ကချင်လွတ်လပ် ရေးတပ်မတော် (KIA) ၏ ရှေ့တန်း စခန်းထောက် နေရာဖြစ်သော တောင်ကုန်းတခုကို ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစိုးရစစ်တပ်က လေကြာင်းပစ်ကူ တိုက်ခိုက်မှုဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားက ယမန်နေ့က ထုတ်ပြန်ကြေညာသွားသည်။
လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းသည် အစိုးရတပ်ရိက္ခာပို့သည့် လမ်းကြောင်းနှင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းအား အဓိကပိတ်ဆို့သည့် နေရာဖြစ်ပြီး KIA ဌာနချုပ် လိုင်ဇာအတွက် အဓိက စခန်းထောက်နေရာ အရေးပါသည့် တောင်ကုန်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရတပ်က လဂျားယန် စခန်းနှင့် ပတ်ဝန်းကျင်အား လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်လိုက်ကြောင်း မြဝတီ ရုပ်သံက ကြေညာသည်။
နောက်ဆက်တွဲ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းမှ ပြောရေး ဆိုခွင့်ရှိသူ ဦးလဆိုင်းက “လဂျားယန် မကျသေးပါဘူး။ ဒီနေ့မနက် ၁၁ နာရီ လောက်ကတည်းက ရဟတ်ယာဉ် ၄ စီးနဲ့ လဂျားယန်ကို လာပစ်နေပါတယ်။ အခု ပစ်နေတုန်းပဲ။ KIA နဲ့ ကျနော်တို့ ပြန်တိုက်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီး လဂျားယန်စခန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (Peace Creation Group) မှ ဦးလမိုင် ဂွမ်ဂျာက “တိုက်ခိုက် သိမ်းယူတဲ့ သဘောမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ စစ်တပ်က ထိုးစစ်ဆင်လာလို့ KIA က ရှောင်ပေးတာလည်း ဖြစ်နိုင်ပါတယ်” ဟု ခန့်မှန်း ပြောဆိုသည်။
တပ်မတော်သည် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင် တက်ရောက်ခြင်း၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်းမှ လွဲ၍ စခန်းများအား စတင်တိုက်ခိုက်ခြင်း မပြုဘဲ သည်းခံဆောင်ရွက်လျက် ရှိသော်လည်း ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ယခုကဲ့သို့ တိုက်ခိုက် သိမ်းပိုက်ခြင်း ဖြစ်ကြောင်း မြဝတီ ရုပ်သံ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
စစ်တပ်ပိုင် မြဝတီ ရုပ်သံက KIA ကို အကြမ်းဖက် သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲထားပြီး KIA ဘက်က ၂၀၁၁ ဇွန်လမှစတင်၍ ရထားလမ်း မိုင်းခွဲမှု အကြိမ် ၅၀ ကျော်၊ လမ်းတံတား ဖောက်လုပ်ရေး ယန္တရားများ တိုက်ခိုက်ဖျက်စီးမှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့သည် ၂၀၁၂ အောက်တိုဘာ ၃၀ ရက်နေ့တွင် ရွှေလီမြို့၌ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထပ်မံတွေ့ဆုံရန် ညှိနှိုင်းနေကြစဉ်အတွင်း စစ်ရေးအခြေအနေများ ပိုမိုတင်းမာလာခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပန်ဝါဒေသကို ရဟတ်ယာဉ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ငြိမ်းချမ်းရေး ထပ်မံဆွေးနွေးရန် အကြောင်းကြားစာကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပေးပို့ခဲ့ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး စစ်ရေးအခြေအနေ တင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင် ဂွမ်ဂျာက “လေယာဉ်နဲ့ စပစ်တဲ့ အချိန်ကတည်းက ကျနော်ကိုယ်တိုင် (ဝန်ကြီး) ဦးအောင်မင်းကို ဖုန်းဆက် အကြောင်းကြားပြီးပြီ။ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန် ဖြစ်တယ်၊ အဲလို အချိန်မှာ ထိပ်တိုက် ရှေ့တန်းမှာတွေ့ပြီး တိုက်ခိုက်တာက အကြောင်းမဟုတ်ဘူး၊ အခုလို လေယာဉ်နဲ့ လာပြီးတော့ တိုက်ခိုက်လာတယ် ဆိုရင်တော့ ကျနော်တို့ ငြိမ်းချမ်းရေးပါ ပျက်စီးနိုင်တယ်” ဟု ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဆက်သွယ် အကြောင်းကြားထားသော်လည်း ပြန်လည် ဆက်သွယ်လာခြင်း မရှိသကဲ့သို့ ယခုအချိန်တွင် ဆက်သွယ်၍မရကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း၏ ဖုန်းကို အကြိမ်ကြိမ် ခေါ်ဆိုနေသော်လည်း ဖုန်းဖြေကြားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရယူထားပြီး ၂၀၁၁ ဇွန်လမှ ပြန်လည်ဖြစ်ပွားခဲ့သည့် KIA နှင့် အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများသည် တနှစ်ခွဲကျော် ကြာမြင့်ခဲ့သည်။
KIA ၏ ဌာနချုပ် လိုင်ဇာကို သိမ်းပိုက်မည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကတိပေးထားသည်ဟု ဝန်ကြီး ဦးအောင်မင်းကို ကိုးကား၍ ပြည်တွင်းထုတ် ပေါ်ပြူလာ သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်လှယ်အဖွဲ့သည်လည်း ကချင်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးရန် ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ယမန်နေ့က ရန်ကုန်မြို့မှ ထွက်ခွာပြီး ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိကြောင်း၊ အဆိုပါအဖွဲ့တွင် ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ မမီမီလွင်၊ မစမ်းစမ်းမော်တို့ ၄ ဦးပါဝင်ကြောင်း၊ KIA ခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။