နေပြည်တော်တွင် လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ “SOUTH EAST ASIA GAMES” ဖြစ်သည်။ ယခင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲတို့မှာ အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ “SOUTHEAST ASIA PENINSULA GAMES” သာ ဖြစ်သည်။ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ၁၉၅၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပရမည့် ၃ ကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံကျင်းပပေးခြင်း မရှိသဖြင့် ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၅၉ မှ ၁၉၇၅ အတွင်း ၈ ကြိမ်သာ ကျင်းပနိုင်ခဲ့ပါသည်။
မြန်မာ အိမ်ရှင်
ကျွန်းဆွယ်အားကစားပြိုင်ပွဲ ရှစ်ကြိမ်ကျင်းပခဲ့သည့်အနက် မြန်မာနိုင်ငံက ၁၉၆၁၊ ၁၉၆၉ ခုနှစ်တို့တွင် ၂ ကြိမ် ကျင်းပခဲ့သည်။ ဤသို့ ကျင်းပခဲ့ရာ၌ တိုက်ဆိုင်မှုတရပ်ကို တွေ့ရသည်။
၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၁၁ မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ဝန်ကြီးချုပ် ဦးနု၏ ပါလီမ ံဒီမိုကရေစီခေတ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်အဖြစ် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၆ မှ ၁၃ ရက်နေ့ အထိ ကျင်းပခဲ့သည့်အချိန်မှာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ဖြစ်သည်။
၆၁ ကျွန်းဆွယ်
မြန်မာနိုင်ငံ ရန်ကု်မြို့တွင် ပထမဆုံးကျင်းပခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသရှိ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မလေးရှား၊ တောင်ဗီယက်နမ်၊ စင်ကာပူနှင့် အိမ်ရှင် မြန်မာတို့ဖြင့် စုစုပေါင်း ၇ နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ၁၉၅၉ ခုနှစ်တွင် စတင်ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင်မူ အိမ်ရှင်ထိုင်းနိုင်ငံနှင့် နိုင်ငံရေးမပြေလည်သောကြောင့် ကမ္ဘောဒီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါ။
ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသည့် အားကစားနည်း ၁၃ မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေတို့ ပါဝင်ပြီး၊ ထိုင်းနိုင်ငံမှ အားကစားသမား ၁၇၄ ဦး၊ မလေးရှားမှ ၁၁၂ ဦး၊ စင်ကာပူမှ ၇၁ ဦး၊ တောင်ဗီယက်နမ်မှ ၅၅ ဦး၊ လာအိုမှ ၉၂ ဦး၊ ကမ္ဘောဒီးယားမှ ၁၃၉ ဦးနှင့် အိမ်ရှင်မြန်မာနိုင်ငံမှ ၁၇၇ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံ အားကစားအဖွဲ့က ရွှေတံဆိပ် ၃၅ ခု၊ ငွေတံဆိပ် ၂၄ ခု၊ ကြေးတံဆိပ် ၂၂ ခု၊ စုစုပေါင်း ဆုံတံဆိပ် ၈၁ ဆုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံက ဆုတံဆိပ်ဆွတ်ခူးခဲ့သည့် အားကစားနည်းများမှာ ပြေးခုန်ပစ် ရွှေ ၇ ခု၊ ငွေ ၁၂ ခု၊ ကြေး ၉ ခု၊ လက်ဝှေ့ ရွှေ ၇ ၊ ကြေး ၁၊ သေနပ်ပစ် ရွှေ ၁၊ ငွေ ၃၊ ရေကူး ရွှေ ၁၃၊ ငွေ ၇၊ ကြေး ၁၂၊ ဘော်လီဘော ရွှေ ၁ (ထိုစဉ်က အမျိုးသမီးပြိုင်ပွဲ မပါသေးပါ)၊ အလေးမ ရွှေ ၄ ၊ ငွေ ၂၊ ရွက်လှေ ရွှေ ၂ ဖြစ်သည်။
ရွှေတံဆိပ်မရဘဲ ငွေနှင့် ကြေးတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အားကစားနည်းများမှာ ကြက်တောင် ကြေး ၄၊ စက်ဘီး ကြေး ၁၊ ဘောလုံး ငွေ ၁၊ တင်းနစ် ကြေး ၄ တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံက အားကစားနည်း ၁၃ မျိုးစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆုတံဆိပ် လုံးဝမဆွတ်ခူးနိုင်သည့် အားကစားနည်းများမှာ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ် အားကစားနည်း ၂ မျိုးသာရှိသည်။
၆၁ ကျွန်းဆွယ်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုသာရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ပထမ မရသင့်ဘဲ ရရှိခဲ့သူများကြောင့် ပြိုင်ပွဲအပြီးတွင် ပြဿနာတက်ခဲ့သေးသည်။ ကြီးကြီးမားမား အရေးယူမှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလည်သွားခဲ့သည်။
၁၉၆၅
၁၉၆၃ ခုနှစ်တွင် ကျွန်းဆွယ်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိပါ။ ၁၉၆၅ ခုနှစ်ကျမှ တတိယအကြိမ်မြောက် ကျွန်းဆွယ်အားကစား ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံက အမျိုးသားအားကစားသမား ၆၃ ဦး၊ အမျိုးသမီးအားကစားသမား ၂၄ ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အားကစားနည်း ၁၄ မျိုး ထည့်သွင်းကျင်းပခဲ့ရာ ၉ မျိုးတွင် ပါဝင်ယှဉ် ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘောလုံး၊ ဂျူဒို၊ ရေကူးနှင့် ဘော်လီဘောတို့ ဖြစ်ကြသည်။ မြန်မာအားကစားသမားများက ပြေးခုန်ပစ်တွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခု၊ လက်ဝှေ့တွင် ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၂ ခု၊ ဘောလုံးတွင် ရွှေ ၁၊ ဂျူဒိုတွင် ကြေး ၂ ခု၊ သေနပ်ပစ်တွင် ရွှေ ၂ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခု၊ ရေကူးတွင် ရွှေ ၁ ခု၊ ငွေ ၄ ခု၊ ကြေး ၇ ခု၊အမျိုးသမီးဘော်လီဘောတွင် ရွှေ ၁ ခု၊ အလေးမတွင် ရွှေ ၅ ခု၊ ငွေ ၃ ခု ဖြင့် စုစုပေါင်း ရွှေ ၁၈ ခု၊ ငွေ ၁၄ ခု၊ ကြေး ၁၆ ခုသာ ဆွတ်ခူးနိုင်ခဲ့သည်။ သို့သော် ပထမဆုံး ပါဝင်ယှဉ်ပြိုင်သည့် အမျိုးသမီးဘော်လီဘောအသင်းက ရွှေဆု ရခဲ့သည်။
ဘောလုံး
ပထမ ကျွန်းဆွယ် (၁၉၅၉) တွင် လေးသင်း ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံသည် စတုတ္ထဆု၊ ဒုတိယ ကျွန်းဆွယ် (၁၉၆၁) တွင် မြန်မာနိုင်ငံသည် ဒုတိယရရခဲ့ပြီး၊ တတိယ အကြိမ် (၁၉၆၅) ကျမှ ထိုင်းအသင်းနှင့် ပူးတွဲ ပထမ ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာဘောလုံးအသင်းသည် ကွားတားဖိုင်နယ်ပွဲ၌ စင်ကာပူအသင်းကို ၁း၀ ဖြင့်နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် မလေးရှား အသင်းကို ၂း၀ ဂိုးမရှိဖြင့် နိုင်ပြီး ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ၂ ဂိုးစီ သရေကျပြီး ပူးတွဲဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။
ဘော်လီဘော
ဘော်လီဘော ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ အမျိုးသားအသင်းက ပဉ္စမအဆင့်သာ ရပြီး၊ အမျိုးသမီးအသင်းက ထိုင်းအသင်းနှင့် စင်ကာပူ အသင်းတို့ကို နိုင်ပြီး ရွှေတံဆိပ် ရရှိခဲ့ခြင်းဖြစ်သည်။ နိုင်ငံအလိုက်တွင်မူ ရွှေတံဆိပ် ၁၈ ခု၊ ငွေ ၁၄ ခု၊ ကြေး ၁၆ ခုဖြင့် နိုင်ငံအလိုက် စတုတ္ထနေရာတွင်သာ ရပ်တည်ခဲ့သည်။
၆၅ ကျွန်းဆွယ်
စတုတ္ထအကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲကို ၁၉၆၇ ခုနှစ် ဒီဇင်ဘာ ၉ မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံဘန်ကောက်တွင် ကျင်းပသည်။ မြန်မာနိုင်ငံက အားကစားနည်း ၁၄ မျိုးတွင်သာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံဆိပ် ၁၁ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာ တို့ရရှိခဲ့သည့် ရွှေ ၁၁ ဆုတွင် ပြေးခုန်ပစ် ၅ ဆု၊ အလေးမ ၄ ဆု၊ ဘောလုံး ၁ ဆုနှင့် ရေကူး ၁ ဆု တို့ ဖြစ်ကြသည်။ အားကစားနည်း ၁၄ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အားကစားနည်း ၁၀ မျိုးတွင် ရွှေတံဆိပ် မဆွတ်ခူးနိုင်ခြင်းပင်ဖြစ်သည်။ နိုင်ငံအလိုက်တွင်မူ အဆင့် ၄ သာရရှိ သည်။
မြန်မာအိမ်ရှင်
၁၉၆၉ ခုနှစ်တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲကို ဒီဇင်ဘာ ၆ မှ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြေးခုန်ပစ်၊ ပြိုင်စက်ဘီး၊ သေနတ်ပစ်၊ အလေးမ၊ ကြက်တောင်၊ ကျွမ်းဘား၊ စားပွဲတင်တင်းနစ်၊ ရွက်လှေ၊ ဘတ်စကက် ဘော၊ ဂျူဒို၊ တင်းနစ်၊ ဘောလုံး၊ လက်ဝှေ့၊ ရေကူး၊ ဘော်လီဘော စသည့် အားကစားနည်း ၁၅ မျိုး ထည့်သွင်း ကျင်းပခဲ့ သည်။
ကမ္ဘောဒီးယားနိုင်ငံ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသဖြင့် ၆ နိုင်ငံမှ အုပ်ချုပ်သူ၊ ဒိုင်၊ နည်းပြဆရာ ၂၄ ဦးက အားကစားသမား ၉၂၀ ဦး၊ စုစုပေါင်း ၁၁၆၈ ဦး ပါဝင်ဆင်နွှဲခဲ့သည်။
မြန်မာအားကစားသမားမျာက ပွဲစဉ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ် ၅၇ ဆု၊ ငွေတံဆိပ် ၄၆ ဆု၊ ကြေးတံဆိပ် ၄၃ ခု ဆွတ်ခူးနိုင်ခဲ့ပြီး၊ နိုင်ငံအလိုက်အဆင့်တွင် အဆင့် ၁ တွင် ရပ်တည်နိုင်ခဲ့သည်။
နိုင်ခဲ့သမျှ
၁၉၆၉ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာအားကစား မောင်မယ်များ ဆွတ်ခူးခဲ့ကြသည့် ဆုတံဆိပ်များမှာ ပြေးခုန်ပစ် ရွှေ ၂၀ ခု၊ ငွေ ၁၃ ခု၊ ကြေး ၉ ခု တို့ဖြစ်သည်။ လက်ဝှေ့ – ရွှေ ၇ ခု၊ ငွေ ၁ ခု၊ ကျွမ်းဘား – ရွှေ ၇ ခု၊ ငွေ ၆ ခု၊ ရေကူး – ရွှေ ၄ ခု၊ ငွေ ၁၀ ခု၊ ကြေး ၁၀၊ သေနပ်ပစ် – ရွှေ ၅ ခု၊ ငွေ ၉ ခု၊ ကြေး ၃ ခု၊ တင်းနစ် – ရွှေ ၁ ခု၊ ဘော်လီဘော – ရွှေ ၂ ခု၊ အလေးမ – ရွှေ ၆ ခု၊ ငွေ ၁ ခု၊ ရွက်လှေ – ရွှေ ၄ ခု၊ ဘောလုံး ရွှေ ၁ ခု တို့ဖြစ် ကြသည်။
ရွှေတံဆိပ်မရသော အားကစားနည်းများမှာ ကြက်တောင် – ငွေ ၁၊ ကြေး ၅၊ ဘတ်စကက်ဘော – အမျိုးသမိး ငွေ ၁၊ အမျိုးသား ကြေး ၁၊ ပြိုင်စက်ဘီး – ငွေ ၂ ၊ ကြေး ၄၊ ဂျူဒို – ငွေ ၂၊ စားပွဲတင်တင်းနစ် – ကြေး ၁ တို့ဖြစ်ပြီး၊ အားကစားနည်း ၁၀ မျိုးတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြီး၊ ၅ မျိုးသာ ရွှေတံဆိပ်မရရှိခဲ့ခြင်းပင် ဖြစ်သည်။
အရှုံးသံသရာ
ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ ကြိမ်သာ နိုင်ငံအလိုက် ရွှေတံဆိပ်ရရှိမှု အဆင့် ၁ တွင် ရပ်တည်နိုင်ခဲ့ပြီး၊ ကျန် ၆ ကြိမ်စလုံးတွင်မူ ဒုတိယ၊ တတိယနှင့် စတုတ္ထအဆင့်၌သာ ရပ်တည်ခဲ့သည်။ ဆဌမအကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပရာ မြန်မာအားကစားအဖွဲ့က ရွှေ ၂၀၊ ငွေ ၂၈၊ ကြေး ၁၃ ဆု၊ ၁၉၇၃ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်သည့် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအားကစားအဖွဲ့က ရွှေ ၂၈၊ ငွေ ၂၄၊ ကြေး ၁၅ ဆုသာ ရသည်။
နောက်ဆုံးပွဲ
၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်၌ ကျင်းပသည့် ကျွန်းဆွယ်ပွဲမှာ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲအဖြစ် နောက်ဆုံး ကျင်းပသည့် ပြိုင်ပွဲပင် ဖြစ်သည်။ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ နှုတ်ဆက်ထွက်ခွာသွားကြသဖြင့် မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့သာ ကျန်တော့သည်။ ကျွန်းဆွယ်နောက်ဆုံးပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က ရွှေ ၂၈၊ ငွေ ၃၆၊ ကြေး ၃၇ ဆု ရသည်။ နိုင်ငံအလိုက်အဆင့်တွင်မူ တတိယသာ ရသည်။ ထိုင်းက ပထမ၊ စင်ကာပူက ဒုတိယနှင့် မလေးရှားက စတုတ္ထရသည်။
ဆီးဂိမ်း
အရှေ့တောင်အာရှ အားကစားပွဲကို ၁၉၇၇ ခုနှစ်တွင် မလေးရှားနိုင်ငံက လက်ခံကျင်းသည်။ ထွက်သွားကြသော ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ နေရာတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းတို့ အစားထိုးပါဝင်လာကြကာ ပြိုင်ပွဲဝင် ၇ နိုင်ငံဖြင့် ၉ ကြိမ်မြောက် (သို့မဟုတ်) ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရွှေ ၂၁၊ ငွေ ၁၇၊ ကြေး ၂၁ ဆုရရှိဆွတ်ခူးနိုင်ခဲ့ပြီး၊ အဆင့် ၆ နေရာ ရသည်။ စင်ကာပူက အဆင့် ၇ နေရာ ရသည်။
အအောင်မြင်ဆုံး
အရှေ့တောင်အာရှအားကစားပြိုင်ပွဲခေတ်တွင် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးနှစ်မှာ ၁၉၇၉ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲဖြစ်သည်။ ရွှေ တံဆိပ် ၂၆၊ ငွေ ၂၅ နှင့် ကြေး တံဆိပ် ၂၄ ခုဖြင့် နိုင်ငံအလိုက် တတိယနေရာရခဲ့သည်။ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနှင့် ဘရူနိုင်းတို့၏ အထက်တွင် ဖြစ်သည်။ သို့သော် မြန်မာအားကစားလောက၏ အောင်မြင်မှုမှာ ဆီးဂိမ်းခေတ် ၁၉၇၉ ဂျကာတာပြိုင်ပွဲမှာ နောက်ဆုံးပင်ဖြစ်သည်။ ဂျကာတာပြီးသည့်နောက်တွင် မြန်မာအားကစားအဖွဲ့မှာ တကြိမ်မှ ရွှေတံဆိပ် ၂၀ ရရှိခြင်း မရှိခဲ့ေတော့ပါ။ အဆိုးရွားဆုံး ရှုံးနိမ့်မှုမှာ ၁၉၉၇ ခု ဘရူနိုင်းဆီးဂိမ်းမ်တွင် ရွှေတံဆိပ် ၃ ခုသာ ဆွတ်ခူးနိုင်တော့ ခြင်းပင်ဖြစ်သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ကျင်းပမည့် နေပြည်တော် ဆီးဂိမ်းမ်၌ မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆု ၁၀၀ ရမရ စောင့် ကြည့်ကြရတော့မည် ဖြစ်သည်။ တာဝန်ရှိသူများက ရွှေ ၁၀၀ ရရမည်ဟု ကြွေးကြော်ထားသောကြောင့် ဖြစ်သည်။