မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော မြန်မာစစ်သား ၃ ဦးကို ရှာဖွေရေး ကူညီရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ကျေးရွာအုပ်စု ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို ဆင့်ခေါ် အကူအညီ တောင်းထားကြောင်း သိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးလုပ်ငန်းခွင်မှ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဖွဲ့ဝင် စစ်သား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အရပ်သားတဦးကို ပစ်သတ်ခဲ့သည်။
အစည်းအဝေး တက်ရောက်ခဲ့သူ ကျေးရွာအုပ်စု ဥက္ကဋ္ဌတဦးက “အခု မြန်မာဘက်က ပျောက်ဆုံးနေတဲ့ စစ်သား ၃ ယောက်ကို ရှာပေးကြပါ။ ရှာပေးနိုင်တဲ့လူကို ဆုချမယ်လို့ ပြောပါတယ်။ ဒီနေ့ကစပြီး ကျေးရွာတိုင်းမှာလည်း BGB တပ်ဖွဲ့ဝင်တွေ ချထားပြီး စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်” ဟု ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်တရိုဘန် ခရိုင်၊ နတ်ကျောက်စရီမြို့တွင် အမှတ် (၁၅) နယ်ခြားစောင့်တပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး မဟားဘူးဘူး ရိုဟာမန်းဦးဆောင်သော အဖွဲ့နှင့် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) မှ ဗိုလ်မှူး စိန်သာကျော် ဦးဆောင်သော အဖွဲ့တို့ လေမူစရီဒေသရှိ စာသင်ကျောင်းတခုတွင် ဆွေးနွေးခဲ့ကြကြောင်း၊ ယင်းသို့ ဆွေးနွေရာတွင် အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ဗိုလ်မှူးကြီး မဟားဘူးဘူး ရိုဟာမန်းက လေမူစရီ BGB စခန်းတွင် ဒေသခံကျေးရွာ ခေါင်းဆောင်များကို ဆင့်ခေါ် ဆွေးနွေးခြင်း ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ပန်းချောင်းကျေးရွာ ဥက္ကဋ္ဌက ပြောသည်။
အခင်ဖြစ်ပွားရာတွင် အသတ်ခံရသူအတွက် မြန်မာနိုင်ငံအနေဖြင့် ဘာမှ မပြောလိုသော်လည်း တပ်မတော် စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းမှ တပ်ကြပ်ကြီး နိုင်ထူးအောင်နှင့် ရဲဘော် ၂ ဦးတို့ကို ရှာဖွေပေးရန် BGB ကို နစက က တိုက်တွန်းနေပြီး ရှာမပေးပါက ဘင်္ဂလားဒေ့ရှ် ပိုင်နက်သို့ ဝင်ရောက်ရှာဖွေမည်ဟု နစကနှင့် နီးစပ်သော သတင်းများက ဆိုသည်။
ကီလိုမီတာ ၃၀၀ ကျော် ရှည်လျားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံရေးကို စစ်တွေအခြေစိုက် တပ်မတော် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းက လုပ်ကိုင်နေသည်မှာ ၄ နှစ်ကြာပြီဖြစ်သည်။