ရန်ကုန်မြို့တော်ရဲ့ အချက်အချာကျ မြို့တော်ခန်းမကြီးရှေ့မှာ မေလ ၂၂ ရက်နေ့ညနေက ရဲကားတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေ အသင့်အနေအထားရှိနေကြပြီး သူတို့ရဲ့သွင်ပြင်လက္ခဏာတွေက အရေးအခင်းကြီးတခုကို နှိမ်နင်းတော့မည့်အလား။
ရဲတွေအနီးမှာတော့ ကျောပိုးအိတ်ကိုယ်စီလွယ်လို့ ကင်မရာတွေ ကိုင်ဆောင်ထားကြတဲ့ သတင်းထောက်တွေ မြောက်မြားစွာ ရှိနေကြတယ်။ ညနေ ခြောက်နာရီ၊ ရုံးဆင်းချိန် လူအသွားအလာတွေ ရှုပ်ထွေးနေပြီး အိမ်ပြန်ဖို့ သွားလာလှုပ်ရှားနေကြတဲ့ ခရီးသွားပြည်သူတွေက ရဲတွေနဲ့ သတင်းထောက်တွေကို ကြည့်ပြီး အံ့သြငေးမောနေကြတယ်။
တချို့ပြည်သူတွေက သတင်းထောက်တွေနဲ့ ရဲတွေရဲ့ မလှမ်းမကမ်းမှာရပ်လို့ စူးစမ်းနေကြတယ်။ ဒီနေ့ ညနေ ၇ နာရီ ရန်ကုန်မြို့ မြို့တော်ခန်းမအနီးမှာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ပြုလုပ်ဖို့ ရှိတယ်လို့ Facebook လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ရှိနေတာကြောင့် ရဲတွေ၊ သတင်းထောက်တွေက အသင့်အနေအထား လာရောက်စောင့်ဆိုင်းနေကြတာပါ။
ညနေ ၆ နာရီ ၄၀ မိနစ်ရှိလာပြီ ဖြစ်ပေမယ့် ပတ်ဝန်းကျင်တခုလုံးက လင်းလင်းထင်းထင်း ရှိနေသေးတယ်။ ပုံမှန်ဆိုရင် မီးမလင်းတဲ့ လမ်းဓာတ်မီးတိုင်တွေက ဒီကနေ့မှ ထူးထူးခြားခြား မီးတွေထိန်ထိန်ညီး ထွန်းလင်းနေတယ်။ လမ်းတွေပေါ်မှာတော့ ရဲကားတချို့ လှည့်ပတ်သွားလာလှုပ်ရှားနေတယ်။
ည ၇ နာရီ၊ မှောင်ရီသန်းလာချိန်မှာတော့ မြို့တော်ခန်းမအနီး လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှာ အဝါရောင် မီးလျှံလေးတွေ မြောက်မြားစွာ ပေါ်ထွက်လာတယ်။ ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်နော်အုန်းလှအပါအဝင် လူသုံးဆယ်ကျော်က မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်လေးတွေ ကိုယ်စီကိုင်လို့ တန်းစီလမ်းလျှောက်လာကြတယ်။
ဖယောင်းတိုင်လေးတွေ ကိုင်ဆောင်လမ်းလျှောက်လာတဲ့ ဆန္ဒပြသူတွေ သတင်းထောက် မြောက်မြားစွာက ဝိုင်းအုံ ဓာတ်ပုံရိုက်ကူးကြပြီး တဖျတ်ဖျတ်လင်းနေတဲ့ ကင်မရာအလင်းရောင်တွေကြောင့် လူတွေပိုဝိုင်းအုံ လာကြတယ်။
မြို့တော်ခန်းမဘေးကနေ မဟာဗန္ဓုလလမ်းမဘေး၊ လမ်း ၃၀ ထိပ်ရောက်တယ်ဆိုရင်ပဲ ဆန္ဒပြသူတွေရှေ့က ဒုတိယ ရဲမှူးကြီးတဦးနဲ့ လုံထိန်းရဲတွေပိတ်ရပ်လိုက်တယ်။
“ဖယောင်းတိုင်တွေ မှုတ်လိုက်ပါ။ ဖယောင်းတွေထွန်းပြီး လမ်းမလျှောက်ပါနဲ့” လို့ ရဲအရာရှိက ဖျောင်းဖျတဲ့ လေသံနဲ့ စတင်ပြောတော့ ဆန္ဒပြပွဲဦးဆောင်သူ ဒေါ်နော်အုန်းလှက “ကျမတို့ကို အတင်းမလုပ်နဲ့။ ကျမတို့ရဲ့ ဆန္ဒကို ကျမတို့ ထုတ်ဖော်တာ။ ဒီမိုကရေစီနိုင်ငံမှာ ကိုယ့်ဆန္ဒကိုယ် ထုတ်ဖော်ခွင့်ရှိရမယ်” လို့ ပြန်ပြောတယ်။
ရဲအရာရှိတွေကတော့ မတင်းမမာ အနေအထားမျိုးနဲ့ ဆန္ဒပြသူတွေကို ဆက်ဆံပြီး လမ်းဆက်မလျှောက်ဖို့ တားမြစ်တယ်။
ဆန္ဒပြသူတွေက လမ်းလျှောက်ခွင့် မရရင်လည်း ဆူးလေစေတီပေါ်မှာ မီးပူဇော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နောက်ကြောင်းပြန်လှည့် ဆူးလေဘုရားရင်ပြင်တော်ဆီ ဦးတည်လှမ်းလျှောက်သွားကြတယ်။ ရဲတွေကတော့ ဆန္ဒပြသူတွေနဲ့ ထပ်ကြပ်မကွာ လိုက်ပါနေပြီး ဆူးလေစေတီပေါ်ဆီကို တက်နိုင်ဖို့ လမ်းရှင်းပေးတယ်။
လူတွေ ရာပေါင်းများစွာကတော့ ဆူးလေစေတီပေါ်နဲ့ စေတီပတ်ပတ်လည်လည် ကားလမ်းမတွေပေါ်မှာ စုပြုံနေကြပြီ။
“ဒီည ပုံမှန် မဟုတ်ဘဲ မီးတွေထိန်လင်းနေတာ ဆန္ဒပြကြလို့ထင်တယ်။ ဒီပုံစံအတိုင်း မီးရဖို့ဆိုရင်တော့ နေ့တိုင်းဆန္ဒပြရမလိုပဲ” လို့ အသက် ၃၀ ကျော်အရွယ် ရန်ကုန်မြို့ခံတဦးက မှတ်ချက်ပြုတယ်။ သူ့အိတ်ကပ်ထဲမှာတော့ မီးထွန်းညှိမထားတဲ့ အတော်ကြီးမားတဲ့ ဖယောင်းတိုင်ကြီးတခု ရှိနေတယ်။
ည ၇ နာရီ ၃၅ မိနစ်မှာတော့ ဆန္ဒပြကြသူတွေ သူတို့ကိုင်ဆောင်ထားတဲ့ ဖယောင်းတိုင်တွေကို ဘုရားမှာ မီးပူဇော်ပြီး ဝတ်ပြုဆုတောင်းလူစုခွဲလိုက်ကြတယ်။
ဆူးလေစေတီ ပတ်ဝန်းကျင်တခုလုံးမှာ လူစုမကွဲသေးဘဲ လူတွေ ပိုတောင် များပြားလာပါတယ်။
ည ၈ နာရီကျော်မှာ မြို့တော်ခန်းမနဲ့ မျက်နှာချင်းဆိုင် ဆူးလေစေတီမုခ်ဦးရှေ့မှာ အဝါရောင် မီးလျှံလေးတွေ ထွက်ပေါ်လာပြန်တယ်။ ဒီတခါ ဖယောင်းထွန်းညှိဆန္ဒပြတာကတော့ သာမန်အရပ်သား ပြည်သူတဦး၊ တိတိကျကျဆိုရင်တော့ အိမ်ရှင်မတဦးဖြစ်ပြီး သူ့ရဲ့ညာဘက်လက်က အဝါရောင် တောက်နေတဲ့ မီးလျှံလေးကိုင်၊ ဘယ်ဘယ်လက်မှာတော့ ကလေးငယ်တဦးကို ပွေ့ချီထားတယ်။
အသက် ၅၀ ကျော်အရွယ် မျက်မှန်တပ်ဆင်ထားတဲ့ လူကြီးပိုင်း အမျိုးသားတဦးကလည်း လက်ထဲမှာ ဖယောင်းငယ်လေးကိုင်ပြီး သူ့တို့အနေနဲ့ မီးရဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အကြောင်း ထုတ်ဖော်ပြောဆိုနေ ကြတယ်။
ည ၈ နာရီ ၁၀ မိနစ်မှာတော့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းရုတ်တရက်ပေါ်ထွက်လာပြီး မြို့တော်ခန်းမနဲ့ ရန်ကုန်မြို့လယ်ခေါင်တခွင်မှာ လက်ခုပ်သံတွေ မြည်ဟည်းသွားတယ်။ လက်ခုပ်သံတွေနဲ့အတူ အဝါရောင်မီးလျှံပေါင်း မြောက်မြားစွာ ထွက်ပေါ်လာတယ်။
အဝါရောင်မီးလျှံလေးတွေ တောက်ပနေတဲ့ ဖယောင်းတိုင်တွေ ကိုင်ဆောင်ထားကြတဲ့သူတွေ မြောက်မြားစွာ ရှိနေပြီး ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေ၊ အမယ်အို၊ အဘိုးအိုတွေ၊ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ၊ လူထုလူတန်းလွှာ အလွှာပေါင်းစုံက ဖယောင်းတိုင်ငယ်လေးတွေ ကိုင်ဆောင်ထားကြတယ်။
“ပြောတော့ ဂတ်စ်တွေ၊ ဓာတ်ငွေ့တွေ အများကြီးထွက်တယ်ဆို၊ ကျနော်တို့ကို မီးလေးတောင် မှန်မှန်မပေးနိုင်ဘူးလား။ အဲဒါတွေကို တရုတ်ကို ရောင်းတယ်၊ ထိုင်းကိုရောင်းတယ်။ ကျနော်တို့ မြန်မာပြည်သူတွေကတော့ အမှောင်ထဲမှာ တသက်လုံးနေသွားရမလား” လို့ ဆိုလိုက်သူက အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး။
အဲဒီအမျိုးသားက သူက ကျူရှင်ဆရာတဦးဖြစ်ကြောင်း ပြောဆိုပြီး လျှပ်စစ်မီးမရတဲ့အတွက် ကလေးတွေ စာသင်၊ စာကျက် အရမ်းအခက်အခဲ ဖြစ်ရတယ်လို့ ဆိုပါတယ်။
ည ၈ နာရီ ၂၀ မိနစ်မှာ လက်ခုပ်သံတွေနဲ့အတူ “ မီးလာရမယ်” ဆိုတဲ့ ဟစ်ကြွေးသံတွေ လူအုပ်ကြီး ကြားထဲက ထွက်ပေါ်လာတယ်။
“နေပြည်တော်လို မီးလင်းရမယ်” … “ရန်ကုန်မြို့မှာ မီးလာရမယ်” … “၂၄ နာရီ မီးလင်းရမယ်” … “မြန်မာပြည်မှာ မီးရရမယ်” ဆိုတဲ့ အသံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတယ်။
ဒီကြွေးကြော်သံတွေက ကြိုတင်ပြင်ဆင်ခဲ့တဲ့ အသံတွေမဟုတ်ဘဲ လူတွေရဲ့ ရင်တွင်းကနေ ခံစားချက်တူစွာ ထွက်ပေါ်လာတယ်ဆိုတာ အားလုံးက နားလည်ကြတယ်။
ည ၈ နာရီခွဲမှာတော့ ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း လူငယ်အချို့က ကြညာလိုက်ချိန်မှာတော့ လက်ခုပ်သံတွေ သောသောညံ ထွက်ပေါ်လာတယ်။
ဆူးလေစေတီအနီးမှာ စုဝေးနေကြတဲ့ လူစုကြီးက တဖြည်းဖြည်း လူစုခွဲသွားကြပြီ။
ရန်ကုန်မြို့တခွင် လမ်းမကြီးတွေ၊ ရပ်ကွက်တွေမှာ တော့ ပုံမှန်မဟုတ်ဘဲ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတယ်။