ရန်ကုန်တိုင်း အလုံမြို့နယ် မြန်မာ စက်မှု ဆိပ်ကမ်းဝင်း(MIP)အတွင်း ပြည်ပသို့တင်ပို့မည့် ကွန်တိန်နာ ၁၃ လုံး အတွင်းမှ တရားမဝင်ကျွန်းနှင့် ပိတောက်သစ် တန်ချိန် ၂၀၀ နီးပါးကို ယခုနှစ် ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် အမှု များကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း သစ်တောဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
သစ်တောဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက “တနေရာမိရင် အဲဒီကွင်းဆက်ကို လိုက်ပြီး ဆက်တိုက်ကြီး လိုက် ဖမ်းနေတာ။ ၂၄ ရက် MIP မှာ ပထမဆုံး ကျွန်းသေတ္တာ ၂ လုံးစမိတယ်။ အဲဒီ ၂ လုံး နဲ့အတူ တွဲဝင်တဲ့ ကွန်တိန်နာ စာရင်းကို ပြန်လိုက်တယ်။ နောက်ထပ် ၁၁ လုံး ရတယ် ၂၆ ရက်မှာ။ ၁၃ လုံးဖြစ်သွားတယ်”ဟု ဧရာဝတီကို ပြောသည်။
ဇန်နဝါရီ ၂၄ ရက်က MIP အတွင်း ပြည်ပပို့ သင်္ဘောတင်မည့် နေရာ၌ ကွန်တိန်နာ ၂ လုံးအတွင်းမှ တရားမဝင် ကျွန်း ခွဲသား ၅၆၅ ချောင်း (၃၃.၆၀၄၂)တန်ကို လည်းကောင်း၊ ယင်းအမှု၏ ကွင်းဆက်ကို ထပ်မံဖော်ထုတ်နိုင်ခဲ့ရာ ဇန်နဝါရီ ၂၆ ရက်တွင် MIP ဝင်းအတွင်း ရောက်ရှိပြီးဖြစ်သော တခြားကွန်တိန်နာ ၁၁ လုံးအတွင်းမှ တရားမဝင် ပိတောက်ခွဲသား ၁၁၆၉ ချောင်း (၁၆၃.၉၃၇၄)တန်ကို လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။
ကွက်ဆက်များကို ဆက်တိုက်စုံစမ်း ဖော်ထုတ်ရာမှ ဇန်နဝါရီ ၂၈ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရပ်ကွက် စကားဝါ လမ်း ခြံအမှတ် (၄၀၂)၊ ပါဝါဝင်း ကုမ္ပဏီပိုင်ခြံဝင်း အတွင်းရှိ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ သစ်တန်ချိန်စုစုပေါင်း ၃၉၅ တန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်တိုင်းအတွင်း အကြီးမားဆုံး အနေဖြင့် ချိတ်ဆက်ဖမ်းမိခဲ့သည့် ဖမ်းဆီးမှုဖြစ်ကြောင်း သတင်း ထုတ်ပြန်မှုများအရ သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဦးဇော်မင်းက “ပုလဲမြို့သစ်ကတော့ တရားစွဲဆိုတာ လုပ်နေပြီ။ ပါဝါဝင်း ကုမ္ပဏီက လူတွေကို လည်း တရား စွဲဆိုထားတယ်။ နောက်ပြီး သစ်တွေရဲ့ပိုင်ရှင်လို့ သိရှိထားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လက်ရှိတော့ ဖမ်းမမိ သေး ဘူး။ ဒါပေမယ့် ကျနော်တို့ တရားစွဲထားပြီးပြီ။ သစ်တွေကတော့ ထုံးစံအတိုင်း ဆက်လက် စီမံခန့်ခွဲနေတယ်”ဟု ပြော ဆိုသည်။
ပါဝါဝင်း ကုမ္ပဏီပိုင်ခြံဝင်း အတွင်းမှ ဖမ်းဆီးရမိသည့် ကုန်သေတ္တာ ၁၆ လုံး တွင် တရားမဝင် ပိတောက် စကွဲယား ခန့်မှန်း ၃၇၅ တန် ခန့်၊ တမလန်း စကွဲယား ခန့်မှန်း တန် ၂၀ ခန့်၊ စုစုပေါင်း ၃၉၅ တန်ခန့်နှင့်အတူ ကုန်သေတ္တာ သယ်ဆောင်သည့် ၁၀ ဘီးယာဉ် ၆ စီး နှင့် အခြားယာဉ် ၇ စီး၊ ပိုင်ရိုက်စက် ၃ လုံး၊ ကုန်သေတ္တာ အလွတ် ၈ လုံး တို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
စတုတ္ထအကြိမ် ဖမ်းဆီးမှုအဖြစ် ဇန်နဝါရီ ၃၁ ရက်တွင် ရွှေပြည်သာစက်မှုဇုန်အတွင်း Ruby Lion Manufacturing Co.,Ltd ပိုင် ခြံအမှတ် ၁၆/၆၄ နှင့် ၁၇၀ တို့ရှိ ဂိုဒေါင်၂ လုံးအတွင်းမှ တရားမဝင် ပိတောက်သစ် စကွဲယားတုန်း တန်၂၈၀ ခန့်နှင့် စိစစ်ဆဲ တမလန်းသစ် ဘုံတို ၃ တန်ခန့်အား ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
“Ruby Lion Manufacturing Co.,Ltd ခြံဝန်း ၂ ခုမှာရှိတဲ့ ဂိုထောင်တလုံးစီကို ပုဂ္ဂိုလ်တယောက်ကို ငှားထားတယ်။ ငှား လိုက်တဲ့ပုဂ္ဂိုလ်က တရားမဝင်သစ်ကို လုပ်တာ။ အဲဒီပုဂ္ဂိုလ်ကို ဖမ်းဆီးရမိရေး လိုက်နေတယ်။
လောလောဆယ် အမှုဖွင့် တရားစွဲဆိုတဲ့အခါ ဒီကုမ္ပဏီကလည်း သူ့မြေပေါ်မှာ တရားမဝင်သစ်တွေ ရောက်နေတာဆိုတော့ သူလည်း တာဝန်ရှိတာ ပဲ။ အခု တရားစွဲတော့မယ်။ တကယ့်တရားခံ ဖမ်းဆီးရမိရေးလည်း ဆောင်ရွက်နေတယ်”ဟု စတုတ္ထအကြိမ် ဖမ်းဆီးရရှိမှု အခြေအနေ ကို ဦးဇော်မင်းက ရှင်းပြသည်။
ယင်းသို့ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်များ၏ ပိုင်ရှင်နှင့် ဆက်စပ်ပတ်သက်သူများ အားလုံးကို ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။