မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန (အိုးအိမ်) ပိုင် ရန်ကုန် ၅၁ လမ်း အစိုးရအိမ်ရာ (ပြည်တော်သာ အိမ်ရာ) ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက် မှုနှင့် ပတ်သက်၍ နေထိုင်သူများကို ခေါ်ယူ ဆွေးနွေးခဲ့သော်လည်း အိုးအိမ်မှ နှုတ်ကတိသာ ပေးခဲ့သောကြောင့် အိမ်ရာနေ ပြည်သူများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု ပျောက်ဆုံးမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
အဆိုပါ အိမ်ရာစခန်း၌ နေထိုင်သူများအတွက် နစ်နာမှုများ ရှိနိုင်ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူများက မေ ၃၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြုလုပ်၍ မီဒီယာများသို့ ပြောကြားခဲ့သည်။
တိုက် ၂ တွင် နေထိုင်သူ ကိုဝင်းနိုင်က “ဒီဇွန်လအတွင်း ပြောင်းပေးဖို့ကို နှုတ်နဲ့ ပြောထားတာရှိတယ်။ တချို့ကလည်း ကျောင်းအပ်ပြီးကြလို့ ဘယ်လို ပြောင်းရမလဲဆိုပြီး စိတ်ပူနေတယ်။ သက်ကြီးရွယ်အိုတွေ ကလည်း မပြောင်းရင် ဆွဲချ ခံရမှာတို့ ဘာတို့ကို လန့်နေကြတယ်” ဟု ဆိုသည်။
အိမ်ရာစခန်းတွင် နေသူများ ပြောင်းရွှေ့နေထိုင်ရေး စီမံပေးမည့် အချက်အလက် များကို မေလ ၂၈ ရက်နေ့တွင် ဗိုလ်တစ်ထောင် မြို့နယ်ဦးစီးရုံးမှ စာဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်တွင် ပြောင်းရွှေ့နေထိုင်ကြေးကို ၂ နှစ်စာ ပေးမည်ဖြစ်ပြီး စာချုပ် စချုပ်ချိန်တွင် ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း ပါရှိသည်။ သို့သော် ၂ နှစ်ကာလကို ပိုင် (Pile) ရိုက်သည့် အချိန်မှ စတင် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
အိမ်ရာစခန်း တိုက်နံပါတ် ၄ တွင်နေထိုင်သူ ကိုသားသားက စီမံကိန်းကို ဖြစ်စေချင်သော်လည်း အိမ်ရာနေပြည်သူတို့၏ လူမှုဘ၀ အာမခံချက်ကို အိုးအိမ်မှ တာဝန်ယူပေး စေလိုကြောင်း ပြောသည်။
“ဒီတိုက်ကို ပြန်ဆောက်မယ့် ကန်ထရိုက် ဘယ်သူဆိုတာကိုလည်း မသိရဘူး။ အိမ်ပုံစံ ဘယ်လို၊ ၂ နှစ်ပြည့်လို့မှ အိမ်မပြီးရင် ဘာလုပ်ပေးမယ် ဆိုတာကိုလည်း တိတိကျကျမပြောဘဲ ၂ နှစ်စာ အိမ်ငှားစရိတ် ပိုက်ဆံယူ၊ ပြီးရင် ဆင်းသွား ဆိုတဲ့ ပုံမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
၅၁ လမ်း အိမ်ရာသည် ၂. ၄၈၆ ဧက ကျယ်ဝန်းပြီး တိုက် ၇ တိုက် ရှိ၍ အခန်းပေါင်း ၂၂၄ ခန်းရှိသည်။ မူလ နာမည်ပေါက် နေထိုင်သူမှာ ၄၆ ခန်း ရှိ၍ ကျန်လူများမှာ တဆင့် ပြန်လည် ဝယ်ယူထားသူများ ဖြစ်ကြောင်း သိရသည်။
အိုးအိမ်မှ စီမံကိန်း တည်ဆောက်ပြီးပါက တိုက်ခန်းအပြည့် ပြန်ပေးမည်ဖြစ်ပြီး အနည်းဆုံး အခန်းတခန်းလျှင် ၆၀၀ စတုရန်းပေ ရရှိမည်ဟု သိရသည်။ ယခု တိုက်ခန်းမှာ ၄၅၀ စတုရန်းပေ ရှိကြောင်း သိရသည်။ တိုက်ခန်းနေသူ အားလုံးမှာ မြေငှားခ အဖြစ် အိုးအိမ်သို့ တလလျှင် ကျပ် ၅၀ မှ ၆၆ ကျပ် ပေးဆောင်ရပြီး ယခု မေလအထိ ပေးပြီးပြီ ဖြစ်ကြောင်း သိရသည်။
ယင်း အိမ်ရာမှာ နှစ်ပေါင်း ၆၀ ခန့်ရှိပြီဖြစ်ပြီး ဝန်ကြီးချုပ် ဦးနုလက်ထက်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းအိမ်ရာကဲ့သို့ သက်တမ်းလွန် ဝန်ထမ်းအိမ်ရာများ ဖြစ်သော လမ်းသစ်အိမ်ရာ၊ ရွှေဂုံအိမ်ရာ၊ ဦးဝိစာရ (မင်းမနိုင်) အိမ်ရာ၊ ဝေဠုဝန် အိမ်ရာ၊ ရန်ကင်းမြို့နယ်မှ ဝန်ထမ်းအိမ်ရာ အပါအဝင် စုစုပေါင်းဝန်ထမ်းအိမ်ရာ ၁၁ ခုကိုလည်း အသစ် ပြန်လည် တည်ဆောက်ရန်ရှိကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မတ်လအတွင်း ထုတ်ပြန်ထားသည်။