ရပ်ဆိုင်းခံထားရသည့် ရန်ကုန်မြို့သစ် စီမံကိန်းအား ဦးစားပေးအဆင့် အနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်မည့် အဆိုကို လက်ခံဆွေးနွေးရန် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က ယနေ့ ဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုကို ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တိုင်းဒေသကြီး လွှတ်တော် သို့ တင်သွင်းခဲ့ရာ လာမည့် ဇွန်လ ၁၅ ရက်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က သဘောတူလိုက်ခြင်း ဖြစ်သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ယင်းစီမံကိန်းသည် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း လုပ်ကိုင်ခွင့်ရရှိပြီး နောက်ပိုင်းမှသာ တင်ပြရန် ပို၍သင့်မြတ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည်။
ထို ရန်ကုန်မြို့သစ် စီမံကိန်းတွင် အဆင့်မြင့် တန်ဖိုးနည်း အိမ်ရာများ၊ စာသင်ကျောင်း၊ ဘိုဘွားရိပ်သာ၊ မြစ်ကူးတံတားများ ပါဝင် မည် ဖြစ်ကြောင်း အဆိုတင်သွင်းသည့် ဦးမြင့်လွင်က ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွ့ဲမှ တင်သွင်းသော မြေဧရိယာဧက တသိန်းကျော်(၁၁၈,၇၃၂ ဧက)တွင် အကောင်အထည် ဖော် မည့် “ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း” ၌ ထိုစီမံကိန်းသည် တစိတ်တဒေသ ပါဝင်နေသည်ကို တွေ့ရသည်။
ရပ်ဆိုင်းခံခဲ့ရသည့် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်၌ မေးခွန်းထုတ်မှုများအပေါ် အစိုးရအနေဖြင့် ရှောင်လွှဲလို သည့် သဘောကို တွေ့ရခြင်းသည် အစိုးရဘက်က ရိုးသားမှုမရှိခြင်းက ပေါ်လွင်နေသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
“အစိုးရအဖွဲ့က ရုပ်သိမ်းပြီးသား စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်က ပြန်တင်ပြတာပဲ။ အဲဒါက နားလှည့်ပြီးပါးရိုက်တာနဲ့ အတူ တူပဲ။ အရင်တုန်းက အစိုးရ အဖွဲ့ကို စီမံကိန်းနဲ့ ပတ်သက်ပြီး ကျမမေးခွန်းတွေ မေးထားတာ ရှိတယ်။ အဲဒီတုန်းက မဖြေသင့် လို့ မဖြေဘဲ အစိုးရက ရုပ်ပ်သိမ်းခဲ့တယ်။ အခုက လွှတ်တော်ကိုယ်စားလှယ်က ပြန်တင်ပြတဲ့အခါ ကျမက လွှတ်တော် နည်းဥပဒေ တွေအရ ဝင်ရောက်ပြီး ကန့်ကွက်ဆွေးနွေးလို့ပဲ ရမယ်။ ကျမဘက်က မေးခွန်းထုတ်လို့ မရတော့သလို အစိုးရဘက်က ပြန်ဖြေစရာ မလိုတော့ဘူးပေါ့”ဟုလည်း ဒေါ်ညိုညိုသင်းက ပြောဆိုသည်။
ရန်ကုန်မြို့ အနောက်ဘက်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း မြေနေရာများတွင် ပိုင်ဆိုင်ထားသူများကို ဖော်ထုတ်ရန် ဒေါက်တာ ညိုညိုသင်းက ပြီးခဲ့သည့် လွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က စီမံကိန်း ရုပ်သိမ်းခဲ့ပြီးဖြစ်သည့်အတွက် ပြန်လည်ဖြေကြားရန် မလိုကြောင်း တုံ့ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး တူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေး ကားလမ်းအကြားရှိ မြေဧက သုံးသောင်းကျော်တွင် “ရန်ကုန်မြို့သစ် စီမံကိန်း” အမည် တပ်ပြီး တရုတ် လုပ်ငန်းရှင် ရှောက်ပန်းနှင့် ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သည့် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။ ထို့နောက် ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ရပ်ဆိုင်းသွားခဲ့သည်။