ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအား ဆန့်ကျင့်သည် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ၎င်း၏ ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း မြန်မာအထူးကိုယ်စား အဖွဲ့နှင့် တွေ့ဆုံစဉ် အလေးထား ပြောကြားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုပါတယ်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့် ဦးဆောင်တဲ့ မြန်မာအထူးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီ၊ နိုင်ငံခြားရေးအတွင်းဝန်တို့နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး မြှင်တင်ရန်၊ တပ်မတော် ၂ရပ်အကြား နှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ အကြား ပုံမှန်တွေ့ဆုံဆွေးနွေးရန်၊ နယ်စပ်တလျှောက် လုံခြုံရေးထိန်းသိမ်းရေး နှင့် အကြမ်းဖက်သမားများ စိမ့်ဝင်လာမှုကို တားဆီးရေး၊ သတင်းအချက်အလက်ဖလျယ်ရေး ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို စနစ်တကျ စိစစ်အတည်ပြုနိုင်ငရေး ပြန်လည်ခေါ်ဆောင်ရေး လုပ်ငန်းစဉ်များ အတွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် သဘောတူညီခဲ့ကြောင်းသိရပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကလည်း အကြမ်းဖက်မှုအပေါ် လုံးဝသည်းမခံသည့် ဘင်္ဂလားဒေ့ရှ်၏မူဝါဒကို ထပ်လောင်း အတည်ပြုပြောကြားခဲ့ပြီး၊ နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဖြေရှင်း ရန် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို မေတ္တရပ်ခံခဲ့တယ်လို့ သိရပါတယ်။