ပြည်ထောင်စု လွှတ်တော်တွင် ယခုလအတွင်း ဆွေးနွေးမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်သူများ ဂရုစိုက် လေ့လာရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ ကယားဒေးကွင်း၌ ယမန်နေ့ညနေပိုင်းက ကျင်းပသည့် ပြည်သူလူထု တွေ့ဆုံပွဲတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
လူဦးရေ တသောင်းကျော် တက်ရောက်သည့် ယင်းတွေ့ဆုံပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် ၂၀၁၅ရွေးကောက် ပွဲတွင် ကျင့်သုံးမည်ဆိုသော ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ်(PR)နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က အဓိက ပြောကြားသွားသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်ပြီး မကြာမီ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးကြတော့မည် ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် PR စနစ်ကို မကျင့်သုံးသင့်သေးကြောင်း၊ PR စနစ်သည် ပြည်သူလူထု၏ မဲများကို ပြန့်သွားစေကြောင်းနှင့် NLD အနိုင်မရရန် ပြုလုပ်ခြင်းဖြစ်ကြောင်း တို့ကို ဒေါ်အောင်ဆန်းစုကြည်က ကယား ပြည်သူလူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
“အခုအချိန်မှာ အချိုးကျစနစ်နဲ့ပတ်သက်ပြီး မကျင့်သုံးသင့်သေးဘူး။ ဘာကြောင့် မသင့်တော်သလဲ ဆိုရင်တော့ အခုအချိန်မှာလုံးဝ မသင့်တော်ဘူး။ နောင်ကာလကို မဆိုလိုဘူး။ ပြည်သူတွေကိုလည်း လွှတ်တော်မှာတင်ပြတာတွေကို နားထောင်စေချင်ပါတယ်။ လေ့လာစေချင်ပါတယ်။ တဖက်ပါတီက ကိုယ်စားလှယ် တင်ပြချက်ကိုလည်း လေ့လာ သုံးသပ်စေချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြုပြင်ပြောင်းလဲရေးတွင် ပြည်သူများ၏ အသံ ဆန္ဒကို မည်သူက တန်ဖိုးထားပြီး နားထောင် သည်ကို သေချာစွာ လေ့လာသင့်ကြောင်း၊ ပြည်သူ့အသံ ဆန္ဒကို လျစ်လျူရှူ သူများသည် ပြည်သူကို တန်ဖိုး မထားသည့်သူများဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
NLD ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ပုသိမ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း“ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးကို ဘာကြောင့်အမြဲတမ်းပြောနေရလဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးက ဒီမိုကရေစီနဲ့ မညီလို့ပါ။ ဒီမိုကရေစီ တည်ဆောက်နိုင်မှ ကျနော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်။ ခေတ်မီမယ်။ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက် တဲ့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံတွေပါပဲ။ အာဏာရှင်နိုင်ငံတွေက ပြည်သူတွေ ဆင်းရဲမွဲတေတယ်”ဟု ကယားပြည်နယ် ပြည်သူလူထု တွေ့ဆုံပွဲတွင်ပြောကြားသည်။
ယခုလအတွင်း ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ရောက်လာသည့် အခါ ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး မျက်စိဖွင့် နားဖွင့်ပြီး မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာရန်၊ ပြည်ထောင်စုနိုင်ငံ တည်ဆောက်မည် ဆိုပါက အားလုံး တက်ညီလက်ညီ ပြည်ထောင်စု စိတ်ဓတ်များမွေးဖွားပြီး ပြည်ထောင်စု အကျိုးစီးပွားအတွက် အားလုံးပူးပေါင်းပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ကြရန်လည်း ဦးဝင်းမြင့်က ထပ်မံ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း “တချို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ အဲ့ဒီလို ဆိုလိုချင်တာပါ။ ကျမကတော့ ရဲရဲတင်းတင်း ပြောရဲပါတယ်။ ကျမတို့ ပါတီဟာ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ ကျမတို့သတ်မှတ်ပါတယ်”ဟု ပြောဆိုသည်။
တက်ရောက်လာကြသည့် ပြည်သူလူထု များနှင့် အမေးအဖြေပြုလုပ်ကြပြီး၊ ပြည်သူအများစုကလည်း လက်ရှိဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကြောင်း၊ ကျေးရွာများတွင်ဖြစ်နေသည့် မီးမရှိသေးသည့်အကြောင်း၊ ရပ်ကျေးတွင် တရားဥပဒေ စိုးမိုးမှုမရှိဘဲ ပြည်သူများကို စစ်တပ်မှ ရိုက်နှိပ် နှိပ်စက်မှုများ နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှု များစသည့် ကဏ္ဍများကို လည်း ထည့်သွင်းမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပွဲသို့ ရှမ်းပြည်နယ် တောင်ပိုင်း မှ အောင်ပန်းမြို့နယ်၊ ကလောမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးဗြဲ မြို့နယ်နှင့် လွိုင်ကော် မြို့နယ် ရှိ ကျေးရွာများက ဒေသခံပြည်သူများလည်း တက်ရောက်လာကြသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ မြို့များတွင်လည်း ခေတ္တခဏနားပြီး မိန့်ခွန်းပြောကြားခဲ့ သေး သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနစ်တွင် ကယားပြည်နယ်ကို ပထမအကြိမ် ရောက်ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်သည်။