မီးအတွက် ကာတွန်းပါဖောမန့်
မစပ်စုတို့ တိုင်းပြည်ကြီးလည်း ဆောင်းရာသီတောင် မကုန်သေးဘူး လာမယ့် နွေရာသီအတွက် လျှပ်စစ်မီးဒုက္ခကို ကြိုတင်တွေးပူ နေရပါပြီ။
တလောကတော့ ဒီနှစ် နွေရာသီမှာ လျှပ်စစ်မီး အလုံအလောက်ရရှိရေးအတွက် ဘယ်နိုင်ငံက ဘယ်လောက် မဂ္ဂါဝပ်၊ ဘယ်လို မီးစက်ကြီးတွေ ဘယ်လောက်တောင် လှူဒါန်း ကူညီလို့ ဘယ်နေရာမှာတော့ ဘယ်လို တပ်ဆင်နေပါပြီဆိုတဲ့ သတင်းတွေတော့ သဲ့သဲ့ ကြားနေရပေမယ့် လက်ရှိမှာတော့ပျက်မြဲ၊ ဖြတ်မြဲပဲလို့ ကြားနေရပါသေးတယ်။ ဒီ မီးစက်တွေကလည်း သက်ဆိုင်ရာ၊ ပတ်သက်ရာ နေရာတွေအတွက်ပဲလားမှ မသိတာလို့ မစပ်စု တွေးနေမိပါသေးတယ်။
ထားပါတော့လေ။ ဒီလို ဆောင်းရာသီမှာတင် လျှပ်စစ်မီးကို အဖြတ်ခံနေရတဲ့ မန္တလေးရွှေမြို့တော်ကြီးက ဒီ ဒဏ်တွေကို မခံနိုင်လို့ ကာတွန်းဆရာတွေ ပူးပေါင်းပြီး ၂၄ နာရီ မီးလင်းရေးအတွက် ပြုလုပ်မယ့် ပါဖော့မန့် ပြပွဲကို အနယ်နယ်အရပ်ရပ်က ကာတွန်း ဆရာတွေ ပူးပေါင်းပါဝင်လာနိုင်ဖို့ မန္တလေးက ကာတွန်းဆရာ အောင်မော်က ဖိတ်ခေါ်လိုက်ပါတယ်။
“ကျနော်တို့ အခု ဒါလုပ်တယ်ဆိုတာက ကျနော်တို့ မန္တလေး တခုတည်းတင်မဟုတ်ပါဘူး။ တခြား အနယ်နယ် အရပ်ရပ်
က ကာတွန်းဆရာတွေလည်း ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ လုပ်နိုင်ပါတယ်။ အနယ်နယ် အရပ်ရပ်က လာလည်း ကျနော်တို့ လက်ခံမှာပဲလေ။ လောလောဆယ်တော့ မန္တလေးက ကာတွန်းဆရာ ၁၀ ယောက်ကျော်လောက် လုပ်ဖို့ ရှိပါတယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
ဒီ ပါဖောမန့်ကို လာမယ့် ဧပြီလ ပထမပတ်မှာ လုပ်ဖို့ ရည်ရွယ်ထားပြီး ကာတွန်းဆရာတွေ ကိုယ်တိုင်က သူတို့ရေးဆွဲ
ထားတဲ့ ၃ ပေ၊ ၄ ပေ အရွယ်အစားရှိတဲ့ လျှပ်စစ်မီးနဲ့ သက်ဆိုင်တဲ့ကာတွန်း ဗီနိုင်းတွေကို ကိုယ်တိုင် ကိုင်ဆောင်ရင်း မန္တလေးမြို့ လျှပ်စစ်ရုံး ရှေ့မှာ ပြသသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
“နေရာက မှောင်နေမှာလေ။ ဒီတော့ ကာတွန်းကြည့်ဖို့ဆိုတာ ကိုယ့်မီးကိုယ် ယူလာပြီး ကြည့်မှ ရမှာမို့လို့ ဖယောာင်းတိုင် ယူပြီး လာကြည့်ကြပါ” လို့ စီစဉ်သူ ကာတွန်းအောင်မော်က ဖိတ်ခေါ်လိုက်ပါတယ်။
မန္တလေး ရွှေမြို့တော်ကြီးမှာ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ပြသခဲ့တဲ့ ပါဖောမန့် တွေကလည်း မနည်းခဲ့ပါဘူး။ ဒီလို ပြသတိုင်းလည်း အတားအဆီး အဟန့်အတားတွေနဲ့ ပြသခွင့်မရကြ၊ ပါဖောမန့်ဆို သက်ဆိုင်ရာက ကြောက်ကြလေတော့ အခုလို လုပ်မယ့် ပါဖောမန့် အတွက်ကိုရော ကာတွန်းဆရာတွေအနေနဲ့ ဘယ်လိုမျိုးတွေ ကြိုတင် အသိပေး လုပ်
ဆောင်ထားကြသလဲလို့ မစပ်စုက စပ်စုမိပါတယ်။
“သက်ဆိုင်ရာကို စာတင်မယ်။ တကယ်လို့ သူတို့ ခွင့်မပြုလည်း ကျနော်တို့ ဆက်လုပ်မှာပဲ” လို့ ကာတွန်းအောင်မော်က ဆိုပါတယ်။
အရင်တုန်းက ဆောင်းတွင်းပိုင်းတောင် ဒီလောက်မပျက်သေးဘူး။ အခု ဒီနှစ်မှ ပိုပျက်တယ်လို့ သူက ဆက်ပြောပါတယ်။
“အခုရက်ပိုင်းကို တရက် ၆ နာရီလောက် ပျက်တယ်။နွေဆိုရင် ဒီထက် ဆိုးဖို့ပဲရှိတော့တယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ပြီး
လုပ်ကြတာပါ” ဆိုပြီး မန္တလေးမြို့ခံတဦးလည်း ဖြစ်သူ ကာတွန်းအောင်မော်က အခုလို ပါဖောမန့် ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
အစဉ်အလာမပျက် နွေရောက်လာရင် ပျက်မြဲ ဖြတ်မြဲ ဖြစ်နေကျ မစပ်စုတို့ တိုင်းပြည်ရဲ့ လျှပ်စစ်မီးလေးက … ဒီနှစ် နွေရာသီ
မှာတော့ နိုင်ငံတကာရဲ့ ကောင်းမှု၊ ကူညီလှူဒါန်းထားတဲ့ မီးစက်ကြီးတွေရဲ့ အစွမ်းကို ထုတ်ပြတော့မလားလို့ မစပ်စု စိတ်ဝင်စား နေမိပါတယ်။
နှောင်းချစ်ဝေ့လည်
၈၈ အရေးတော်ပုံကို ထည့်သွင်း ရိုက်ကူးထားတဲ့ ဆေးပညာပေး ဗီဒီယိုဇာတ်ကား “နှောင်းချစ်ဝေ့လည်” ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က လွန်ခဲ့တဲ့ နှစ်လက ရိုက်ကူးထားပြီး တည်းဖြတ်နေပြီလို့ ဧရာဝတီကို ပြောပါတယ်။
၈၈ ကာလမှာ ဆေးကျောင်းတက်နေတဲ့ သူငယ်ချင်းနှစ်ယောက်၊ တယောက်က ဒီအရေးတော်ပုံမှာ ကျောင်းသားခေါင်း
ဆောင်အဖြစ် ပါဝင်ခဲ့လို့ လိုက်လံ ဖမ်းဆီးခြင်းကို မခံနိုင်ဘဲ တောထဲဝင်သွားပြီး ကျန်တဲ့ ဆေးကျောင်းသား သူငယ်ချင်း
ကတော့ တိုင်းပြည်က ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ပြည်တွင်းမှာပဲ ကျန်နေခဲ့လို့ ကွဲကွာသွားကြပေမယ့် ဒီဘက်ခေတ် ရောက်လာတော့ တောထဲဝင်သွားတဲ့ သူငယ်ချင်းက ပြန် အလင်းဝင် လာတဲ့အချိန်၊ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ တဦးတည်းသောအစ်မ အိမ်ထောင်ပြုထားသူက ခရိုနီ စစ်စစ်ကြီးဖြစ်နေတော့ ယုံကြည်ချက်ကြောင့် တောထဲဝင်သွားသူနဲ့ ဒီဘက်ခေတ် ခရိုနီကြီးတို့ သမီးယောက်ဖ ထိပ်တိုက်ရင်ဆိုင်တွေ့ကြတဲ့ အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆေးပညာအရ ကလေးမရနိုင်တဲ့ အိမ်ထောင်ရေးတခုမှာ ဖန်ပြွန်သန္ဓေသားရဲ့ လိုအပ်ချက်တွေ၊ စွမ်းဆောင်နိုင် ချက်တွေကို ဆေးပညာ ရှုထောင့်ကနေ ထည့်သွင်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဒီ “နှောင်းချစ်ဝေ့လည်” ဇာတ်ကားမှာ ၈၈ အရေးတော်ပုံနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ ထည့်သွင်း
ရိုက်ကူးထားလဲလို့ မေးတော့ “စစချင်းမှာ ကတည်းကကို အရေးအခင်း လှုပ်ရှားမှုအရုပ်တွေ၊ လိုက်လံ ဖမ်းဆီးတဲ့ သတင်းတွေ၊ နောက် ဒီဘက်ကို ပြန်လာတဲ့အခါမှာ သူ့အစ်မ ယူထားတာက ခရိုနီလေ။ အဲဒီမှာ ပြဿနာ တက်တော့တာပဲ။ တောထဲမှာ သေပြီ ဆိုပြီး ဆွမ်းသွတ်လိုက်တာ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ ဆိုတာမျိုးပေါ့။ အဲဒီမှာ စကားလုံး အတိုက်အခိုက်တွေက တော်တော်လေး ပြင်းထန်မယ်။ အဓိကကတော့ အိမ်ထောင်ရေးဇာတ်ကား Drama ဇာတ်ကားပေါ့နော်။ အဲဒီအထဲကမှ လူမှုဝန်းကျင်က မြင်နေရတဲ့ ဟာတွေ အကုန်လုံးကို အစာသွပ်ပြီး ထည့်သွားတာ။ နောက် ဒီနေ့ခေတ် မျက်မှောက်ခေတ်က ဟာတွေပေါ့နော်။ တောထဲမှာ ယုံကြည်ချက်နဲ့ တောခိုပြီး ဒီလောက်အထိ ဒုက္ခခံနေလာတဲ့ လူတယောက်နဲ့ ခရိုနီတယောက်နဲ့ ပြောတဲ့ စကားမျိုးတွေ၊ နောက်တခုက တကယ့် ပြည်သူ့အကျိုးကို လိုလားတဲ့ ဆရာဝန်တယောက်ရဲ့ စကားတွေ၊ ဒါတွေနဲ့ ပုံဖော်ထားပါတယ်” လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆိုပါတယ်။
ဒီဇာတ်ကားဟာ ၁၉၆၃ ခုနှစ်က ဆရာကြီး ဒေါက်တာ ထွန်းရွှေရဲ့ ဖန်ပြွန်သန္ဓေသားနဲ့ ပတ်သက်တဲ့ ဝတ္ထုကို ဇာတ်
ညွှန်းအဖြစ် အောင်ကြီးက ဖန်တီးပြီး ပြေတီဦး၊ ဖိုးကျော်၊ ဦးအောင်လွင်နဲ့ စိုးမြတ်သူဇာတို့က အဓိက သရုပ်ဆောင် ထားကြတယ်လို့ သိရပါတယ်။
“ဖန်တီးတာတော့ ဗီဒီယိုအနေနဲ့ ဖန်တီးတယ်။ ဒါပေမယ့် အားလုံး ကြည့်ပြီးတဲ့အချိန်မှာ ရုပ်ရှင်ကားကြီး ဖြစ်သင့်တယ်လို့ ဖန်တီးတဲ့သူ အားလုံး သုံးသပ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ရုပ်ရှင်ကားကြီး ဖြစ်မလား၊ ဗီဒီယိုဖြစ်မလား ဆိုတာတော့ မသိသေးဘူး။ အခုတော့ ကားဆက်ပြီးသွားပြီ။ ကျနော်ပြန်ချောရဦးမယ်။ နောက် သုံးလေလလောက် ထွက်ဖြစ်မယ် ထင်တယ်။ ကားကြီး ဖြစ်ရင်တော့ ရုံရက်စောင့်ရမှာပေါ့။ ဖလင်ပြောင်းရမှာတွေက ရှိတာပေါ့” လို့ ဒါရိုက်တာက ပြောပါတယ်။
“နှောင်းချစ်ဝေ့လည်” ဇာတ်ကားဟာ ဖန်ပြွန်သန္ဓေသားနဲ့ ပတ်သက်တဲ့ ဆေးပညာပေး ကားလည်းဖြစ်တာကြောင့် ဆေးပညာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်း၊ အခေါ်အဝေါ်တွေ ပါနေတဲ့အတွက် ကလေးသူငယ်တွေ မကြည့်သင့်ဘူးလို့ ယူဆလို့ ၁၅ နှစ်အောက် ကြည့်ရှုရန်မသင့် ဆိုတဲ့ စာတန်းမျိုး ထည့်သွင်းသွားမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ ဗီဒီယိုလောကနဲ့ ရုပ်ရှင်လောကမှာ လူငယ်သဘာ၀ ချစ်ရေးကြိုက်ရေး၊ ဟာသ ၊ ကြောက်မက်ဖွယ် လူသတ်
ကား၊ သရဲကား၊ ဘာသာရေး အသိပညာပေး ဇာတ်ကား စတဲ့ အကြောင်းအရာတွေထဲက မထွက်နိုင်ခဲ့ရာကနေ အခုဆိုရင် မြန်မာပြည်သူ ပြည်သားတွေ တကယ် ကြုံတွေ့ခဲ့ရတဲ့ ၈၈ အရေးတော်ပုံ အကြောင်းကိုပါ ထည့်သွင်း ရိုက်ကူးလာခဲ့တာ ဒါရိုက်တာ ချိုတူးဇော်ရဲ့ “လွမ်းစိမ့်” ဇာတ်ကားပြီးရင် ဒီဇာတ်ကားဟာ ဒုတိယလို့ ပြောရမလိုပါ။
နောက်ပိုင်းတွေမှာ မြန်မာ့ဗီဒီယို ရုပ်ရှင်တွေကနေ ကြည့်ရှုသူပရိသတ်တွေ အသိပညာ ဗဟုသုတ တိုးပွားလာအောင် တကယ်ဖြစ်ပျက်နေတဲ့၊ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အမှန်အတိုင်း ပုံဖော် ရိုက်ကူးလာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။