ဆောင်းပါး

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၃)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ခြင်း

ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အဲဒီ စစ်တပ်ကို လက်နက်ကိုင် တော်လှန်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တောခိုလာတဲ့ ကျနော်တို့ဟာ တနင်္သာရီမြစ်ဘေး တောကြီးမျက်မည်းထဲက ဒီစခန်းမှာ ဆယ်နှစ် ဆယ်မိုးနေထိုင်ခဲ့ပါတယ်။ ကျောင်းသားဘဝက ၄ နှစ်လောက် တက်ခဲ့ဖူးတဲ့ တက္ကသိုလ်တွေကိုတောင် ဘဝတလျှောက်လုံး တမ်းတမ်းတတ ဖြစ်နေသူတွေရှိရင် ဆယ်နှစ် ဆယ်မိုး ကျဉ်းထဲကြပ်ထဲ၊ မိုးထဲ ရေထဲ၊ တိုက်ပွဲတွေကြားထဲ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ နေခဲ့ဖူးတဲ့ တောတွင်းက ဘဝတက္ကသိုလ်ကို ကျနော်တို့ ဘယ်လောက်အထိ တမ်းတမ်းတတ ဖြစ်နေမလဲဆိုတာ မှန်းဆလို့ရနိုင်မယ် ထင်ပါတယ်။

အဲဒီလို တမ်းတနေရမယ့် စခန်းကနေ တခဏတာ ခွာစစ်ဆင်မယ်၊ အခြေနေပေးရင် နဝတတပ်တွေ ဆုတ်ပြီးတဲ့နောက် ဒီဒေသဆီ ငါတို့တပ်တွေ ပြန်လာမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ခွာလိုက်တာပါ။ ဒါပေမယ့် အခု ၁၅ နှစ်ကြာတဲ့အထိ အဲဒီဒေသဆီ လုံး၀ မပြန်နိုင်တော့ပါဘူး။ ကျနော် ရောက်ဖူးခဲ့တဲ့ ဗဟိုဖက်က စခန်းတွေအားလုံးနီးပါးဟာ မင်းသမီးစခန်းလောက် ဆယ်နှစ် ဆယ်မိုး နေရာမရွေ့ဘဲ တနေရာတည်းမှာနေတဲ့ ကျောင်းသားစခန်း မရှိခဲ့ဖူးပါဘူး။ ဘုရားသုံးဆူနဲ့ သေဘောဘိုးအပါဝင် နာမည်ကြီး ကျောင်းသားစခန်းတွေဟာ ၁၉၉၀ ဝန်းကျင်ကတည်းက နဝတရဲ့ ထိုးစစ်ကြောင့် နေရာရွေ့ပြောင်း ခဲ့ကြရပါတယ်။ တခါ ဒေါင်းခွင်ဌာနချုပ်၊ သေလောထာဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ် တကြောက ကျောင်းသားစခန်းတွေဟာလည်း ၁၉၉၄ နှောင်းပိုင်း မာနယ်ပုလော ဌာနချုပ်ကျပြီးနောက် တပြုံလုံး နေရာ ပြောင်းခဲ့ကြရပါတယ်။ သူများစခန်းတွေ အဲဒီလိုပြောင်းနေချိန်မှာ ကျနောတို့ မင်းသမီးစခန်းက အိန္ဒြေမပျက်၊ အမှုမဲ့အမှတ်မဲ့၊ ကိုယ်နဲ့မဆိုင်သလို နေလို့ထိုင်လို့ကောင်းတုန်း။

တောထဲမှာတုန်းက ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ KNU ခေါင်းဆောင်ပိုင်းရဲ့ အပြောတိုင်းဆိုရင် ၁၉၇၀ ဝန်းကျင် မင်းသမီးဒေသမှာ သူတို့စခန်းဆောက်ကတည်းက မြန်မာအစိုးရ အဆက်ဆက် တပ်တွေ တခါမှ ထိုးစစ်မဆင်ဖူးဘူးလို့ သိရပါတယ်။ ၁၉၈၀ ဝန်းကျင်က လေယဉ်နဲ့တခါ ဗုံးလာကြဲခဲ့ဖူးပေမယ့် ကြက်ဘဲ တဒါဇင်လောက် သေတာကလွဲပြီး ဘာမှ ထိခိုက်ပျက်စီးမှု မရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။ ဗဟိုဘက်က စခန်းတွေလို ရန်သူထိုးစစ် ခဏခဏ ခံရဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့်လည်း အခုလို ခဏတာ ခွာစစ်ဟာ တသက်တာ ဖြစ်သွားတာလားလို့လဲ ကျနော် စဉ်းစားနေမိပါတယ်။ ဆိုလိုတာကတော့ ဗဟိုဖက်မှာဆိုရင် ဒီနေရာကို နဝတက သိမ်းလိုက်ရင် အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ နောက်တနေရာကို ကျနော်တို့ တပ်တွေက ပြန်သိမ်းပြီး စခန်းသစ်အဖြစ် အခြေပြန်စိုက်နိုင်ခဲ့ပါတယ်။ အဲဒီနေရာကို ထပ်သိမ်းရင် နောက်တနေရာမှာ ထပ်အခြေစိုက်နိုင်ခဲ့ပြန်ပါတယ်။ အဲဒီလို အတွေ့အကြုံတွေပေါ် အခြေခံပြီး ကျနော်တို့ မင်းသမီးစခန်းကနေ ခွာစစ်ဆင်တာဟာ ခဏတာလို့ ထင်ခဲ့မိတာပါ။ ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးကို တွက်ဆတဲ့ နေရာမှာ တက္ကသိုလ်စာသင်ခန်းမှာလို ဂဏန်းပေါင်းစက် သက်သက်နဲ့တွက်လို့ ဘယ်အဖြေမှန်ထွက်ပါ့မလဲ။ ၁ နဲ့ ၁ ပေါင်းတိုင်း ၂ ဖြစ်မယ်လို့ ပုံသေနည်းအတိုင်း တွက်ဆထားလို့ ဘယ်ရမလဲ။

မင်းသမီးစခန်းကနေ ကျနော်တို့ ခွာစစ်ဆင်ဖို့ ပြင်ရတဲ့အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ အစောပိုင်း နီဒိုနီထော အခမ်းအနား ကျင်းပနေချိန်ပေါ့။ နေ့ကြီးရက်ကြီးလို့ အဓိပ္ပာယ်ရတဲ့ ဒီအခမ်းအနားကို ၄ နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ပထမအကြိမ်ပွဲကို ကျနော်တို့ တောခိုကာစ ၁၉၈၉ အစောပိုင်းမှာ ကျင်းပပေမယ့် ဗဟိုဒေသဆီ ကျနော်ရောက်နေလို့ မကြုံလိုက်ရပါဘူး။ ၁၉၉၃ ဖေဖော်ဝါရီမှာတော့ ABSDF သုံးခြမ်းကွဲနေပြီး ကျနော်တို့ ၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ အင်အားအကောင်းဆုံးအချိန် ဖြစ်တာမို့ အဲဒီပွဲမှာ “တာဇန်” ဆိုတဲ့ စားသောက်ဆိုင်တခုကိုဖွင့်ပြီး တပ်ရင်းရံပုံငွေ ရှာခဲ့တာကို အမှတ်ရနေပါတယ်။ အခု ၁၉၉၇ မှာလည်း အလားတူ ”တာဇန်” ကိုပဲ ဆက်ဖွင့်ပြီး ကျနော်တို့ရဲဘော်တွေ ရံပုံငွေရှာနေပါတယ်။

လေးနှစ်တကြိမ် ကျင်းပတာနဲ့အညီ ရပ်နီးရပ်ဝေးက ကရင်အမျိုးသားတွေ ထောင် သောင်းချီပြီး အတော့်ကို အစုံအလင် လာရောက်စုရုံးကြတဲ့ ဒီဒေသအတွင်း အစည်ကားဆုံး ပွဲတော်တခုဖြစ်ပါတယ်။ ဘယ်လောက်အထိ လူစုံသလဲဆိုရင် ကျနော်တို့ ထားဝယ်က နာမည်ကြီး ဘောလုံးသမားတွေ၊ ဘောလီဘောသမားတွေတောင် ဒီပွဲကိုလာနွှဲကြပါတယ်။ ထားဝယ်ကောလိပ်ဝန်းကျင်မှာ ကျနော်တို့တွေ့ဖူးနေတဲ့ ဒီနာမည်ကြီး အားကစားသမာတွေ KNU နယ်မြေဆီ ဒီလိုလာနေ သွားနေကြမှန်း ထားဝယ်မှာတုန်းက ကျနော်လုံးဝမသိခဲ့ပါ။ ဘောလုံးပွဲ၊ ဘောလီဘောပွဲအပြင် လက်ဝှေ့ပွဲ၊ ခေါင်းအုန်းရိုက်ပွဲတွေလည်း ခြိမ့်ခြိမ့်သဲပါပဲ။ အားကစားပွဲနဲ့ နိုင်ငံရေးပွဲကျင်းပရာ ယာယီဘောလုံးကွင်း ပတ်လည်မှာတော့ တာဇန်အပါဝင် စားသောက်ဆိုင်မျိုးစုံပေါ့။

ကစားစရာ၊ စားစရာတွေထက် ပိုအရေးကြီးတာကတော့ ကရင့်တော်လှန်ရေးသမိုင်းနဲ့ ကရင့်မျိုးချစ်စိတ်ဓာတ်အကြောင်း ဟောပြောတဲ့ နိုင်ငံရေးစင်မြင့်ပါ။ ဒါပေမယ့် ကျနော်မှတ်မိသလောက်ဆိုရင် ၁၉၈၉ နဲ့ ၁၉၉၃ အခမ်းအနားတွေမှာ ကျနော်တို့ကျောင်းသားတွေ ဘောလုံးကန်တာ၊ ပြဇတ်ကတာ၊ ဆိုင်ရောင်းတဲ့နေရာတွေမှာပဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးအခမ်းအနားဆီ တက်ရောက်ခွင့်ရတယ်လို့ ကျနော် မကြားမိပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား ကျနော်တို့ဆီက စစ်ကြောင်းတခုလည်း အခမ်းမနားဆီ ချီတက်ပေးပါ၊ မိန့်ခွန်းလည်း ပြောပေးပါလို့ KNU ဖက်က ကမ်းလှမ်းလာပါတယ်။ ဆယ်နှစ်ဆယ်မိုး ကြာသွားပြီဖြစ်လို့ KNU နဲ့ ABSDF အကြား ပိုမိုနားလည် နီးစပ်လာတဲ့သဘောလို့လည်း ပြောနိုင်မယ်ထင်ပါတယ်။ နောက်တခါ NLD-LA, PDF နဲ့ တခြား မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ဒီနှစ် အခမ်းအနားဆီ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

ဒီအတွက် ABSDF အမှတ် ၁ တပ်ရင်း စစ်ကြောင်းဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ကျနော်တို့စခန်းရှိရာ အမရာရွာဝန်းကျင်ကနေ နီဒိုနီထော အခမ်းအနားကျင်းပရာ ထီးထာရွာအလွန် ဆေးရုံအနီးက ကွင်းပြင်ကြီးထဲအထိ ဖုန်ထူထူ သစ်မှောင်ခို ကားလမ်းအတိုင်း ချီတက်လာကြပါတယ်။

လမ်း ၃ သွယ် ခွာစစ် စီမံကိန်းနဲ့ အရံစခန်း

အဲဒီကာလ ABSDF တောင်ပိုင်းစစ်ဒေသ မင်းသမီးစခန်း ဖွဲ့စည်းပုံကိုပြောရမယ်ဆိုရင် ဗဟိုဦးဆောင် ကော်မတီဝင်တဦးဖြစ်သူ ကိုဌေးအောင် (အခု စစ်ရေးအကဲခတ်အဖြစ် လူသိများနေသူ) က တောင်ပိုင်းစစ်ဒေသရဲ့ တာဝန်ခံဖြစ်ပြီး ကိုမင်းအောင်၊ ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့က အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျနော်တို့ အောက်မှာတော့ အမှတ် ၁ တပ်ရင်းရှိပြီး တပ်ရင်းမှူးက ကိုချစ်ကိုကို၊ ဒုရင်းမှူးက ဆရာအောင်မြင့်၊ ထောက်လှမ်းရေးမှူးက ကိုဇော်သန်း၊ တပ်ရေးဗိုလ်ကြီးက ကိုဝင်းအောင်၊ ရင်းအရာခံက ကိုလှရွေတို့ဖြစ်ပြီး တိုက်ခိုက်ရေးအင်အား ၁၅၀ လောက်ရှိဦးမယ်လို့ ထင်ပါတယ်။

ဒီအချိန်ဟာ ဗဟို ၂ ခု ပြန်လည်ပေါင်းစည်းထားပြီး ဖြစ်ပေမယ့် အရင် ကိုမိုးသီးဇွန်တို့ဘက်က ကိုဆလိုင်းယောအောင် (အခုချိန်အထိ ဗဟိုကော်မီတီဝင်အဖြစ် တာဝန်ထမ်းနေဆဲ) ဦးစီးတဲ့ တပ်ရင်း ၂၀၂ ဟာ အရင်မူလနေရာ ကျနော်တို့စခန်း အရှေ့ဖက် တကီလိုခန့်အကွာမှာ ဆက်လက် အခြေစိုက်ထားဆဲဖြစ်ပါတယ်။ အခုလို စစ်ပူကာလမှာတော့ တပ်ရင်း ၂ ခုစလုံး အနီးကပ် ပူးပေါင်းဆောင်ရွက်ကြပြီး နီဒိုနီထောပွဲမှာ မိန့်ခွန်းတက်ပြောဖို့ တပ်ရင်းမှူး ဆလိုင်းယောအောင်ကို စစ်ဒေသကော်မတီဝင်တွေက ရွေးချယ်လိုက်ပါတယ်။ ပြန်ကြားရေးဌာနမှ ကျနော်နဲ့ ကိုမင်းဇော်ရွေကတော့ ကင်မရာ တကားကားနဲ့ပေါ့။ ဒီအချိန်မှာ KNU နဲ့ ကျနော်တို့ကြား အတော် နားလည်မှုရနေတဲ့အပြင် ကျနော့်ကိုလည်း DVB သတင်းထောက်မှန်း အတော်များများက သိနေပြီဖြစ်တဲ့အတွက် ကင်မရာကိုင်လို့ လူပျောက်စာရင်း ဝင်သွားတဲ့ခေတ်တော့ ကုန်သွားပြီလို့ ယူဆရပါတယ်။

ကင်မရာနဲ့ပတ်သက်ပြီး နောက်ထပ် တိုက်ဆိုင်မှုတခုကို ပြောရမယ်ဆိုရင် အဲဒီလို အခမ်းအနား ကျင်းပနေချိန်မှာ Asia Week နဲ့ ပြင်သစ်ရေဒီယိုက သတင်းထောက်နှစ်ဦး ကျနောတို့ စခန်းဆီရောက် လာပါတယ်။ နောက်တခါ ကျနော် အမည်မမှတ်မိတော့တဲ့ TV ချယ်နယ်တခုက ကင်မရာမင်းနဲ့ သတင်းထောက် ၂ ဦးလည်း ထပ်ရောက်လာပြန်ပါတယ်။ Asia Week မဂ္ဂဇင်းက ပုဂ္ဂိုလ်က စခန်းမှာတွေ့ရတဲ့ပုံတွေကို ရိုက်ရရုံနဲ့ကျေနပ်ပေမယ့် TV အဖွဲ့ကတော့ ကျနော်တို့တပ်တွေနဲ့အတူ ရှေ့တန်းအထိ လိုက်ချင်တယ်။ နဝတထိုးစစ်အပေါ် ကျနော်တို့တပ်တွေ ဘယ်လို ခုခံသလဲဆိုတာကို မှတ်တမ်းတင်ချင်တယ်ဆိုပြီး နောက်တန်းကပုံကို လုံးဝမရိုက်ပါ။ စစ်ပူနေတဲ့ အခြေနေအရ အရင်ကလိုမျိုး နိုင်ငံခြားသတင်းထောက်တွေကို ရှေ့တန်းခေါ်သွားဖို့ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း ရှင်းပြပေမယ့် ဒီပုဂ္ဂိုလ်တွေက လက်မခံ။ ဘော့စနီးယားစစ်ပွဲ၊ ကမ္ဘောဒီယားစစ်ပွဲ အပါအဝင် စစ်မြေပြင်မှာ သူတို့အတွေ့အကြုံ ရှိဖူးပြီးဖြစ်တဲ့အတွက် သူတို့အတွက် ဘာမှပူစရာမလိုဘူးလို့ အတန်တန်ပြောနေတာကို ကျနော်အမှတ်ရနေပါတယ်။ တခါ အဲဒီလို စစ်ပူနေတဲ့အချိန်အထိ အင်္ဂလန်မှ စေတနာ့ဝန်ထမ်း ကျောင်းသားတဦးဖြစ်သူ ဂျိမ်းမော်စလီ (James Mawdsley) လည်း ကျနောတို့နဲ့အတူ ရှိနေဆဲဖြစ်ပါတယ်။

နဝတဖက်က ထိုးစစ်ဆင်လာပြီဆိုတာကို သတင်းစရတာနဲ့ ဒီစခန်းကနေ ဘယ်လိုခွာစစ်ဆင်မလဲဆိုတာကို ကျနော်တို့ အကြိတ်အနယ် ဆွေးနွေးကြသလို KNU နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဖွဲ့စည်းပုံကတော့ ခရိုင်ဥက္ကဌအဖြစ် ပဒိုကွယ်ထူးဝင်း၊ ဒုဥက္ကဌအဖြစ် တပ် မဟာ ၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒို ကော်သောင်းဖြစ်ပါတယ်။ စစ်ဆင်ရေးကိစ္စအတွက် ကျနော်တို့နဲ့ အဓိက ဆွေးနွေးရသူတွေကတော့ တပ်မဟာမှူး ဗိုလ်မှူးချုပ် အော်လီဗာ၊ ဗျုဟာမှူး ဗိုလ်မှူးကြီး ဘယ်လယ်၊ ထောက်လှမ်းရေးမှူး ဗိုလ်မှူး နယ်ဒါး၊ KNLA ရင်း ၁၀၊ ၁၁ နဲ့ KNDO ရင်း ၇ မှ စစ်ဖက်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ နဝတရဲ့ ထိုးစစ် မတိုင်ခင်လေးမှာ KNU နဲ့ ABSDF ခေါင်းဆောင်တွေ ခရိုင်ရုံးမှာ အကြိတ်အနယ် ဆွေးနွေးခဲ့တယ်လို့ သိရပေမယ့် ကျနော် ထိုင်းထဲခရီးထွက်နေလို့ အဲဒီအစည်းဝေးဆီ မတက်လိုက်ရပါဘူး။

စခန်းရောက်မှ တဆင့်ပြန်ကြားရတဲ့ သတင်းတွေအရဆိုရင် နဝတက မင်းသမီးဒေသဆီ ဒီနှစ်နွေရာသီ (ပွင့်လင်းရာသီ) မှာ သေချာပေါက် ထိုးစစ်ဆင်လာနိုင်တာကြောင့် ခုခံစစ်အတွက် စနစ်တကျ ပြင်ထားဖို့လိုကြောင်း ABSDF တာဝန်ရှိသူတွေဖက်က တင်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ KNU ဖက်က သိပ်စိတ်ဝင်စားမှု မပြတဲ့အတွက် နောက်ထပ် ဆွေးနွေးပွဲတွေ မလုပ်ဖြစ်တော့ဘဲ ကိုယ်အစီစဉ်နဲ့ကိုယ် ခုခံစစ်ဆင်ဖို့နဲ့ ခွာစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ရတယ်လို့ ABSDF တာဝန်ရှိသူတွေက ပြောပါတယ်။ စခန်းမှာ ကျင်းပတဲ့ ခွာစစ်ကိစ္စ ဆွေးနွေးပွဲကိုတော့ ကျနော်လည်း တက်ခွင့်ရပြီး အကြမ်းအားဖြင့် လမ်းကြောင်း သုံးသွယ်နဲ့ ခွာစစ်ဆင်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ အမှတ်ရနေပါတယ်။

ဒီအစီစဉ်အရ တောင်ပိုင်း ဗလဖခေါင်းဆောင် ကိုဌေးအောင်နဲ့အဖွဲ့က စခန်းမှာ နောက်ဆုံးအချိန်အထိ ချန်နေမှာဖြစ်ပြီး မဆုတ်မဖြစ် အခြေနေကိုရောက်လာမှ မင်းသမီးစခန်းကနေ အောက်ဖက်ကို တဖြည်းဖြည်း ဆုတ်လာဖို့ ဖြစ်ပါတယ်။ နောက်စစ်ကြောင်းတခုကိုတော့ တပ်ရင်းမှူး ကိုချစ်ကိုကိုနဲ့ တပ်ခွဲမှူး ကိုလှဦးတို့က ဦးဆောင်ပြီး ပြည်ခြား-ပုလောဒေသရှိ ရှေ့တန်းတပ်တွေကို ကွပ်ကဲဖို့နဲ့ ပင်လယ်ပြင်ထဲရှိ တပ်တွေနဲ့ ဆက်စပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တတိယ စစ်ကြောင်းကိုတော့ ထောက်လှမ်းရေးမှူး ကိုဇော်သန်းက ဦးဆောင်ပြီး မင်းသမီးစခန်းကျသွားရင် နောက်ထပ် ယာယီစခန်းတခု အမြန်ဆုံး အခြေစိုက်နိုင်ရေးအတွက် မင်းသမီးစခန်း အောက်ဖက်ဆီဆင်းပြီး တနသာၤရီမြစ်နဲ့ ထိုင်းနယ်စပ်ကြားက သင့်တော်တဲ့နေရာတခုကို ရှာဖွေထားဖို့ ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်း ၃ သွယ်အပြင် တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ အင်အားအများဆုံးဖြစ်လာတဲ့ စစ်ကြောင်းလို့ နောက်ပြောင်ပြောဆိုလေ့ရှိတဲ့ အိမ်ထာင်သည်လိုင်းက ကလေး ခလောက်တွေ၊ အမျိုးသမီးတွေ၊ မသန်မစွမ်းတွေအတွက်လည်း နေရာရွှေ့ပြောင်းဖို့ ပြင်ဆင်ရပါတယ်။ ဒီလူတွေကိုတော့ KNU မိသားစုတွေ၊ ထီးထားက ရွာသူရွာသားတွေနဲ့အတူ ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ဖွယ်ရှိတဲ့ ဒုက္ခသည်စခန်းထဲ ထည့်လိုက်ဖို့ အကြမ်းဖျင်း စိတ်ကူးထားကြပါတယ်။

အဲဒီကာလ နဝတရဲ့ စစ်အင်္ဂါစဉ်ကို ပြောရမယ်ဆိုရင်တော့ အရင် စစ်တိုင်းဌာနချုပ် ၁၀ ခု ရှိနေရာကနေ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်နဲ့ တြိဂံတိုင်း စစ်ဌာနချုပ်အသစ်တွေကို ဖွင့်လှစ်ကာစဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် သီဟသူရ သူရစစ်မောင်က ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်ပြီး စစ်သွေးကြွနေချိန်၊ နဝတအဖွဲ့ထဲမှာ သြဇာကြီးနေချိန်ဖြစ်ပါတယ်။ တပ်ရင်း ၁၀ ရင်းကျော်ပါတဲ့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်အသစ်နဲ့အတူ နောက်ထပ် ၁၀ ရင်းစီပါတဲ့ စကခခေါ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အသစ်တွေကို တနသာၤရီတိုင်းအတွင်း စုဖွဲ့နေပြီး တပ်ရင်းပေါင်း ၄၀ နီးပါးအထိ စစ်အင်အားတိုးချဲ့ နေချိန်လည်းဖြစ်ပါတယ်။

ကမ်းရိုးတန်းတိုင်းတပ်တွေ မင်းသမီးစခန်းဆီ ထိုးစစ်စတင်ချိန်ကတော့ ရှေ့မှာတင်ပြခဲ့တဲ့ အတိုင်း နီဒိုနီထော အခမ်းအနား ကျင်းပနေချိန်ဖြစ်ပြီး မေတ္တာ၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင် (အရင်က ရဲဘော် သုံးကျိပ် စစ်ချီလမ်းကြောင်းဖြစ်ပြီး အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က ရွာတွေဖြစ်ပါတယ်) ကနေ တနင်္သာရီမြစ်အတိုင်း ချီတက်လာတာ ဖြစ်ပါတယ်။ ဒီထိုးစစ်ကို အဓိက ခုခံသူကတော့ တပ်မဟာ ၄ က တပ်တွေ မဟုတ်ဘဲ ဗဟိုကနေ ရောက်လာတဲ့ ဗိုလ်မှူးကြီး ရောဘတ်ဇံ (ဥက္ကဌကြီး မန်းဘဇံရဲ့ သားကြီး) ရဲ့ တပ်ဖြစ်ပါတယ်။ အဲဒီတပ်ရဲ့ ဆက်သွယ်ရေးအရာရှိက ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ကျောင်းသားတွေနဲ့ ဆက်ဆံရေးအကောင်းဆုံး ကရင်ဗိုလ် အဆိုတော် စောလယ်ဝါး ဖြစ်ပါတယ်။ သူတို့တပ်တွေနဲ့အတူ ကျနော်တို့ ABSDF တပ်တွေလည်း ပူးတွဲဝင်တိုက်ဖို့ ဖိတ်ခေါ်တဲ့အတွက် တပ်ရင်းမှူး ကိုဆလိုင်းယောအောင်နဲ့ တပ်ခွဲမှူး ကိုစိုးမင်းအောင်တို့ ဦးစီးတဲ့ တပ်ခွဲတခွဲ ဆင်ဖြူတိုင်ခံစစ်စခန်းဆီ ကျနောတို့ပို့လိုက်ပါတယ်။ ဆင်ဖြူတိုင်အတွက် စစ်ကူပို့တဲ့အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ဖြစ်တယ်လို့ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading