ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သံဃာတော်များ တင်ဆောင် မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်ကို မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က ဝင်တိုက်မိ၍ လိုက်ထရပ်ယာဉ်ပေါ်မှ ကိုရင်ငယ် ၅ ပါး ပျံလွန်ပြီး ၁၇ ဦး ဒဏ်ရာရရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ က ပြောသည်။
မန္တလေးသို့ ဦးတည်မောင်းနှင်လာသော လိုက်ထရပ်ယာဉ်ကို ယနေ့ နံနက် ခြောက်နာရီခွဲခန့်က မိုင်တိုင် ၂၄၁ အရောက်တွင် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်က နောက်ပိုင်းမှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မန်းရွှေမြို့တော်ယာဉ်က နောက်က ဝင်တိုက်တာ။ ယာဉ်မောင်းက အိပ်ငိုက်ပြီး ဝင်တိုက်တယ်လို့ ယူဆတယ်။ ယာဉ်မောင်း ထွက် ပြေးသွားလို့ ဂိတ်ကို ဖုန်းဆက်တော့ တာဝန်ရှိသူတွေက ယာဉ်မောင်းကိုခေါ်ပြီး ဒီနေ့လာပို့မယ် ပြောတယ်။ လိုက်ထရပ်ကတော့ ကိုယ်ထည်နဲ့ ခေါင်းပိုင်း တခြားစီ ဖြစ်သွားတယ်”ဟု အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီး နေဝင်းက ဧရာဝတီကို ပြောသည်။
ဒဏ်ရာရသူ ၁၇ ဦးသည် ကိုရင် ၁၁ ပါး၊ ဦးပဉ္စင်း ၂ ပါးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း၊ ဒဏ်ရာရသူများကို ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီ အဖွဲ့က နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အခြေအနေရှိသူ ၄ ဦးခန့် ပါဝင်ကြောင်း သိရ သည်။
လိုက်ထရပ်ယာဉ်ငယ်ပေါ်တွင် လိုက်ပါလာသော ဦးပဉ္စင်းများနှင့် ကိုရင်များသည် ပဲခူးမြို့ရှိ စာသင်တိုက်တခုမှ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နယ်ခွဲသို့ အပြန်ခရီးလမ်းတွင် ထိုကဲ့သို့ ယာဉ်မတော်တဆ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရဲမှူးကြီး နေဝင်းက ပြောပြသည်။
“ယာဉ်တိုက်မှုတွေတော့ တဖြည်းဖြည်း လျော့ကျလာပါပြီ။ ကျနော်တို့ဘက်ကလည်း ဖိဖိစီးစီး ဆောင်ရွက်နေတာပဲ။ ယာဉ် စည်း ကမ်း၊ လမ်းစည်းကမ်းကြောင့် ယာဉ်မတော်တဆမှု ဖြစ်တာ နည်းတယ်။ အများစုက ယာဉ်မောင်းသူ ပေါ့ဆမှုကြောင့် ဖြစ်ကြတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး တလျှောက်တွင် လစဉ် ယာဉ်မတော်တဆ ထိခိုက်မှု ၂၅ မှုခန့် ပုံမှန် ဖြစ်ပွားလျက်ရှိကြောင်းနှင့် အများစုသည် ယာဉ်မောင်းများ စည်းကမ်း မလိုက်နာခြင်းနှင့် အိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ၄၀၈ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၁၄၇ ဦး သေဆုံးပြီး ၇၉၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။