၂၀၁၂-၂၀၁၃ ဘောလုံးရာသီ တဝက်ကျိုးပြီးချိန်မှာ ဥရောပလိဂ်တလျှောက် ကစားနေတဲ့ တိုက်စစ်မှူးတချို့ဟာ ကိုယ်ကစားနေတဲ့ လိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြနေကြပြီး လက်ရှိဥရောပလိဂ်များမှာ ကစားနေတဲ့ အကောင်းဆုံး တိုက်စစ်မှူး ၇ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဥရောလိဂ် စာရင်းမှာ ပရီးမီးယားလိဂ်၊ စပိန် လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ ပြင်သစ်လိဂ် ၁ တို့က ထိပ်သီးစာရင်းအဖြစ် တန်းတူ သတ်မှတ်ခြင်း ခံထားရတာကြောင့် ထိပ်သီး ၅ ခုမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းနှုန်းကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
၁။ မက်ဆီ (ဘာစီလိုနာ)
ဂိုး – ၂၉
ဂိုးပေါက်ကန်သွင်းမှု – ၁၀၄
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ၁.၄၅
မက်ဆီရဲ့ ၂၀၁၂ -၂၀၁၃ ရာသီဟာ သူရဲ့ ကစားသမားဘ၀ သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ကာလလို့ဆိုရင် မှားမယ် မထင်ပါဘူး။ ဥရောပရဲ့ အဓိကမေဂျာလိဂ် (၅) ခုရှိတဲ့အထဲက နာမည်ကျော် စပိန် လိဂ်မှာ မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပွဲ ၂၀ ကစား ၊ ၂၉ ဂိုး သွင်းယူပေးထားပါတယ်။
မက်ဆီဟာ ပရီးမီးယားလဂ် တိုက်စစ်မှူးတွေထက် အသာရနေတာကတော့ ပွဲ ၂၀ သာ ကစားရသေးပြီး လက်ကျန် ၁၈ ပွဲရှိနေတဲ့ အချိန်မှာတောင် ၂၉ ဂိုး သွင်းထားတာကြောင့် ဥရောပလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကို မက်ဆီသာ သိမ်းပိုက်ဖို့ ရှိနေပါတယ်။
လတ်တလောအချိန်မှာ ဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၄ ကြိမ်ဆက်တိုက် ပူပူနွေးနွေးရထားတဲ့ မက်ဆီဟာ စပိန်မှာရော ဥရောပမှာပါ ဂိုးသွင်းအများ ဆုံးတိုက်စစ်မှူး ဖြစ်လိမ့်မယ်လို့ ဘောလုံးပရိသတ်ကြီးက ယုံကြည်နေကြပါတယ်။
၂။ ဇလက်တန် အီဗရာဟီမိုဗစ် (ပဲရစ် စိန့် ဂျာမိန်း)
ဂိုး – ၁၉
ဂိုးပေါက်ကန်သွင်းမှု – ၉၃
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ၁.၀၆
ဘယ်အသင်း ၊ ဘယ်လိဂ်ရောက်ရောက် ဂိုးမြူးနေတတ်တဲ့ အီဗရာဟီမိုဗစ်ဟာ ပြင်သစ်လိဂ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့တဲ့အချိန်ကစပြီး ပြင်သစ်လိဂ်ရဲ့ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသလို ဥရောပမှာလည်း မက်ဆီ ပြီးရင် ဒုတိယ ဂိုးသွင်းအများဆုံးနဲ့ရပ်တည်နေပါတယ်။
ဆောင်းရာသီကာလမှာ ပြင်သစ်လိဂ်ကို အနားပေးထားတာကြောင့် လက်ရှိအချိန် ၁၉ ပွဲသာ ကန်ရသေးသလို ဒီဂိုးသွင်းနှုန်းအတိုင်း ဆက်သွင်းနိုင်ပါက မက်ဆီကို မှီကောင်းမှီနိုင်ပါလိမ့်မယ်။
ဘာစီလိုနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျုဗင်တပ် စတဲ့ အသင်းကြီးတွေမှာ ကန်ပြီးဂိုးသွင်းစွမ်းရည် ပြဖူးတဲ့ အီဗရာဟီမိုဗစ်ဟာ ဥရောပထပ်သီးလိဂ် (၅) ခုစာရင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ပြင်သစ်လိဂ်မှာ ဂိုးတွေစိတ်ကြိုက်သွင်းဖို့ ရှိနေပါတယ်။
၃။ ရာဒါမယ် ဖယ်ကာအို (အက်သလက်တီကို မက်ဒရစ်)
ဂိုး – ၁၈
ဂိုးပေါက်ကန်သွင်းမှု – ၆၃
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ၁.၀၀
တပွဲကိုတဂိုးနှုန်းနဲ့စပိန်လိဂ်မှာ ခြေစွာနေတဲ့ ဖယ်ကာအိုဟာ ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု အခံရဆုံးနဲ့ အသင်းပြောင်းရန် အလားအလာအကောင်းဆုံး တိုက်စစ်မှုးအဖြစ် ရပ်တည်နေပါတယ်။ ကိုလမ်ဘီယာ နိုင်ငံသား ဖယ်ကာအိုဟာ လွန်ခဲ့တဲ့နှစ် စပိန်လိဂ်သို့ပြောင်းရွှေ့စဉ်ကတည်းက ခြေစွမ်းပြလျက်ရှိနေပြီး ၂၀၁၂ ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၁၁ ယောက် စာရင်းမှာပါ ပါဝင်လာပါတယ်။ ၁ ပွဲ ၁ ဂိုးနှုန်းနဲ့ခြေစွမ်းပြနေတဲ့ ဖယ်ကာအိုကို ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းက နွေရာသီမှာ ပေါင် သန်း ၄၀ အထက်နဲ့ ကမ်းလှမ်းဖို့ ကြိုးစားနေသလို ရီးရဲမက်ဒရစ်နဲ့ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
၄။ ခရစ်တီယာနို ရော်နယ်ဒို (ရီးရဲယ်မက်ဒရစ်)
ဂိုး – ၁၉
ဂိုးပေါက်ကန်သွင်းမှု – ၁၄၁
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ဝ.၉၅
၂၀၁၂ အတွက် ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီ၊ အင်နီယေစတာတို့နဲ့ပြိုင်ပြီး လွဲချော်ခဲ့ပေမယ့် ရော်နယ်ဒိုဟာ လက်ရှိအချိန်အထိ သူရဲ့အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတုန်းပါပဲ။ မက်ဆီထက်စာလျှင် ကွင်းလယ်နေရာကနေ တိုက်စစ်မှူးတွေအတွက် ဂိုးဖန်းတီးပေးတဲ့ နေရာမှာကစားတဲ့ ရော်နယ်ဒိုဟာ သူ့ရဲ့တကိုယ်တော် စွမ်းရည်ကြောင့် ဂိုးပေါက် ၁၄၁ ကြိမ် သွင်းယူထားပေမယ့် ၂၀၁၂ ကုန်ခါနီးမှာ ခြေစွမ်းအနည်းငယ် ကျဆင်းခဲ့တာကြောင့် ဂိုးသွင်းခွင့် တော်တော်များများကို ဖြုန်းတီးပစ်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါရဲ့ နောက်ဆုံး ၆ ပွဲ ၆ ဂိုး သွင်းယူထားပြီး သူရဲ့ နဂိုဂိုးသွင်းခြေကို ပြန်လည်ရရှိနေတာကြောင့် မက်ဆီရဲ့ ဂိုးသွင်းအားကို လိုက်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
၅။ ရော်ဘင် ဗန်ပါစီ (မန်ချက်စတာ ယူနိုက်တက်)
ဂိုး – ၁၈
ဂိုးပေါက်ကန်သွင်းမှု – ၈၄
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ဝ.၇၈
ဟော်လန် တိုက်စစ်မှူး ဗန်ပါစီဟာ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ တိုက်စစ်ကို အသက်သွင်းနေတဲ့သူဆိုရင် မှားမယ်မထင်ပါဘူး။ အာဆင်နယ် အသင်းကနေ မန်ယူအသင်းသို့ပြောင်းရွှေ့ချိန်ကစပြီး ဆက်လက်ခြေစွမ်းပြနေဆဲ ဗန်ပါစီဟာ အချိန်တိုအတွင်း မန်ယူပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာပါတယ်။ ပရီးမီးယားလိဂ်မှာ ၂၃ ပွဲကစား၊ ၁၈ ဂိုး သွင်းယူထားတာကြောင့် စပိန်လိဂ်မှ မက်ဆီတို့နဲ့နှိုင်းယှဉ်ပါက ဥရောပဂိုးသွင်း အများဆုံးဆုရဖို့မလွယ်တော့ပေမယ့် ယမန်နှစ်ကရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆုကို ၂ ကြိမ်ဆက်တိုက်ရဖို့ လမ်းကြောင်းပေါ်မှာ ပြေးနေပါတယ်။ အကယ်၍ သာဗန်ပါစီသာ ဒီဆုကိုထပ်ရခဲ့ပါက သီယာရီအွန်နီရီရဲ့ ၂၀၀၅ နဲ့၂၀၀၆ တုန်းက ၂ ကြိမ်ဆက် ရရှိခဲ့တဲ့ စံချိန်ကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။
၆။ အဲဒစ်ဆင် ကာဗာနီ (နာပိုလီ)
ဂိုး – ၁၇
ဂိုးပေါက်ကန်သွင်းမှု – ၇၇
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ဝ.၉၄
ဂိုးသွင်းရခက်ပြီး ခံစစ်ကိုအထူးပြုကစားတဲ့ အီတလီစီးရီးအေမှာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးဖြစ်ဖို့မလွယ်ပါဘူး။ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ဥရောပအသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုတွေကို ခံရပေမယ့် နာပိုလီအသင်းအပေါ်မှာ သစ္စာရှိစွာဖြင့် အကောင်းဆုံး ကစားပေးနေတာ ၃ နှစ်ခန့်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်လည်း ကာဗာနီဟာ ၁၈ ပွဲကစား ၊ ၁၇ ဂိုး သွင်းယူထားပြီး အကောင်းဆုံးခြေစွမ်းနဲ့ အသင်းအတွက် ပေးဆပ်နေသလို ဒုတိယ ရာသီဝက်မှာလည်း ဒီဂိုးသွင်းနှုန်း အတိုင်း ဆက်သွင်းနိုင်ပါက အီတလီစီရီးအေရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဆုကိုရဖို့နီးစပ်နေပါတယ်။ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီဟာ ကာဗာနီရဲ့ အီတလီမှာ နောက်ဆုံးကစားတဲ့ ရာသီဖြစ်ဖွယ်ရှိနေပြီး လာမယ့် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖို့ရှိနေပါတယ်။
၇။ လူးဝစ် ဆွာရက်စ် (လစ်ဗာပူး)
ဂိုး – ၁၆
ဂိုးပေါက်ကန်သွင်းမှု – ၁၂၉
ပျှမ်းမျှ ဂိုးသွင်းနှုန်း – ဝ.၇၃
၂၀၁၂-၂၀၁၃ ရာသီဟာ ဆွာရက်စ်အတွက် ပရီးမီးယားလိဂ်မှာ ဂိုးမြူးနေတဲ့ကာလလို့ဆိုရလောက်အောင် အသင်းရဲ့ လူငယ်ကစားသမားတွေကို ဦးဆောင်ပြီး တိုက်စစ်ကို တာဝန်ယူခဲ့ကာ လတ်တလော အချိန်မှာ ၁၆ ဂိုးသွင်းထားနိုင်ပါတယ်။ ပြဿနာတွေ၊ ဝေဖန်မှုတွေကြားက ခြေစွမ်းပြနေတဲ့ ဆွာရက်စ်ဟာ အခုချိန်မှာသူနဲ့တွဲကစားဖို့ ချယ်ဆီးအသင်းကနေ ခေါ်ယူလိုက်တဲ့ စတားရစ်နဲ့အတူ စတင်ခြေစွမ်းပြနေပြီး ဘောလုံး ဝေဖန်ရေးသမားတွေက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာနိုင်တယ်ဆိုပြီး မှတ်ချက်ပေးထားပါတယ်။ ဥရောပဂိုးသွင်း အများဆုံးဆုကိုရဖို့မလွယ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ၁၆ ဂိုး သွင်းထားပြီး ဗန်ပါစီရဲ့ နောက်မှာ ကပ်လိုက်နေတာကြောင့် ဗန်ပါစီနဲ့ဆွာရက်စ် ဘယ်သူဂိုးသွင်းအများဆုံးဆု ရမလဲဆိုတာ စိတ်ဝင်စားစရာပါ။