ပြန်ပေး”၊ “မြေယာစုံစမ်းရေး ကော်မရှင် အား ကြိုဆိုပါသည်” စသည့် စာသားများကို ကိုင်ဆောင်ကာ ချောင်းသာရွာ ဘောလုံးကွင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး ရှေ့အထိ စီတန်းလှည့်လည်ခဲ့ကြသည်ဟု ဆိုသည်။
“ကျနော်တို့ ဓားမဦးချ လုပ်လာတဲ့ ခြံမြေတွေအတွက် မြေနေရာ အစားထိုး ပြန်မရတော့ လုပ်ကိုင်စားသောက်ဖို့ အခက်ခဲတွေ ဖြစ် ရပါတယ်။ ကျနော်တို့ မိသားစုဆိုရင် အုန်းခြံ ၉၇ ဧက အသိမ်းခံရပါတယ်။ ဒါ့အပြင် အစားပြန်ပေးမယ်ဆိုတဲ့ နေရာတွေကို လည်း အခုထိ မရဘဲ အဲ့ဒီ မြေနေရာတွေကို စစ်တပ်က အကြီးအကဲတွေ၊ အုပ်ချုပ်ရေးမှူးလို အာဏာရှိတဲ့သူတွေကိုပဲ ချပေးပါတယ်။ ပုစွန်ကန်တွေ တူးတယ်။ ဒီကိစ္စကို အထက်အဆင့်ဆင့် တင်ထားပေမယ့် ခုထိ ဘာမှ အကြောင်းမထူးပါဘူး။ အရင် က တော့ ဖမ်းမှာဆီးမှာ ကြောက်လို့ ဆန္ဒလည်း မပြရဲပါဘူး။ အခုတော့ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်အတွက် ဆန္ဒဖော်ထုတ်ခွင့် ရှိတယ်ဆိုလို့ ဆန္ဒပြတာပါ”ဟု အုန်းခြံပိုင်ရှင် ဦးထွန်းလှိုင် က ပြောသည်။
မြေယာ သိမ်းဆည်းခံရသူများအနေဖြင့် မြေယာ သိမ်းဆည်းခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်မည်ဟု ဆိုသည်။
“စုံစမ်းရေး ကော်မရှင်အနေနဲ့ တရားမျှတအောင် လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီကိစ္စကို သေချာ စစ်ဆေး အရေးယူပေး စေ ချင်ပါတယ်။ ကျနော်တို့ နစ်နာမှုအတွက် တစုံတရာ လုပ်ပေးခြင်း မရှိဘူးဆိုရင်တော့ ကျနော်တို့အနေနဲ့ ဆန္ဒထုတ်ဖော် တာတွေ ဆက်တိုက်လုပ်နေမှာပဲ”ဟုလည်း ဦးထွန်းလှိုင်က ပြောသည်။
ချောင်းသာ ကမ်းခြေရှိ ခြံမြေနေရာ တချို့ကို ၁၉၈၉ တွင် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနမှ သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် ဟိုတယ်လုပ်ငန်းရှင်များထံသို့ ဆင့်ပွားရောင်းချမှုများ ရှိခဲ့သည်ဟု ဆိုသည်။
၁၉၉၆ ခုနှစ်ကို မြန်မာ့ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီးနောက်ပိုင်းတွင် ချောင်းသာသို့ အပန်းဖြေရန် လာရောက်သူ များပြား လာ၍ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အတူ မြေယာ မတရားသိမ်းဆည်းခံရမှုများလည်း ရှိလာသည်။
၁၉၉၃ ခုနှစ်တွင် ချောင်းသာကမ်းခြေတလျှောက်ကို ဟိုတယ်ဇုန်အဖြစ် သတ်မှတ်ခဲ့ပြီး ခြံမြေများကို အစိုးရက သိမ်းယူခြင်း၊ ပုဂ္ဂလိက ဟိုတယ်လုပ်ငန်းရှင်များက ဝယ်ယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။