အစိုးရဝန်ကြီးဌာန ၁၅ ခုက ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း အလွဲသုံးစား ထားသောပြုလုပ်ထား ပြည်သူ့ဘဏ္ဍာ များကို နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းခြင်း မရှိပါက ဝန်ကြီးဌာနများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြောဆိုလိုက်သည်။
ယမန်နေ့ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စုအစိုးရဌာနအဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စစ်ဆေးတွေ့ရှိခြင်းနှင့်စပ်လျဉ်းသော အရေးကြီးအစီရင်ခံစာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရဝန်ကြီးဌာန ၁၅ ခုက အလွဲသုံးစားမှု ၄၇ ခုကျူးလွန်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်ငွေ ၅၈ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၅၈၃၉၈ ဒသမ ၈၁၀) နှင့် အမေရိကန်ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁၀ ကို အလွဲသုံးစားပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ အလွဲသုံးစားပြုလုပ်ထားသည့်ငွေများအနက်မှ ကျပ်ငွေ ၁၇ ဘီလီယံကျော် ( ကျပ်သန်းပေါင်း ၁၇၄၂၆ ဒဿမ ၇၇၂ သန်း) နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉၀ ကိုနိုင်ငံတော်က ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အစိုးရဝန်ကြီးဌာနများက ကျပ်ငွေ ၄၀ ဘီလီယံကျော်(ကျပ်သန်းပေါင်း ၄၀၉၇၂ ဒသမ ၀၃၈) နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ ပြန်လည်ပေးအပ်ရန် ကျန်ရှိနေဆဲဖြစ်ကြောင်း သရှိရသည်။
အစိုးရဝန်ကြီးဌာန ၁၅ ခုအနေဖြင့် အလွဲသုံးစားထားသော ငွေကြေးများကို ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်မတိုင်မီ ပြန်လည်ပေးသွင်းခြင်းမပြုပါက ပြည်ထောင်စုစာရင်းချုပ်ရုံးက တရားစွဲဆိုမှုများပြုလုပ်မည့်အပြင် ဒဏ်ကြေးပါ သတ်မှတ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာမှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားသဖြင့် သမ္မတ၏သဘောတူညီချက်ဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဝန်ကြီးဌာန ၁၅ ခုက အလွဲသုံးစားလုပ်ထားတဲ့ငွေတွေကို ၂၀၁၃ ၊ မတ်လ ၁၃ ရက်မတိုင်မီ နိုင်ငံတော်ကို ပြန်ပေးရမယ်။ မပေးရင်တော့ ဝန်ကြီးဌာနတွေအနေနဲ့ ဒဏ်ကြေးဆောင်ရမယ်၊ တရားစွဲဆိုခံရမယ်။ ဒါပေမဲ့ ဘယ်လိုဒဏ်ကြေးတပ်မလဲ၊ ဘယ်လိုတရားစွဲမှာလဲ အဲဒါတွေကိုတော့ ရှင်းရှင်းလင်းအစီရင်ခံစာမှာ ပြမထားဘူး”ဟု လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကြည့်မြင့်က ဧရာဝတီသို့ပြောသည်။
ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုကြသည့် ဝန်ကြီးဌာန ၁၅ ခုတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၄ ခု၊ ကျန်းမာရေး ဝန်ကြီးဌာနက ၆ ခု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ၁ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ၂ ခု၊ ပြန်ကြားရေးဝန်ကြီးဌာနက ၄ ခု၊ စက်မှုဝန်ကြီးဌာနက ၅ ခု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၃ ခု၊ သစ်တောဝန်ကြီးဌာနက ၃ ခု၊ သမဝါယမဝန်ကြီးဌာနက ၂ ခု၊ လယ်/ဆည်ဝန်ကြီးဌာနက ၅ ခု၊ ပညာရေးဝန်ကြီးဌာနက ၁ ခု၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာနက ၃ ခု၊ ဟိုတယ်/ခရီးဝန်ကြီးဌာနက ၂ ခု၊ မီးရထားဝန်ကြီးဌာနက ၄ ခု၊ ဆက်သွယ်ရေးဝန်ကြီးဌာနက ၄ ခု ကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ကျပ်ငွေ ၄၀ ဘီလီယံကျော် ( ကျပ်သန်းပေါင်း ၄၀၈၂၈ ဒသမ ၁၂၂) ရရှိမှုမရှိသေးဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း အချိန်မီ ငွေပေးသွင်းခြင်းမပြုလျှင် အရေးယူမှုများခံရမည်ဟု သိရှိရသည်။
အစိုးရဝန်ကြီးဌာနများ၏ အလွဲသုံးစားမှုနှင့်ပတ်သက်ပြီး အစိုးရဝန်ထမ်းအချို့ကို သတိပေးခြင်း၊ အရေးယူမှုပြုလုပ် ခြင်းများပြုလုပ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များဖော်ပြခြင်းမပြုဟု သိရှိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က သမ္မတ၏ အမိန့်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ အစိုးရဝန်ကြီးဌာနများ၏ အလွဲသုံးစားမှုကို တင်ပြခြင်းအပေါ် အပြုသဘောဆောင်သော လုပ်ရပ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုဆိုကြသော်လည်း ယနေ့ထုတ်အစိုးရသတင်းစာများတွင် ယင်းအစီရင်ခံစာအသေးစိတ်ကို ဖော်ပြခြင်းမပြုခြင်းမှုအပေါ် စိတ်ပျက်မှုရှိကြောင်း ပြောဆိုကြသည်။
“ထင်သာမြင်သာရှိသင့်တယ်။ လွှတ်တော်ကိုတောင်တင်ပြထားတာပဲ ပြည်သူတွေဆီကိုလည်း သိသင့်အောင် အစိုးရသတင်းစာတွေ ကနေ ဖော်ပြသင့်တယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်နှင့် တပ်မတော်၏ အသုံးစရိတ်များနှင့်ပတ်သက်ပြီး တစုံတရာ ဖော်ပြခြင်းမရှိကြောင်း သိရှိရသည်။