လတ်တလော ဖြစ်ပွားခဲ့သော မိတီ္ထလာ အဓိကရုဏ်း အပါအဝင် အများပြည်သူ လုံခြုံရေးနှင့် ကာကွယ်ရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ညံ့ဖျင်းကြောင်း လူအများက ဝေဖန်နေကြချိန်တွင် လူမျိုးဘာသာကွဲ အများဆုံး နေထိုင်လျက်ရှိသည့် စီးပွားရေး အချက်အခြာ ရန်ကုန်မြို့၏ လုံခြုံရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
ဧပြီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်(၁)မှ ဦးကျော်မှ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ရဲတပ်ဖွဲ့ဝင် အင်အားများ တိုးချဲ့ပေးရန်နှင့် ထိုက်သင့်သော ချီးမြှင့်ထောက်ပ့ံ့မှုပေးမှုများအကြောင်း မေးမြန်းရာ မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် ရဲဝန်ထမ်း လေးသောင်းကျော် လိုအပ်နေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဗိုလ်မှုးကြီးတင်ဝင်းက တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ရဲအင်အားက နိုင်ငံရဲ့လူဦးရေ အနေအထားနဲ့တွက်ရင် ဘယ်လိုမှ လုံခြုံရေးပိုင်းကို ပြည့်ပြည့်၀၀ တာဝန်မယူနိုင်ဘူး။ ဒီအပေါ်မှာ ဘယ်လိုတွေ ဖြည့်ဆည်းမလဲဆိုတာကို စဉ်းစားရတော့မယ်။ နောက်တချက်ကတော့ ရဲတပ်ဖွဲ့တွေရဲ့စွမ်းရည် မြင့်တင်နိုင်ဖို့လည်း လိုလာပြီ။ နိုင်ငံကာကွယ်ဖို့ သူတို့မှာ စွမ်းဆောင်ရည်ပြည့်ဖို့ လိုလာပါပြီ”ဟု ဦးကျော်က ဧရာဝတီသို့ ပြောသည်။
လက်ရှိပြည်တဲရေးဝန်ကြီးဌာနမှ စာရင်းဇယားများအရ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအတွက် ရဲစခန်းအဆင့်များ ကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့် နှင့် (ဃ)အဆင့်ဟူ၍ခွဲခြားထားကြောင်း၊ (က)အဆင့်တွင် အရာရှိ ၁၀ဦး၊ အခြားအဆင့် ၅၉ဦး ပေါင်း ၆၉ဦး ဖြင့်၎င်း၊ (ခ)အဆင့်တွင် အရာရှိ ၉ ဦး၊ အခြားအဆင့် ၅၁ ဦး ပေါင်း ၆၀ ဦးဖြင့် ၎င်း၊ (ဂ)အဆင့်တွင် အရာရှိ ၆ ဦး အခြားအဆင့် ၄၀ ဦး ပေါင်း ၄၆ ဦးဖြင့်၎င်း၊ (ဃ)အဆင့်တွင် အရာရှိ ၄ ဦး၊ အခြားအဆင့် ၃၂ ဦး ပေါင်း ၃၆ ဦးဖြင့်၎င်း ဖွဲ့စည်းကာ လုံခြုံရေးအတွက် တာဝန်ယူလျက် ရှိကြောင်း သိရသည်။
ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ၊ ပြည်သူလူထု၏ နစ်နာမှုများ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွှတ်မှုမရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ လုံခြုံရေးကို ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေးအတွက်လည်း ရဲအင်အား ၃၀၀၀ ကျော်ခန့်မှ တာဝန်ယူဆောင်ရွက်ပေးရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“ရဲသားတစ်ဦးကို လူ ၁၅၀၀ လောက်ကို ထိန်းနေရတာမျိုးရှိပေမယ့် ဒီနေရာ လုံခြုံရေးအတွက်တော့ လက်ရှိအခြေအနေနဲ့ ပြည်သူ တွေအတွက် အပြည့်အ၀ ကာကွယ်ပေးနေပါတယ်။ နေ့ညမပြတ် ကင်းလှည့်တာဝန်ယူပြီး လုံခြုံရေးပိုင်းကို တာဝန်ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာရှိတဲ့ ၄၄မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အားမရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
သို့ရာတွင် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် လူအင်အားသာမက ခေတ်မီအထောက်အကူပစ္စည်းနှင့် နည်းပညာလည်း မရှိ ဖြစ်နေရကြောင်း လတ်တလော အရေးအခင်းများကို ကိုင်တွယ်မှုက ဖော်ပြနေကြောင်း ဝေဖန်သူများက ဆိုသည်။
“ Hot Line ဖုန်းတွေပေးထားတယ်သာ ပြောတာပါ။ သူတို့ပေးထားတဲ့ ၁၉၉ က ဘယ်တော့မှ ဆက်မရဘူး။ နောက် အခုလက်ရှိ ပဋိပက္ခတွေဖြစ်တယ် တကယ်ဖြစ်လာရင် တပ်က ထိန်းရတာချည်းဘဲ။ ရဲမနိုင်ဘူး။ အသုံးမကျဘူး ပြောတာ မဟုတ်ဘူး။ အထက်က လူတွေကိုပဲ ဒေါသထွက်တာ။ တကယ်အောက်က ရဲတွေမှာ သနားဖို့ ကောင်းတယ်။ ပဋိပက္ခ တကယ်ဖြစ်ပြီဆို ရဲမှာ လက်နက်၊ လူအင်အား၊ တတ်ကျွမ်းမှု ဘာမှ မရှိဘူး။ ရဲဆိုတာကလည်း အားကိုး လေးစားရတဲ့ အခြေအနေ၊ လူအင်အား ရှိမှရမယ်။ ဒီမှာ ပြဿနာ ဒီလောက် ကြီးထွားတာ ရဲအင်အားက ထဲထဲဝင်ဝင် မအုပ်စီးနိုင်လို့နဲ့ လုံခြုံရေး အပြည့်အ၀ မပေးနိုင်လို့လည်း ပါတယ်”ဟု လူ ၄၃ ဦး သေဆုံးပြီး လူပေါင်း တသောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည့် မိတ္ထီလာမြို့မှ ကိုသက်ငြိမ်းက ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် စစ်တပ် စစ်စစ်ဖြစ်ဖို့ ပြောဆိုနေကြရာက အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ပရော်ဖက်ရှင်နယ် ဆန်လာအောင် လုပ်ပေးဖို့ လိုလာပြီဆိုပြီး ကျယ်ကျယ်လောင်လောင် စတင် ပြောဆိုလာကြသည်။ သို့ရာတွင် တပ်ဖွဲ့ဝင် ၈ သောင်းကျော်ရှိသည့် ပြည်သူ့ရဲတပ်ဖွဲ့မှာ အဖွဲ့ဝင်သစ်ရရှိရေး သိက္ခာသာမက လစာရိက္ခာကလည်း စွဲဆောင်နိုင်ခြင်း မရှိပေ။
“တပ်သား စုဆောင်းရေး လုပ်တာကတော့ လတိုင်း ရှိတယ်။ လုပ်ချင်သူ နည်းတယ်။ တက်လမ်းမရှိ၊ လူမုန်းတဲ့ အလုပ်ဖြစ်နေတော့ ဘယ်သူမှ မလုပ်ချင်ဘူး။ နောက်ပြီး အရာရှိနေရာတွေမှာက တပ်ကလူတွေဘဲ ရတာပိုများတော့ တကယ့်ကိုအောက်က ရဲတွေမှာက ဘာအခွင့်အရေး မှမရဘူး။ ဒါတွေကို မြင်နေတွေ့နေတော့ ဘယ်သူကလုပ်ချင်မလဲ။ အပြင်ကမပြောနဲ့ ရဲတပ်သားရဲ့သားသမီး တောင် ရဲလုပ်ဖို့ မိဘက မတိုက် တွန်းဘူး။ ကလေးတွေကလည်း မိဘအခြေအနေမြင်တော့ ဘယ်သူမှမလုပ်ချင်ဘူး”ဟု အမည်မဖော်လိုသူ ရန်ကင်းမြို့နယ်ရှိ ရဲတပ်ကြပ် တဦးက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှုးကြီးတင်ဝင်း၏အဆို ပြည်တဲရေးဝန်ကြီးဌာနမှ ရဲတပ်သားစုဆောင်းရေးအဖွဲ့များ ဖွဲ့စည်းကာ ရှာဖွေစုဆောင်းလျက်ရှိကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက်လာသူတိုင်းကို ရဲတပ်သားသစ် သင်တန်းကျောင်းများဖြစ်သည့် ရမည်းသင်း၊ တောင်လေးလုံး အစရှိသော ရဲလေ့ကျင့် ရေးကျောင်းများသို့ စေလွှတ်ကာ သင်တန်းပေးလျက် ရှိကြောင်း၊ ၎င်းတို့တွင်ယခုနှစ်ဘဏ္ဍာနှစ်မှစတင်ကာ သင် ထောက်ကူဆိုင်ရာများကို ထပ်မံအဆင့်မြင့်သွားရန် စီစဉ်နေကြောင်း၊ တနိုင်ငံလုံး လုံခြုံရေးအင်အားကို ပြည့်မှီစွာ ပေးနိုင်ရေးအတွက် တပ်မတော်ဘက်မှ အရည်အချင်းပြည့်မှီသူများကို ဒုရဲအုပ်အဆင့် ပေးကာ ရဲတပ်ဖွဲ့ အင်အားပြည့်မှီရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လုံခြုံရေးဆိုင်ရာ ပညာရှင်များကမူ အင်ဒိုနီးရှား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် စစ်တပ်၏ အခန်းကဏ္ဍနှင့် ရဲတပ်တို့၏ အခန်းကဏ္ဍများ ခွဲခြားကန့်သတ်ပြဋ္ဌာန်းခဲ့မှုကို မြန်မာနိုင်ငံအနေဖြင့် အတုယူသင့်ကြောင်း ထောက်ပြကြသည်။ မြန်မာ့ရဲတပ်ဖွဲ့အကြောင်း သုတေသနစာတမ်းပြုစုရေးသားခဲ့သူ ဩစတြေးလျနိုင်ငံသား အကြီးတန်းသုတေသီ အင်ဒရူးဆက်က ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးသည် နေပြည်တော်အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များ၏ ဆန္ဒပြင်းပြမှု ရှိ မရှိ ပေါ်တွင် မူတည်နေသည်ဟု သုံးသပ်သည်။
လက်ပံတောင်းတွင် ပြင်းထန်စွာ နှိမ်နင်းအရေးယူခဲ့မှုအပေါ် ဒီဇင်ဘာလအတွင်း မုံရွာတွင် ရဲတပ်ဖွဲ့က တောင်းပန်ပွဲပြုလုပ်အပြီး အင်ဒရူးဆက်က “လတ်တလော အဖြစ်အပျက်များသည် ပြုပြင်ပြောင်းလဲရေး အလုပ်ဖြစ်နေသည်ထက် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း အစိုးရက သတိပြုမိကြောင်းနှင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို ပိုမိုတုံ့ပြန်ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ပြသပုံ ပေါ်သည်”ဟု ရေးသားခဲ့သည်။