နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ အစိုးရက ဦးဆောင်ဖွဲ့စည်းမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လုပ်ပိုင်ခွင့်များစွာ ရှိနေသောကြောင့် လာဘ်ပေးလာဘ်ယူမှုနှင့် မလျော်ကန်မှုများ ဖြစ်ပွားနိုင်ခြေရှိသဖြင့် ပြင်ဆင်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အဆိုတင်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များ ပြန်လည်ပေးပို့လာသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဆွေးနွေးရန် ယခု လွှတ်တော် အစည်းအဝေးများတွင် ဆုံးဖြတ်ရာ NLD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် လုပ်ပိုင်ခွင့်များ အပေါ် ပြန်လည်ပြင်ဆင်နိုင်ရေး အဆိုပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဥပဒေတွေက ထင်သာမြင်သာရှိရမယ်။ ဥပဒေဆိုတာ မြန်ဆန်စရာ မလိုဘူး။ မှန်မှန်ကန်ကန်နဲ့ ပြည်သူနဲ့ နိုင်ငံအကျိုးပေါ်ထွန်းဖို့ အဓိက ဦးတည်ရမယ်လို့ ပြောထားတယ်။ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ကော်မရှင်က ဥပဒေထဲမှာ ဖော်ပြထားခြင်း မရှိတဲ့ လုပ်ပိုင်ခွင့်တွေကို တော်တော်လေးကို ပေးထားတာ တွေ့ရပါတယ်” ဟု NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးကြရန် NLD လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဖြိုးမင်းသိန်းနှင့် ဒေါ်စန္ဒာမင်းတို့ကို တာဝန် ပေးအပ်ထားကြောင်း သိရှိရသည်။
“အဓိက ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဦးဝင်းထိန်တို့က ဆွေးနွေးကြမှာပေါ့။ တာဝန်ပေးထားတာကတော့ လေးယောက်ကို တာဝန်ပေးထားတာ။ ဆွေးနွေးဖို့လည်း နာမည်စာရင်း သွင်းထားပြီးပါပြီ” ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ အခန်း ၇ တွင် ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စိစစ်ခြင်း၊ ခွင့်ပြုပေးခြင်းနှင့် တားမြစ်ခြင်းအပါအဝင် လုပ်ပိုင်ခွင့်နှင့်တာဝန်များစွာ ရရှိထားသည်။
NLD မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကလည်း ဥပဒေကြမ်းများကို ပြည်သူများထံ အရင်တင်ပြပြီးမှ လွှတ်တော်တွင်း ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိတွင် ဥပဒေကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးအတည်ပြုပြီးမှ ပြည်သူများသိခွင့်ရရှိနေခြင်းမှာ ထင်သာမြင်သာ နည်းပါးမှုကို ပြရာရောက်နေကြောင်း ပြောဆိုသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက များလွန်းတော့ သူနဲ့အဆင်ပြေတဲ့သူကို လုပ်ပိုင်ခွင့်ပေးမယ်။ အဆင်မပြေတဲ့ လုပ်ပိုင်ခွင့် မပေးတာတွေ ဖြစ်လာရင် လာဘ်ပေးလာဘ်ယူမှုတွေ ဆက်စပ်ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဥပဒေကြမ်းလုပ်ကတည်းက ထင်သာမြင်သာ ရှိရှိနဲ့ ပြည်သူကို ချပြ။ ပြည်သူတွေဆီက အသံကို ပြန်နားထောင်ပြီးတော့ ဥပဒေကြမ်းကို ဆုံးဖြတ်ဆွေးနွေးတာတွေလုပ်ရင် ပိုပြီးတော့ အကျိုးဖြစ်ထွန်းမယ်” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ပုံစံသုံးမျိုးဖြင့် လုပ်ပိုင်ခွင့်ပေးထားပြီး နိုင်ငံခြားသားက မတည် ရင်းနှီးငွေအပြည့်ဖြင့် လုပ်ကိုင်ခွင့်ပြုခြင်း၊ နိုင်ငံခြားသားနှင့် နိုင်ငံသား သို့မဟုတ် အစိုးရ၊ ဌာန၊ အဖွဲ့အစည်းတို့နှင့် ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီသော ပဋိညာဉ် စာချုပ်ပါစနစ်တခုခုဖြင့် ဆောင်ရွက်ခြင်းတို့ဖြင့် ခွင့်ပြုမည်ဟု ဖော်ပြထားသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်အမတ်များက အတည်ပြုခဲ့သော FDI ဥပဒေ မူကြမ်းထက် ပို၍ ရှင်းလင်းသော၊ ပြုလွယ်ပြင်လွယ်ဖြစ်သော မူကြမ်းတခုဖြစ်အောင် လွှတ်တော်ကို ဆောင်ရွက်စေလိုကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုပြီး မူကြမ်းကို လွှတ်တော်သို့ ပြန်ပို့ထားသည်။ သမ္မတအနေနှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ၅၀ အထက်အထိ တိုးမြှင့်ပေးစေလိုသည်ဟု သမ္မတရုံးအရာရှိများက ပြောဆိုသည်။ ပထမမူကြမ်းတွင် ၄၉ ရာခိုင်နှုန်းအဖြစ် ကန့်သတ်ထားသည်။
စီးပွားရေးလုပ်ငန်းအပေါ် မူတည်၍ နိုင်ငံခြားသား ပိုင်ဆိုင်မှု ရာခိုင်နှုန်းကို ပြုလွယ်ပြင်လွယ် ထားသင့်သည်ဟု သမ္မတက တောင်းဆိုနေသည်။ ယခု မူကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် ကန့်သတ်ထားသဖြင့် သမ္မတက ၎င်းကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းချက်လည်း တောင်းဆိုထားသည်။
နိုင်ငံခြား ရင်းနှီးမှုမြှုပ်နှံမှု ဥပဒေကြမ်းတွင် အခန်း ၁၇ ခန်းပါဝင်ပြီး ဥပဒေကြမ်းတွင် လွှတ်တော်နှင့် အစိုးရအကြား အငြင်းပွားဖွယ် အချက်များရှိနေခြင်းကြောင့် ယခုအချိန်အထိ ဥပဒေအဖြစ် အတည်ပြုရေး ကြန့်ကြာလျက်ရှိသည်။
မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မူလက်မူအသင်း ဥက္ကဌ ဦးဝင်းအောင်က ဥပဒေကို နိုင်ငံခြားသားများ လုပ်သာကိုင်သာရှိအောင် ဖန်တီးပေးထားရမည်ဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် Protectionism (အကာအကွယ်ပေးရေးမူဝါဒ) ကို မျှော်လင့်မနေဘဲ အများနှင့် ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ထားသင့်ကြောင်း ဦးဝင်းအောင်က ပြောသည်။
သို့ရာတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမူများကို လက်ခံလိုက်ပါက ပြည်တွင်းလုပ်ငန်းရှင်များအတွက် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းနှင့် ကျောင်းသူလေးများအသင်းတို့ကို ယှဉ်ပြိုင်ခိုင်းသည့်နှယ် ဖြစ်သွားမည်ဟု ပြောကြသူများ ရှိကြောင်း၊ ကျောင်းသူလေးများနှင့် တင်စားထားသည့် ပြည်တွင်းလုပ်ငန်းရှင်များကို ကာကွယ်ရန် လိုအပ်သော်လည်း အလွန်အကျွံ အကာအကွယ်ပေးပါကလည်း ကျောင်းသူလေးများသာ စီမံသည့် ဘောဂဗေဒ အခင်းအကျင်း ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း သမ္မတ၏ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က ပြောသည်။
“လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ပူနေတာက အပြင်ကလာမယ့် မန်ချက်စတာ ယူနိုက်တက်ကို ကြောက်တာ မဟုတ်ဘူး။ အတွင်းက ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကြောက်နေရတာ။ အခုအတိုင်း ဆက်သွားရင် ခရိုနီမောင်းနှင်တဲ့ တိုင်းပြည်စီးပွားရေး အလွယ်တကူ ဖြစ်သွားနိုင်ပါတယ်။ Crony driven economy ဖြစ်ပြီး ဝင်ငွေခွဲဝေမူကြီးက ပိုကြီးသွားမယ်ဆိုရင် မကောင်းပါဘူး” ဟု ဒေါက်တာ ဦးမြင့်က ပြောသည်။
လတ်တလော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမူမှာ စွမ်းအင်ကဏ္ဍ၊ သံယံဇာတ ထုတ်ယူသည့် ကဏ္ဍတွင်သာ များနေပြီး တခြားကဏ္ဍများတွင် နည်းနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမူဆောင် ဒေါက်တာ စိုးထွန်းက ပြောသည်။
“လက်ရှိအချိန်ထိ လယ်ယာကဏ္ဍက ဝ.၅ ရာခိုင်နှုန်းအောက် နည်းပါတယ်။ ဒီ ကဏ္ဍ ဝင်လုပ်ချင်တယ်လို့ ပြောတဲ့သူ တထောင် လောက်ရှိတယ်။ ပြောတိုင်းသာဝင်ရင် ပြည့်နေပြီ။ ဗီယက်နမ်နဲ့ MOU ထိုးထားတာ ရှိတယ်။ အဲလို လက်မှတ်ထိုးထားတာတွေတောင် မလာနိုင်တာ။ ကျန်တာတွေလဲ ဒီလိုပါပဲ” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
အငြိမ်းစား ဘောဂဗေဒပါမောက္ခ ဒေါက်တာ မောင်မောင်စိုးကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ရင်းနှီးမြှုပ်နှံမှုများ အမှန်တကယ် ဆွဲဆောင်မှုရှိရန် လိုအပ်ပြီး ကန့်သတ်ချက်များစွာ ရှိမနေသင့်ဟု ပြောဆိုသည်။
“ဥပဒေဆိုတာက ကန့်သတ်ချက်တွေ များလို့မရဘူး။ ဥပဒေဆိုတာက ခွင့်ပြုပေးချင်လို့၊ ရင်းနှှီးမြှုပ်နှံမှုတွေ ဝင်စေချင်လို့ ပြဋ္ဌာန်းထားတာပဲလေ။ မလုပ်စေချင်ဘူး၊ မလာစေချင်ဘူးဆိုရင် ဘာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ ထုတ်နေမလဲ။ ဘာမှ ထုတ်နေစရာကို မလိုဘူး” ဟု ဒေါက်တာ မောင်မောင်စိုးက ဆိုသည်။
ဧရာဝတီ သတင်းထောက် လဖိုင် ပူးတွဲ ရေးသားသည်။