ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) က ထိုင်း-မြန်မာ နယ်စပ် လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ်မှာ ရှမ်းပြည်အမျိုးသားနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပတော့ ပထမဆုံးအကြိမ် ရောက်ဖြစ်တယ်။ စီစဉ်သူတွေရဲ့ နွေးထွေးပျူငှာမှုနဲ့ စနစ်တကျရှိမှုတွေကို အလေးအနက်ပြုမိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လာဖို့ ခွင့်တောင်းခဲ့တုန်းက ဗမာဖြစ်လို့ ဝင်လာဖို့ ခက်တယ်လို့ အငြင်းခံခဲ့ရဖူးတာနဲ့ အခုတခေါက် ဆက်ဆံရေး ကွာခြားနေတာကို သတိပြုမိပါတယ်။
ရှမ်းလက်နက်ကိုင်ခေါင်းဆောင်များဆီက အရင်တုန်းကလို တော်လှန်ရေးစကားတွေ မကြားရတော့ဘဲ ငြိမ်းချမ်းရေးစကားသံတွေ ပိုကြားလာခဲ့ရတယ်။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်အနေနဲ့ “အကြမ်းမဖက်လမ်းစဉ်ကို ကိုင်ဆွဲသွားမယ်၊ နိုင်ငံရေးအကြောင်းအရာတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးပြောဆိုသွားမယ်”လို့ တရားဝင် ထုတ်ပြန် ပြောဆိုပါတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမှာ နိုင်ပြီး တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ်ကိုလည်း ကြိုဆိုလိုက်ပါတယ်။ လတ်တလော ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်ကို အခိုင်အမာ ထောက်ခံပါတယ်။
မြန်မာ့ လွတ်လပ်ရေးသမိုင်းမှာ ပြည်ထောင်စုနေ့လို့ ဖြစ်လာစေမယ့် ပင်လုံစာချုပ် လက်မှတ်မထိုးခင် ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုဖွဲ့စည်းရေး ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမြို့မှာ စုစည်းခဲ့ကြတဲ့ ဖေဖော်ဝါရီ ၇ ရက်ရဲ့ ၆၉ နှစ်ပြည့်ပွဲဟာ ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ကောင်းချီးတေးသံများနဲ့ ပြီးဆုံးသွားသင့်ပါတယ်။ ဒါပေမယ့် မျက်နှာပျက် ဝမ်းနည်းစရာတွေက ဖြစ်လာနေခဲ့ပါတယ်။ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) သွားရောက် တပ်စွဲထားတဲ့ ကျောက်မဲမြို့နယ်ထဲမှာ TNLA တအာင်းပလောင် လက်နက်ကိုင်အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြန်ပြီဆိုတဲ့ သတင်းတွေ လွိုင်တိုင်းလျဲန်တောင်ထိပ်ပေါ် တက်လာခဲ့တယ်။
TNLA က သတင်းတွေ ထွက်နေသလို ရှမ်းရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာ မလုပ်ဘူး ပြောပေမယ့် RCSS/SSA က သူတို့နေရာကို ကျူးကျော်တယ်လို့ စွပ်စွဲပါတယ်။ အပြန်အလှန် တပ်တွေတိုးချနေပြီး တင်းမာမှု ရှိနေပါတယ်။ ဒါဟာ နိုဝင်ဘာမှာ RCSS/SSA နဲ့ တအာင်းပလောင်တပ်ဖွဲ့ကြား မန္တလေး – လားရှိုး လမ်းပေါ် နမ့်ဆန်၊ သီပေါ၊ ကျောက်မဲမြို့ တဝိုက်မှာ ဖြစ်ပွားလာနေတဲ့ ပဋိပက္ခ နောက်ဆက်တွဲပါ။ စစ်ရေးဝေဖန်သူတွေက နေပြည်တော်နဲ့ အပစ်ရပ်ရေး စာချုပ်မှာ လက်မှတ်ထိုးအပြီး RCSS/SSA ဟာ ရှမ်းပြည် မြောက်ပိုင်းထိ ဩဇာတိုးချဲ့နေတယ်လို့ ဆိုနေကြပါတယ်။
တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ RCSS/SSA လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေးထက် မြန်မာ့တပ်မတော်နဲ့ ၂ ဘက် အပြန်အလှန် နားလည်မှု ယူတဲ့ပုံပဲ လို့ စစ်ရေးအကြံပေးနဲ့ စစ်ရေးသုံးသပ်သူ အန်ထော်နီဒေးဗစ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဆိုပါတယ်။ ရှမ်းပြည်မြောက်ပိုင်းကို RCSS/SSA တပ်သားတွေ ရွှေ့ရာမှာ မြန်မာ့တပ်မတော်က အတားအဆီး မလုပ်တဲ့အပြင် တချို့ဆို စစ်ကားတွေနဲ့တောင် ပို့ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
“ဒီလို မဟာမိတ် ဖွဲ့တာ ၂ ဘက်လုံးအတွက် အဓိပ္ပါယ် ရှိတယ်” လို့ အန်ထော်နီဒေးဗစ်က ရေးပါတယ်။ RCSS/SSA အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ချိနဲ့သွားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီဦးစီးတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) နေရာမှာ အစားထိုးဝင်ရောက်လာနိုင်ပြီး တဘက်မှာ ၂၀၁၅ ကိုးကန့်တိုက်ပွဲ ပြန်စဖြစ်ကတည်းက မြန်မာ့တပ်မတော်အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းက ရှေ့တန်းစစ်မျက်နှာတွေ ကျယ်ပြန့်လာတာမို့ အပစ်ရပ်ရေး စာချုပ် မရေးထိုးရသေးတဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) ရဲ့ တပ်မဟာ ၄ နဲ့TNLA တို့ကို အပစ်ရပ် RCSS/SSA နဲ့ ပြန်လှည့် ထိန်းတဲ့ နည်းဗျူဟာလို့ သူက ဆိုတယ်။
မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်ကို RCSS/SSA ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ရွက်စစ်က လုံးလုံး ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် လွိုင်တိုင်းလျဲန်ပေါ်မှာ ရှမ်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတဦးရဲ့အဆိုအရ RCSS/SSA ဟာ တအာင်းပလောင်တပ်ဖွဲ့ကို ရန်လိုတဲ့ အဖွဲ့ငယ်လို့ မြင်နေပြီး ရှမ်းပြည်နယ်ထဲ ကချင်လက်နက်ကိုင် KIA တပ်မဟာ ၄ လာထိုင်နေတာကိုလည်း သဘောမကျဘူးလို့ ကြားရပါတယ်။ ဒါဟာ အဖွဲ့အစည်းရဲ့ တရားဝင် မူဝါဒ မဟုတ်ပေမယ့် မြန်မာပြည် အရှေ့ပိုင်း ရှမ်းပြည်နယ်ထဲမှာ မှီတင်းနေထိုင်နေတဲ့ လူမျိုးစုအုပ်စုခွဲများကြား အပြန်အလှန် မယုံကြည်ကြတာနဲ့ သူတို့ကြားမှာ သဟဇာတ ပျက်ပြားအောင် လုပ်လို့ လွယ်ကူတယ်ဆိုတာကို ရောင်ပြန်ဟပ်နေတာပါ။
KIA ကို ထိန်းချုပ်ဖို့ မြန်မာ့တပ်မတော်က ကချင်ပြည်နယ်မှာ ရှမ်းနီတိုင်းရင်းသားများ တပ်မတော် (Shan-Ni Nationalities Army – SNA) ဖွဲ့နေတယ်ဆိုတဲ့ သတင်းတွေလည်း သိနေရတယ်လို့ အန်ထိုနီဒေးဗစ်က ဆိုတယ်။ ဒါဟာ (A strategy of out-sourcing counter-insurgency) ပုန်ကန်မှုကို တန်ပြန်စစ်ဆင်ရာမှာ ပြင်ပအား သုံးစွဲရေး တပ်မတော်ရဲ့ ဗျူဟာအရ စင်ပြိုင်အဖွဲ့တည်ဆောက်ပေးတာလို့ သူက သုံးသပ်ပါတယ်။ သူက ၁၉၉၀ နှစ်များအတွင်း United Wa State Army – UWSA ဝ တပ်တွေနဲ့ အပစ်ရပ်ပြီး ရှမ်းပြည် တောင်ပိုင်းကို ရွှေ့ပြောင်းခွင့်ပေးရင်း ရှမ်းတပ်တွေနဲ့ တိုက်ခိုင်းတာရယ်၊ ကရင်ပြည်နယ်မှာလည်း Karen National Union – KNU ကို ဆန့်ကျင်ဖို့ Democratic Karen Buddhist Army – DKBA ကို ပျိုးထောင်ပေးခဲ့ဖူးတာရယ်ကို ထောက်ပြပြီး အခုလည်း ရှမ်းပြည်နယ်မှာ “ဒေသခံ တိုင်းရင်းသားတွေ တင်းမာမှုကို မီးထိုးပေးနေပြန်ပါပြီ”လို့ ဝေဖန်လိုက်ပါတယ်။
အမှန်တကယ်တော့ ရှမ်းပြည်နယ်မှာ နှစ် ၅၀ ကျော် ပြည်တွင်းစစ်ကြောင့် မငြိမ်းချမ်းခဲ့တာ၊ ဘိန်းနဲ့ မူးယစ်ဆေးဝါးကြောင့် လူညွန့်ကျိုးနေတာ ရပ်တန့်ချိန် ရောက်နေပါပြီ။ ယနေ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ်ချုပ်ပြီး အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ကြမယ်လို့ ပြောဆိုနေကြချိန်မှာ မြန်မာ့တပ်မတော်နဲ့ ဒေသခံတိုင်းရင်းသားတပ်တွေ အကြားမှာရော တိုင်းရင်းသားတပ်တွေ အချင်းချင်းကြားမှာပါ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေတာဟာ အဆီအငေါ် မတည့်လှပါဘူး။ လက်နက်ကိုင် အင်အားချဲ့ထွင်ရေးနဲ့ ပဋိပက္ခတွေကို ရပ်ဆိုင်းပြီး ဒေသခံလူထုရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေးတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အဖြေရှာကြစေလိုပါတယ်။
လွန်ခဲ့တဲ့ ၆၉ နှစ်က ရှမ်းပြည်နယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းခဲ့ကြတဲ့ ရှမ်းခေါင်းဆောင်တွေသာ ငြိမ်းချမ်းရေးစကားတွေ ပြောနေပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ တိုင်းရင်းသား လူမျိုးစု တပ်ဖွဲ့တွေ အချင်းချင်း တင်းမာနေတဲ့ ယနေ့ ရှမ်းပြည်နယ်ကို မြင်ရင် ဘယ်လိုများ ပြောကြမှာပါလိမ့်လို့ အတွေးပွားနေမိပါတယ်။