တပ်မတော်က ကချင် လက်နက်ကိုင်အဖွဲ့အား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ပျက်စီး သွားသည့် ခရစ်ယာန် ကက်သလစ်ဘုရားကျောင်းကို သတင်းထောက်များအား ပြသခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် သင်းအုပ်ဆရာနှစ်ဦးနှင့် ပတ်သက်၍ လူ့အခွင့်အရေး အဖွဲ့များက အထူးစိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ဖော် ပြောဆိုသည်။
ပျောက်ဆုံးနေသူ အသက် ၃၅ နှစ် အရွယ် ဂမ်ဆိုင်းနှင့် အသက် ၆၅ နှစ် အရွယ် ဒွယ်ဒေါ်နောင်လတ် တို့အား မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေပြုသည့် အစိုးရတပ်ဖွဲ့က ပြီးခဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ဒေသတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့သည် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် ဆယ်စုနှစ်ကျော်ကြာ တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ အတွင်း အစိုးရတပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဟု စွပ်စွဲချက်များလည်း ရှိနေသည်။
အဆိုပါ သင်းထောက်ဆရာ နှစ်ဦး အဓမ္မခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့နှင့် Fortify Rights အဖွဲ့တို့က မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် “သူတို့ ဘယ်မှာ ရှိနေတယ်၊ ဘယ်လို အခြေအနေ ရှိတယ် ဆိုတာ ဆောလျင်စွာ သတင်းထုတ်ပြန်ပေးသင့်တယ်” ဟု ဆိုသည်။ “သင်းအုပ်ဆရာ နှစ်ဦးနှင့် မျက်မြင်သက်သေများ ပျောက်ဆုံးမှုများ ရှိနေသည့် အပေါ် များစွာစိုးရိမ်ပူပန်ကြောင်း” ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ယင်း သင်းထောက် ဆရာ နှစ်ဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး စစ်တပ်က ငြင်းဆိုကြောင်းနှင့် ၎င်းတို့သည် ကချင်ပြည်နယ်တွင် ရှိနေမည်ဟု ထင်မြင်ကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ သီးခြား ထုတ်ပြန်ချက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့် အဆိုပါ နယ်မြေအတွင်း သင်းအုပ်ဆရာ နှစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး “အစိုးရ အာဏာပိုင်များက ဖမ်းဆီးမှု ဖြစ်နိုင်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်း သင်းအုပ်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်း မုံးကိုးသို့ သတင်းသမားများ လာရောက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း” ဖော်ပြသည်။
ဆက်လက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အစိုးရတပ်၏ ပြင်းထန်သည့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဘုရားရှိခိုးကျောင်း တချို့တဝက် ပျက်စီးသွားသည်ဟု ကချင်အဖွဲ့အစည်းများက ပြောဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့နှင့် စစ်တပ်သည် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပေးရန် တောင်းဆို ကြောင်း ကချင် ခရစ်ယာန်အုပ်စု အတွင်း အကြီးဆုံး အဖွဲ့ဖြစ်သည့် ကချင် နှစ်ခြင်းအသင်းတော်က တောင်းဆိုသည်။
“သင်းထောက် ဆရာ နှစ်ဦး ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ကျနော်တို့ သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးကို စာပို့ထားပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးဘူး” ဟု ကချင်နှစ်ခြင်း အသင်းတော်၏ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဆမ်ဆွန် (Rev. Samson) က ဆိုသည်။ မြို့နယ် ရဲတပ်ဖွဲ့ကလည်း အဆိုပါ သင်းထောက်ဆရာ နှစ်ဦး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မိသားစုများကို မေးမြန်းစုံစမ်းမှုလည်း ပျက်ကွက်နေကြောင်း ပြောဆိုသည်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့နှင့် Fortify Rights တို့၏ ထုတ်ပြန်ချက်တွင် ကချင်နှင့် ရှမ်း လူမှုအဖွဲ့ အစည်းများ အတွင်း “ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ နှိပ်စက်ညှဉ်းပမ်းမှုများ၊ အဓမ္မပြုကျင့်ခြင်းများ၊ အဓမ္မခိုင်းစေခြင်းများနှင့် အခြား မတရားမှုများကို မြန်မာစစ်တပ်က ကျူးလွန်နေသည်” ဟု ဖော်ပြထားသည်။