မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား တဦးတို့ကို ရာဘ စိတ်ကြွဆေးပြား ၂ သိန်းနှင့်အတူ ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနှင့် ထိုင်းနိုင်ငံသားတို့ကို ချင်းမိုင်-ဘန်ကောက် ပြေးဆွဲနေသည့် လိုင်းကားပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
စိတ်ကြွဆေးပြားများကို ချင်းမိုင်ခရိုင် ချိုင်းပါကာမြို့မှ သယ်ဆောင်လာပြီး ဘန်ကောက်သို့ ပို့ဆောင်ပေးရမည်ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း ထိုင်းရတ်သတင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ယင်း စိတ်ကြွဆေးပြားများကို ဘန်ကောက်သို့ ပို့ဆောင်နေသည့်မှာ ၃ ကြိမ်ရှိပြီး တဦးလျှင် ဘတ်ငွေ ၄ သောင်းခန့် ရရှိကြောင်း အဖမ်းခံရသူများက ထွက်ဆိုသည်။
အဖမ်းခံရသူများသည် အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ပြီး ချင်းမိုင်မြို့ခရိုင် ဖန်မြို့နယ်တွင် နေထိုင်၍ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားပြီး ထိုင်း ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မည်ကို ထိုင်းသတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) အကြီးအကဲ မစ္စတာ ချလုံ ယူဘမ်ပရုန်းက ယခုအခါ မူးယစ်ဆေးဝါးများကို ထိုင်း-မြန်မာ ချင်းရိုင် နယ်စပ်မှတဆင့် ဘန်ကောက်မြို့ထဲသို့ တင်ပို့နေသူများဟု ယူဆရသူ ၁၅ ဦးကိုလည်း ဖမ်ဆီးရမိထားပြီး အများစုမှာ ထိုင်းတောင်တန်းဒေသမှ တိုင်းရင်းသား လူမျိုးများဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားထားသည်။
မကြားသေးခင် ရက်ပိုင်းက ဘန်ကောက်မြို့တွင် အဆိုပါ တိုင်းရင်းသား ၁၅ ဦးထံမှ စိတ်ကြွဆေးပြား ၅.၂ သန်းနှင့် အိုက် ဟု ခေါ်ဆိုသည့် မူးယစ်ဆေးဝါး ၁၃၆ ကီလိုတို့ကို ဖမ်းဆီးရမှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာ ချလုံ ယူဘမ်ပရုန်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးတွေ့ရှိချက်အရ အားလုံးက အိမ်နီးချင်းနိုင်ငံက လာတယ်ဆိုတာ သေချာတယ်။ နောက်ပြီး ထိုင်းရဲတွေ အလိုရှိနေတဲ့ ယင်ဆေး ဆီက လာတာလည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဦးယင်းဆေးသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် တဦးဖြစ်ပြီး စိတ်ကြွဆေးပြား ထုတ်လုပ်မှုနှင့် ပတ်သက်၍ နာမည်ကြီးနေသူဖြစ်၍ ထိုင်းအာဏာပိုင်များက အလိုရှိသူ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလ ၂၀ ရက်နေ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများကို ဆုငွေ ထုတ်ထားသည့် ၂၅ ဦးထဲတွင် ဦးယင်ဆေးလည်း ပါဝင်သည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချနေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသော်လည်း အောင်မြင်မှု မရခြင်းသည် ဗီယက်နမ်နိုင်ငံမှ တဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သော ဓာတုဆေးဝါးများကို ရယူ၍ မြန်မာနိုင်ငံ အတွင်း ထုတ်လုပ်နေသောကြောင့် ဖြစ်သည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာ လဆန်းပိုင်းတွင် မစ္စတာ ချလုံ ယူဘမ်ပရုန်းက စွပ်စွဲပြောဆိုခဲ့သေးသည်။