ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အပြုတ်တိုက် ချေမှုန်းနိုင်မှသာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်ကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော်အမတ် ဦးလှဆွေက ယမန်နေ့က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောဆို ဆွေးနွေးကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက “ကမ္ဘာပေါ်မှာ စစ်ပွဲတွေ ကြည့်လိုက်၊ ညှိမရလို့ တိုက်နေတာချည်းပဲ။ လက်ရှိဖြစ်နေတဲ့ မာလီမှာ ပြင်သစ်တွေ ဝင်တိုက်နေတာ ညှိမရလို့ပဲ။ ကိုလံဘီယာဆိုလည်း အဲဒီလိုပဲ” ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အင်တာဗျူးတွင်လည်း ဖြေဆိုထားသည်။
အမေရိကန်နှင့် ဂျပန်တို့အကြား ဖြစ်ပွားခဲ့သည့် ဒုတိယ ကမ္ဘာစစ်သည်လည်း ညှိမရသည့်အတွက် ဗုံးကြဲလိုက်မှသာ ကမ္ဘာစစ်ပြီးဆုံးသွားကြောင်း ဒု ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေက ဥပမာပေး၍ ပြောဆိုသည်။
“ဗုံးနှစ်လုံး ကြဲထည့်လိုက်တော့မှ ဟိုကောင်တွေက ချက်ချင်းလာပြီးတော့ စစ်သင်္ဘောကြီးပေါ်မှာ လာပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးသွားတယ်၊ လက်နက်ချပါပြီ ဆိုပြီးတော့။ ဒီတော့ ကျနော်ပြောလိုတာက ရွှေလက်နဲ့ ခေါ်နေတုန်း မလာတဲ့ KIA ကိုလည်းပဲ Bullet ပေးလိုက်ရင် ကောင်းမလားပေါ့” ဟု ဆိုသည်။
ဦးလှဆွေ၏ ပြောဆိုမှုသည် စစ်တပ်၊ အစိုးရအဖွဲ့နှင့် ၎င်းတို့ ကိုယ်စားပြုထားသည့် နိုင်ငံရေးပါတီ၏ အာဘော်ဖြစ်ပြီး ၎င်းတို့၏ ရင်ထဲမှ ဆန္ဒအမှန်ကို ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဧရာဝတီသို့ ပြောသည်။
“တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး မလုပ်ချင်လို့ တသက်လုံး ဟန်ဆောင် လိမ်လည်လာတာတွေကို ဖော်ပြလိုက်တာပဲ။ ဒီလို ပြောစကားကြောင့် နောက်ဆက်တွဲ ဖြစ်လာတာကိုလည်းပဲ သူတို့က တာဝန်ယူရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
သီရိလင်္ကာနိုင်ငံ၌ တမီလ်သူပုန်များအား အစိုးရက အပြုတ်တိုက်ပုံနှင့် အမေရိကန်နှင့် ဂျပန် စစ်ပွဲသည်လည်း ဂျပန်ကို ဗုံးကြဲလိုက်၍ ငြိမ်းချမ်းရေးရကာ လက်ရှိတွင် ဂျပန်နိုင်ငံ တိုးတက်နေပြီ ဖြစ်ကြောင်း၊ KIA ကို အပြုတ် တိုက်နေခြင်းသည်လည်း ငြိမ်းချမ်းရေးအတွက် ဖြစ်ကြောင်း စသည့်ဖြင့် ဦးလှဆွေက ဆွေးနွေးသည်ဟု လွှတ်တော်အမတ်များက ပြောသည်။
“KIA ကို အပြတ်ချေမှုန်းနိုင်မှ ငြိမ်းချမ်းရေးရမယ်။ ဥပမာ – ဂျပန်ကို အမေရိကန်က ဗုံးကြဲပြီးမှ ငြိမ်းချမ်းရေး ရတယ်။ သီရိလင်္ကာမှာ တမီလ် သူပုန်တွေကိုလည်း သမ္မတက အပြတ်ချေမှုန်းပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး ရတယ်ဆိုပြီး KIA ချေမှုန်းရေးကိစ္စကိုပဲ စောင်းပေးဆွေးနွေးတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ “ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဘက် ယုံကြည်မှုရှိမည့် ခိုင်မာသော အခြေခံမူများ ချမှတ်ပေးရေး” အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်၍ ဦးလှဆွေက KIA ကို အပြတ်ချေမှုန်းရေးကိစ္စ ဆွေးနွေးခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းအဆိုနှင့် ပတ်သက်၍ စုစုပေါင်း ၂၉ ဦး ဆွေးနွေးရန်ရှိပြီး ယမန်နေ့က ၁၄ ဦး ဆွေးနွေးကာ ကျန်လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ဆွေးနွေးမည်ဟု သိရှိရသည်။
ကချင်စစ်ပွဲနှင့်ပတ်သက်၍ ယမန်နေ့က ၁၄ ဦး ပါဝင်ဆွေးနွေးကြရာတွင် တပ်မတော်သား ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၉ ဦး၏ ဆွေးနွေးမှုသည် KIA အား အပြတ်ချေမှုန်းရေးကိုသာ ဦးတည်ဆွေးနွေးကြကြောင်း၊ တိုင်းရင်းသား ကိုယ်စားလှယ်များကမူ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး ယုံကြည်မှု တည်ဆောက်ရေး ကိစ္စကို စောင်းပေး ဆွေးနွေးကြကြောင်း ကိုယ်တိုင် ပါဝင်ဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “နယ်မြေတခုကို ခဏ အပိုင်သိမ်းနိုင်ရုံနဲ့ ထာဝရ ငြိမ်ချမ်းရေး မရနိုင်ဘူး။ ဒီတော့ အပြတ်ချေမှုန်းရေး ပြောမယ့်အစား တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းရေးရမယ့် ကိစ္စတွေ အဖြေရှာရမယ်။ နိုင်ငံရေးအရ ဆွေးနွေးနိုင်မှသာ ပြည်တွင်း ထာဝရ ငြိမ်းချမ်းနိုင်မှာပါ” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၆၆ နှစ်ရှိဖြစ်၍ ထာဝရငြိမ်းချမ်းရေး ကိစ္စကိုသာ အဓိက ဦးစားပေး ဆွေးနွေးသင့်ကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးသည်လည်း ပြည်တွင်း ထာဝရ ငြိမ်းချမ်းရေးအတွက် အရေးပါကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။
ကချင်အရေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ကျော်ကျော်ထူးက ဆွေးနွေးရာတွင် အပစ်အခတ် ရပ်စဲရေးကို ပထမဆွေးနွေး သဘောတူညီမှု ရရှိပြီးမှသာ ကြာရှည်သည့် နိုင်ငံရေးဆွေးနွေးမှု (Political Dialogue) ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ပြောဆိုဆွေးနွေးကြောင်း ယနေ့ထုတ်အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
KIA /KIO အဖွဲ့ကမူ အပစ်အခတ် ရပ်စဲမှုကို အစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရကြောင်း၊ ထို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုကိုသာ ပထမ လုပ်ဆောင်လိုတော့ကြောင်း ပြောဆိုနေ၍ အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပွားနေ ရခြင်းလည်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေး ရလိုပါက နိုင်ငံရေးအရ မဖြစ်မနေ ဆွေးနွေးရန်နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ယုံကြည်မှု တည်ဆောက်နိုင်ရန် တတိယ အင်အားစု ကြားခံပုဂ္ဂိုလ်များထားရေး၊ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်၍ အဖြေရှာပြီးပါက “ပြည်ထောင်စုမှ ခွဲမထွက်ရေး အာမခံချက် ပေးရေး” ကိစ္စများကို အစိုးရအနေဖြင့် လုပ်ဆောင်သင့်ကြောင်း ရှမ်း ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစိုင်းကျော်ဇောသန်း ကလည်း ဆွေးနွေးသည်။
တိုင်းရင်းသား ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်သည် သီးသန့် ဖြစ်နေပြီး အာဏာ ပိုမိုရှိနေသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံတကာ၏ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ကချင်အား ထိုးစစ်မဆင်ရန် သမ္မတက အမိန့်ပေးသော်လည်း စစ်တပ်က လိုက်နာမှု မရှိပုံတို့ကို ထောက်ပြ ဆွေးနွေး ကြကြောင်း သိရသည်။
“ဒီမိုကရေစီ စနစ်သွားမယ်ဆိုရင် ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာလိုပဲ စစ်တပ်ဟာ သမ္မတ လက်အောက်မှာ ရှိနေဖို့နဲ့ အာဏာ အရပ်ရပ်ဟာလည်းပဲ ပြည်သူတရပ်လုံးဆီမှာ ရှိဖို့၊ ပြည်သူ့ထံ အပ်နှင်းထားဖို့ လိုပါတယ်၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံထဲက ပြင်စရာ စာပိုဒ်အချို့ ပြင်ဆင်နိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။