ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံထားရသည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်၏ အာမခံ လျှောက်ထားမှုကို တာမွေမြို့နယ် တရားရုံးက ယနေ့ ရုံးချိန်းတွင် ဒုတိယအကြိမ် ထပ်မံ ပယ်ချလိုက်သည်။
ဒေါက်တာ သန်းထွဋ်အောင်နှင့် Eleven အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ အာမခံ ရရှိရေး ပထမ အကြိမ် လျှောက်ထားခဲ့ရာတွင်လည်း တရားရုံးက ပယ်ချခဲ့ပြီး ဒေါက်တာ သန်းထွဋ်အောင်၏ ကျန်းမာရေး အာမခံရရှိရေး ထပ်မံ လျှောက်ထားမှုကို တရားရုံးက ထပ်မံ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း တာမွေရဲစခန်းမှ ရဲအုပ် သန်းထိုက်က ပြောသည်။
ဒေါက်တာ သန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့အား “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့ အာဘော်ပါ အမေရိကန်ဒေါ်လာ ၁ သိန်းခန့် တန်သည့် နာရီ ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားလို ပြုလုပ်ကာ အမှုဖွင့်တိုင် ကြားခဲ့ခြင်း ဖြစ်သည်။
အမှုနှင့် ပတ်သက်၍ တရားလိုကို ဆက်လက် စစ်ဆေးရန် ဒီဇင်ဘာ ၃၀ ရက်နေ့ကို ရုံးချိန်းထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။