အစိုးရ ခေါင်းဆောင်များ အပါအဝင် တိုင်းရင်းသားနှင့် နိုင်ငံရေး ခေါင်းဆောင် ၄၃ ဦး တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ဧပြီ ၈ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်ကြောင်း သတင်းရရှိသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်း အတည်ပြုနိုင်ခဲ့ခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ချောမွေ့ရေးနှင့် ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး ဆိုင်ရာတို့ကို အပြုသဘောဆောင်၍ ဆွေးနွေးခဲ့ကြသည်ဟု ထိုဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် က ပြောပြသည်။
“လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိဖို့အတွက် နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့နဲ့ ရွေးကောက်ပွဲ မတိုင်မီကာလမှာ နိုင်ငံရေး တည်ငြိမ်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကိစ္စတွေတော့ မဆွေးနွေးခဲ့ကြဘူး”ဟု ဦးစောထွန်းအောင်မြင့်က ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က“နိုင်ငံရေး အင်အားစုများအကြား တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ NCA ကို အပြီးသတ် လက်မှတ်ရေးထိုးရန် အလျင်အမြန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကာလ များတွင် ဖြစ်ပေါ်လာတတ်သည့် အငြင်းပွားမှုများ၊ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် အဓိကရုဏ်းများ၊ မြင့်မားသည့် မျှော်လင့်ချက်များကို အခြေခံပြီး ဆန္ဒဖော်ထုတ်မှုများမှတဆင့် တင်းမာမှုများ ပေါ်ပေါက်တတ်ပါကြောင်း၊ ယင်းတို့ကို နိုင်ငံရေး အင်အား စုများ အားလုံးအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်ပါကြောင်း”ပြောသည်။
ထိုဆွေးနွေးပွဲသို့ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒု ဥက္ကဋ္ဌ ဦးဌေးဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) မှ ဦးခင်မောင်ဆွေ၊ ညီနောင် တိုင်း ရင်းသားများပါတီ ဖက်ဒရေးရှင်း(NBF) မှ ဦးစိုင်းအိုက်ပေါင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများ စုစုပေါင်း ၄၃ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။
သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲ၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်သော ၄၈ ဦး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို ဧပြီ ၁၀ ရက်တွင် ပြုလုပ်ရန် ရှိသည်ဟု ပြော ဆိုခဲ့သည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဒေါက်တာ တူးဂျာတို့ တက်ရောက်ခြင်း မရှိကြောင်း သိရသည်။