တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အစည်းအဝေးကို လာမည့် သီတင်းပတ်တွင် ကျင်းပ မည်ဖြစ်ပြီး ယခင်ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာတခု ထွက်နိုင်ဖွယ် ရှိကြောင်း သိရသည်။
NCCT အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မေလ ၂၅ ရက်မှ ၂၇ ရက် အထိ ကျင်းပမည် ဖြစ်ပြီး ယခင်က ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို စုစည်းစိစစ်၍ အစီရင်ခံစာ တစောင် ထိပ်သီးခေါင်းဆောင်များထံ တင်ပြသွားမည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။
“NCCT အဖွဲ့ရဲ့ ဆွေးနွေးမှုတွေဟာ ပြီးသလောက် ဖြစ်နေပါပြီ။ ဒီတကြိမ်ဟာ နောက်ဆုံးလည်း ဖြစ်နိုင်တယ်၊ အခု ဆွေးနွေးပွဲက ရလဒ်တွေကို လော်ခီးလာ ထိပ်သီးဆွေးနွေးပွဲမှာ တင်ပြမယ်၊ အဲဒီကပဲ အဆုံးအဖြတ် ပေးကြမှာပါ”ဟု ၎င်းက ဆိုသည်။
NCCT သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်မည့် အချက်အလက်များကို ဆွေးနွေးရသည့် အဖွဲ့သာ ဖြစ်ကြောင်း၊ ထိုအချက်အလက် အများစုမှာ ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အကယ်၍ ထိပ်သီးခေါင်းဆောင်များ၏ ဆွေးနွေးမှုများအပေါ် ထပ်မံညှိနှိုင်းရန် လိုအပ်ပါက တခြားအဖွဲ့တခု ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
NCCT အစည်းအဝေးမှ အပြီးသတ် အစီရင်ခံစာကို ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ရာ လော်ခီးလာတွင် ကျင်းပမည့် တိုင်းရင်းသား ထိပ်သီးညီလာခံ၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ထိုညီလာခံမှ NCA ၌ ထည့်သွင်း လက်မှတ် ထိုးမည့် အချက်အလက်များကို အဆုံးအဖြတ် ပေးနိုင်ဖွယ်ရှိကြောင်း ဦးခွန်ဥက္ကာက ပြောသည်။
လော်ခီးလာ ညီလာခံကို လာမည့် ဇွန်လ ၂ ရက်မှ ၆ ရက် အထိ ကျင်းပမည် ဖြစ်ပြီး NCA စာချုပ်အား လာမည့် ဇွန်လ တတိယ ပတ် သို့မဟုတ် ဇွန်လ နောက်ဆုံးပတ်တွင် ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြောင်း နှစ်ဘက်စလုံးက ပြောဆိုကြသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်များသည် လာမည့်သီတင်းပတ်တွင် ချင်းမိုင်မြို့၌ NCCT ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး NCA လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပတ်သက် ၍ လိုအပ်ချက်များကို ဆွေးနွေးကြမည်ဟု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
NCA စာချုပ်နှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များဘက်က လိုအပ်မည့် အချက်အလက်များ ရှိနေမည် ဆိုပါက MPC ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ကူညီပံ့ပိုးပေးနိုင်ရန် ဆွေးနွေးသွားမည်ဟုလည်း ဦးလှမောင်ရွှေက ဆက်ပြောသည်။
“အစိုးရဘက်ကတော့ လက်မှတ်ထိုးဖို့ အဆင်သင့် ဖြစ်နေပါပြီ၊ သမ္မတကလည်း ပြောထားပါပြီ။ တကယ်လို့ NCA ပါ အချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေဘက်က တခုခု ပြင်ချင်တာ ရှိရင်လည်း ကျနော်တို့က အစိုးရဆီကို တင်ပြပေးသွားမှာပါ”ဟု ၎င်းက ဆိုသည်။
အစိုးရ အနေဖြင့် NCA ပါ အချက်အလက်များကို ပြင်ဆင် ပြောင်းလဲရန် မရှိကြောင်း၊ NCA ပါ အကြောင်းအရာများ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တင်ပြထားသည့် အချက်အလက်များသာ ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆက် ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်များက NCA ၌ မပါဝင်သည့် တပ်မတော်၏ မူ ၆ ချက်ကို စစ်တပ်ဘက်က ကိုင်စွဲထားပါက NCA လက်မှတ်ထိုးရေးမှု ကြံ့ကြာနိုင်မည်ဟုလည်း ပြောဆိုကြသည်။
တပ်မတော်မူ (၆)ချက်၌ ငြိမ်းချမ်းရေး ရယူရန် အမှန်တကယ် ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်သည့် တည်ဆဲဥပဒေများကို တိတိကျကျ လိုက်နာရန်၊ တို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ လျှောက်လှမ်းနေမူတွင် လိုက်ပါလုပ်ဆောင်ရန် စသည်တို့ ပါဝင်သည်။