ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီ(Pathum Thani) ပြည်နယ်၊ Khlong Luang ခရိုင်ရှိ ဆောက်လုပ်ဆဲ ၆ ထပ်တိုက် ၁လုံး သြဂုတ်လ ၁၁ ရက်က ပြိုကျခဲ့ရာ အလုပ်သမား ၃ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည်။
ဒဏ်ရာရရှိသူ ၂၄ ဦးထဲမှ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟုလည်း သိရသည်။
သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ်တွင် တိုက် ပြိုကျခဲ့သည်ဟု Khlong ခရိုင် အမှတ် ၅ ရဲစခန်းမှ ရဲအရာရှိ Somboon Khobkokkrud က ပြောဆိုကြောင်း၊ ပြိုကျခဲ့သည့် ၆ ထပ်တိုက်သည် ကယ်ဆယ်ရေး လုပ်သားများနှင့် ရဲအဖွဲ့ဝင်များရောက်ရှိ သွားချိန်တွင် လုံးလုံးလျားလျား ပြိုကျနေပြီး ဓာတ်လှေခါး အိမ်တခုသာ မပြိုလဲဘဲ ကျန်နေခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက် ကို ကိုးကား၍ ဘန်ကောက်ပို့စ် က ရေးသည်။
သေဆုံးသူ ၃ ဦးထဲမှ ၂ ဦးသည် အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတဦးနှင့် သူ၏ ကလေး ငယ်ဖြစ်သည်ဟု စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားများကပြောကြသည်။ သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းအထိ ၎င်းတို့၏ ရုပ်အလောင်းများကို အပျက်အစီးများ အောက်မှ ဖယ်ထုတ်ခြင်းမပြုရသေးဟုလည်း ဆိုသည်။
ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားများထဲတွင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ကြောင်း၊ တိုက် ပြိုကျသည့် အချိန် တွင် ထိုင်းနှင့် မြန်မာ အလုပ်သမား ၄၀ ခန့် လုပ်ငန်းခွင်အတွင်း ရှိနေကြောင်း ဘန်ကောက်ပို့စ်၌ ပါရှိသည်။
ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဒေါက်တာ Narong Tangtrongpairoj ကလည်း သေဆုံးသူများကို မည်သူမည်ဝါ ဖြစ်ကြောင်း အတည် မပြုနိုင်သေးဟု ပြောသည်။ ဒဏ်ရာရသူများကို Thanyaburi ဆေးရုံနှင့် Khlong Luang ဆေးရုံများသို့ ပို့ဆောင် ပေးခဲ့ကြောင်းလည်း သိရသည်။
အပျက်အစီးများကို ဖယ်ရှားပြီး အသက်မသေကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရေးအတွက် ပထုံဌာနီ ပြည်နယ် အုပ်ချုပ်ရေးမှူး Pongsathorn Sajjachonlaphunက သက်ဆိုင်ရာ အာဏာပိုင်များနှင့် စစ်တပ်သို့ စက်ယန္တရား အကူအညီများ တောင်းခံ ထားကြောင်း၊ ကယ်ဆယ်ရေး အတွက် အထူးကုဆရာဝန်များနှင့် အရေး ပေါ်ကယ်ဆယ်ရေး ဆရာဝန်များ ပါဝင်သည့် အဖွဲ့ ၆ ဖွဲ့ကိုလည်း တာဝန် ချထားပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။
ကျန်းမာရေးဌာနမှ အစီရင်ခံစာများအရ ဆောက်လုပ်ရေး လုပ်သား ၃၃ ဦးပိတ်မိနေကြောင်း၊ ၎င်းတို့အထဲမှ ၂၄ ဦးသည် ထိုင်းနိုင်ငံ သား များ ဖြစ်ပြီး ၉ ဦးက နိုင်ငံခြားသားများ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ ဒဏ်ရာ ရရှိသူ ၂၄ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။