ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့အား လုပ်အားခတိုးမြှင့်ပေးရန် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြို့တော်ဝန်ရုံးသို့ ယနေ့ ချီတက် တောင်းဆိုကြသည်။
“May Day” အလုပ်သမားနေ့ အမည်စာတမ်းပါ တီရှပ်အနီရောင်များ ဝတ်ဆင်ထားသည့် ထိုင်းနှင့် မြန်မာ အလုပ်သမားများသည် ချင်းမိုင်မြို့ရှိ မြို့တော်ဝန်ရုံးသို့ လမ်းလျှောက်ချီတက်ရာ၌ တရက်လျှင် လုပ်အားခ ဘတ် ၃၀၀ အစား တရက်လျှင် ၄၂၁ ဘတ်အထိ တိုးမြှင့်ပေးရန် အပါအဝင် စုစုပေါင်း အချက် ၇ ချက် တောင်းဆိုသည်ကို တွေ့ရသည်။
မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့(WSA) မှ မခင်ဘုန်းက“ကျမတို့ ဒီအလုပ်လုပ်တယ်ဆိုတော့ ကျမတို့ကလည်း ပိုမိုပြီးမှ အဆင်ပြေအောင် နောက်လူသစ်တွေလည်း ဝင်လာတယ်ဆိုတော့ သူတို့တွေအတွက်လည်း အဆင်ပြေအောင် အားလုံးတန်တူညီမျှ ရှိဖို့ပေါ့”ဟု သတင်းထောက်များကို ပြောသည်။
ယခင်ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ရှင်နာဝပ် လက်ထက်၌ ထိုင်းအစိုးရက အခြေခံအလုပ်သမားမျာအား တရက်လုပ်အားခအဖြစ် ဘတ် ၃၀၀ (ကျပ် ၁ သောင်းခန့်) တရားဝင် သတ်မှတ်ခဲ့သော်လည်း တချို့သော ထိုင်းလုပ်ငန်းရှင်များက အပြည့်အဝ ပေးခြင်း မရှိဘဲ ခေါင်းပုံဖြတ်ခဲ့ကြကြောင်း၊ ယခုအခါ ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဘတ် ၃၀၀ ဖြင့် မလောက်သဖြင့် တရက် လျှင် ၄၂၁ ဘတ်အထိ တရားဝင်တိုးမြှင့်ပေးရန် တောင်းဆိုကြခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြော သည်။
ထို့အပြင် ရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းအစိုးရက အလုပ်လုပ်ကိုင်နေထိုင်ခွင့်အဖြစ် ပြုလုပ်ပေးထားသည့် ပန်းရောင် ကတ် သည် အလုပ်သမားများ၏ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်ကို ချုပ်ကိုင်ထားသဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်ရှိသည့် ပတ်စ်ပို့စ် စာအုပ် ပြုလုပ်ပေးရန်နှင့် ထိုသို့လုပ်ဆောင်ရာတွင် ကျသင့်သည့် သတ်မှတ်နှုန်းထားထက် ပိုမကောက်ခံရန်လည်း တောင်းဆိုခဲ့ကြသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများက လူမှုဖူလုံခွင့် ရရှိရေး၊ လိင်လုပ်သားများ အရေး၊ အိမ်အကူ အလုပ်သမားများ အရေး၊ ခွင့် ရက်နှင့် အလုပ်သမားများအတွက် ကာကွယ်စောင့်ရှောက်သည့် ဥပဒေများကို လေးစားလိုက်နာပြီး အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (ILO) ၏ ပဋိညာဉ်များကို လိုက်နာပေးရန် ဆန္ဒပြ အလုပ်သမားများက တောင်းဆိုခဲ့ကြသည်။
ယနေ့လှုပ်ရှားမှုတွင် ပါဝင်သည့် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ကိုအောင်ဆန်းမြင့်က “ကျနော်တို့ တောင်းဆိုတယ် ဆိုတာက ဒီအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေကိုပေါ့။ ကျနော်တို့ စနစ်တကျနဲ့ ဒီနှစ်ဘက်အစိုးရ အတိအကျ မူဝါဒ တွေ ကြပ်ကြပ်မတ်မတ် လုပ်ပေးဖို့ပေါ့”ဟု သတင်းထောက်များကို ပြောသည်။
ချင်းမိုင် ဒုတိယမြို့တော်ဝန်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လက်ခံယူခဲ့ပြီး မကြာခင်ကျင်းပမည့် အလုပ်သမား ရေး ဆိုင်ရာ ၃ လပတ် အစည်းအဝေးတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားအခွင့်အရေး အတွက် ချီတက် တောင်းဆိုသူများနှင့် သတင်း မီဒီယာများရှေ့တွင် ပြောဆိုသည်။
အလုပ်သမားများ အခွင့်အရေးရရှိရန် ချင်းမိုင်မြို့ရှိ မြို့တော်ဝန်ရုံးသို့ ချီတက်တောင်းဆိုခဲ့ကြသည့် အဖွဲ့များမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ဆောင်ရွက်ပေးနေကြသည့် MWRN၊ WSA အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့ (MAP Foundation)၊ ရွှေ့ပြောင်း အလုပ်သမားများ ပေါင်းစည်းရေး အဖွဲ့ (MWF)၊ စက်ရုံအလုပ်ရုံနှင့် အထည်ချုပ် အလုပ်သမားများသမဂ္ဂ အပါအဝင် စုစုပေါင်း ၁၅ ဖွဲ့ ပါဝင်ကြောင်း သိရသည်။